အရှေ့တောင်အာရှမှ အနုပညာရှင်များက ကမ္ဘာပေါ်မှာ ရွှေ့ပြောင်း အခြေချမှုများ၊ အမျိုးသားရေး စရိုက်လက္ခဏာဆိုင်ရာ အယူအဆများနှင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြဿနာများကို ဖော်ညွှန်သည့် အနုပညာလက်ရာများကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်မြို့တွင် ပြသထားပါတယ်။
“Diaspora: Exit, Exile, Exodus of Southeast Asia” ခေါ် အခြေအနေ အမျိုးမျိုး၊ အကြောင်းအရာ အထွေထွေကြောင့် နယ်မြေတခုမှ ထွက်ခွာသွားခြင်း၊ အနှင်ခံရခြင်း၊ အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာခြင်း စသဖြင့် “ပြန့်ကျဲထွက်ခွာသွားသူများ” အမည်ရှိ ခေတ်ပြိုင်အနုပညာ ပြပွဲကို ချင်းမိုင်ရှိ MAIIAM Contemporary Art Museum တွင် မတ်လ ၄ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ အများပြည်သူများ အတွက် ဖွင့်လှစ်ပြသထားမည် ဖြစ်သည်။
အဆိုပါ ပြပွဲတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂျပန် နှင့် သြစတြေးလျ တို့မှ အနုပညာရှင်များ၏ ပန်းချီကားများ၊ စက္ကူ ဖြတ် ညှပ် ကပ် ပုံဖော်ခြင်း၊ အမြင်အာရုံဖြင့် ကြည့်ရှု့ခံစားနိုင်သည့် အနုပညာလက်ရာများ နှင့် မီဒီဒီယံစုံ ပေါင်းစပ်ဖန်တီး ထားသည့် installation အနုပညာလက်ရာများ ပါဝင်သည်။
ပြပွဲ ဖွင့်ပွဲပြုလုပ်သည့် မတ်လ ၃ ရက်နေ့တွင် အနုပညာရှင်များက ၎င်းတို့၏ အတွေ့အကြုံများနှင့် အယူအဆများကို အဖွဲ့လိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို ပြခန်းတာဝန်ခံ LorendanaPazzini-Paracciani က ဦးဆောင်သည်။ သူမသည် စာရေးဆရာတဦး ဖြစ်သလို အရှေ့တောင်အာရှ ခေတ်ပြိုင် အနုပညာဆိုင်ရာ ကထိက တဦးလည်း ဖြစ်သည်။
မှတ်တမ်းမဝင် ပဋိပက္ခအတွင်း အခြေအနေများ
ပြပွဲတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ မြေးတော်စပ်သူ ပန်းချီဆရာ စဝမ်ဝုန်ဆီ ညောင်ေ၀ (Sawangwongse Yawnghwe) က မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသများမှ ပဋိပက္ခများကို ဖော်ညွန်းသည့် ပန်းချီကား ၄ ကား ပါဝင်ပြသထားသည်။
“ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ စစ်ပွဲဇုန်” သည် သူ လက်ရှိရေးဆွဲနေဆဲ ဖြစ်သော “ပျောက်ဆုံးနေသော မှတ်တမ်းများ” ပန်းချီကားများထဲမှ ၂ ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ အဆိုပါ ပန်းချီကားများမှာ မြန်မာနိုင်ငံအရှေ့ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများမှ မှတ်တမ်းမဝင်သည့် ဖြစ်ရပ်များကို သရုပ်ဖော်ခြင်း ဖြစ်သည် ဟု သူက ရှင်းပြသည်။
ဒုတိယ ပန်းချီကားဖြစ်သည့် “ရှမ်းပြည်တပ်မတော် (၂၀၁၇) သည် ၁၉၆၄ ခုနှစ်က ရှိခဲ့သည့် တိုင်းရင်းသားတပ်မတော် တခုအပေါ် သူမှန်းဆခဲ့သည့် အမြင်ကို ပုံဖော်ထားခြင်း ဖြစ်သည်။
တတိယမြောက်နှင့် အကြီးဆုံး ပန်းချီကားမှာ “ငြိမ်းချမ်းရေး အလုပ်ရုံ ၂ (Peace Industrial Complex ll )” ဖြစ်သည် ။ အဆိုပါ ခေါင်းစဉ်သည် “မြန်မာနိုင်ငံတွင်းမှ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ပါဝင် ပတ်သက်နေကြသော လူပုဂ္ဂိုလ်များ၊ အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ အဖွဲ့အစည်းများ အကြား အရင်းအမြစ်နှင့် ဘဏ္ဍာရေး စီးဆင်းမှု ကွန်ရက်ကို ရည်ညွှန်းခြင်း ဖြစ်သည်” ဟု စဝမ်ဝုန်ဆီညောင်ေ၀ က ရှင်းပြသည်။
“ဝိဉာဉ်ပြကွက်များ (ပြည်ပရောက် ရှမ်းတယောက်၏ အမှတ်တရများ)” က သူ၏ စတုတ္ထမြောက် လက်ရာ ဖြစ်သည်။ အဆိုပါ ဖန်တီးမှုမှာ “အရုပ်ငယ်လေးတွေနဲ့ installation လုပ်ပြထားတာ ဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ ဆောင်တဲ့ အဆောင်လက်ဖွဲ့လို အရုပ်ငယ်လေးတွေ ရာနဲ့ချီပြီး ကျနော် ဖန်တီးပြီးတော့ တသီတတန်း စီထားတာပါ။ သွားလေရာမှာ ကံကောင်းအောင်လို့ သယ်သွားလို့ ရတယ်” ဟု သူက ဆိုသည်။
“နေရာတခုက တခု ဖြတ်သန်းသွားလာစဉ် အတွင်းမှာ အကာအကွယ် အဖြစ် ဆောင်ကြတဲ့ အဆောင်လက်ဖွဲ့ အရုပ်တွေကို ကျနော်က သူတို့ ကိုယ်တိုင် သွားတာကို ကိုယ်စားပြုတဲ့ အနေနဲ့ စီလိုက်ပါတယ်။ ကျနော်တို့နဲ့ လက်တကမ်းက သမိုင်းရဲ့ ရာနဲ့ချီတဲ့ မြင်ကွင်းအသွင်မျိုး ဖြစ်အောင်ပါ။ ညိုးနွမ်းနေတဲ့ ဒုက္ခသည်တွေ အဝေးပြေး လမ်းဘေး တလျှောက်မှာ တန်းစီပြီး မရေရာတဲ့ နေရာကို ပင်ပန်းစွာနဲ့ ဖြည်းဖြည်းချင်း ရွေ့လျားနေချိန်မှာ သူတို့ နှောက်ယှက်ခံရတယ်။ တခါတလေ သေနတ်နဲ့ အပစ်ခံရတယ်၊ ဒါမှမဟုတ် အရိုက်ခံရတယ်” ဟု စဝမ်ဝုန်ဆီညောင်ေ၀ က ပြောသည်။
စဝမ်ဝုန်ဆီညောင်ေ၀ သည် သူ ၁ နှစ်သား အရွယ်တွင် ဖခင်ဖြစ်သူ ကျောက်ဇန်ညောင်ေ၀ (Chao TzangYawnghwe (ခေါ်) ယူဂျင်းသိုက် (EuguenThaik) နှင့် အတူ ပြည်ပသို့ ထွက်ခွာသွားခဲ့ရသည်။ ထိုင်အချိန်က ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ၁၀ နှစ်နီးပါး အကြာ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်ခဲ့ပြီးအသက် ၁၂ နှစ်တွင် ကနေဒါနိုင်ငံ သို့ ပြောင်းရွှေ့အခြေချ ခဲ့သည်။
သူ၏ လက်ရာများက ပုဂ္ဂိုလ်ရေး အတွေ့အကြုံများတွင် အခြေခံပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပဋိပက္ခများကို မီးမောင်းထိုးပြသည်။ သူ၏ အနုပညာမှ တဆင့် လူနည်းစုများ၏ စရိုက် လက္ခဏာများကို အသိအမှတ်ပြုရန် သူက တောင်းဆိုထားသည်။
ပြပွဲ အတွင်း ဆွေးနွေးပွဲတွင် သူက ၁၉၆၂ ခုနှစ်တွင် မြန်မာ စစ်အစိုးရ၏ ဖယ်ရှားခြင်း ခံခဲ့ရသော ရှမ်းစော်ဘွားအနွယ် တယောက် အနေဖြင့် သူ၏ ကလေးဘဝ အစောပိုင်း အတွေ့အကြုံများနှင့် သူ့ဖခင်၏ အတွေ့အကြုံများထဲမှ အမှတ်တရ များကို ဝေမျှခဲ့သည်။
“ကျနော့် အခြေအနေကို ပြောရရင် နိုင်ငံခြားကို ပြောင်းရွှေ့အခြေချသူ တယောက် အနေနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့်၊ စိတ်ဒဏ်ရာရနေတဲ့ မိခင်ဖခင်ကြောင့် ရှက်ခဲ့ရတယ်။ ကျနော်တို့ရဲ့ မျိုးရိုးဇစ်မြစ်တွေကို ဖယ်ရှားခြင်း ခံခဲ့ရတယ်။ ကျနော် ထွက်လာခဲ့တဲ့ နေရာက အရင်လို မဟုတ်တော့ဘူး။ ကျနော်လည်း အရင်လို မဟုတ်တော့ဘူး” ဟု သူက ပရိသတ်များကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အခါ မြန်မာနိုင်ငံသို့ ပြန်လာရေး ပျော်ရွှင်ခဲ့ရသည် ဟု သူက ပြောသည်။ သို့သော်လည်း တပ်မတော်က အစိုးရနှင့် တွဲ၍ ဆက်လက် ရှိနေသောအခါ “ကျနော်တို့ သူတို့ကို မယုံဘူး။ ကျနော်တို့ ဆက်ပြီး ဖိနှိပ်ခံရဦးမှာပဲ” ဟု သူက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုတွေကို ကိုယ်စား မပြုပါဘူး။ သူမရဲ့ လက်ထက် မှာလည်း တိုင်းရင်းသားတွေ ဘာမှ ပြောလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် က ခေါင်းဆောင်ကောင်း တယောက် မဟုတ်ဘူး ဆိုတာ သူကိုယ်တိုင် သက်သေပြခဲ့ပြီးပါပြီ” ဟု သူက ဆက်ပြောသည်။
အစိုးရ၏ သတင်းထောက်များအပေါ် ဖိနှိပ်မှုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာ ၆၀၀၀၀၀ ကျော်၏ ဒုက္ခကိုလည်း ဆွေးနွေးပွဲတွင် သူက ပြောပြသည်။ ရခိုင် ရိုဟင်ဂျာကယ်ဆယ်ရေး တပ်မတော် (ARSA) က သြဂုတ်လ ၂၅ ရက် နေ့တွင် လုံခြုံရေး တပ်ဖွဲ့ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး များကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ကြသော အိုးအိမ်မဲ့ မွတ်စလင်များကို ရည်ညွှန်းခြင်း ဖြစ်သည်။
တိုင်းရင်းသား လူနည်းစုများ အပေါ် တပ်မတော်၏ နှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရန် သူက တိုက်တွန်းသည်။ ပြည်သူများက သက်သေအဖြစ် ဆောင်ရွက်ပေးကြရန်နှင့် သို့မှသာ အဆိုပါ လုပ်ရပ်များ အတွက် တာဝန်ယူမှု ရရှိနိုင်မည် ဖြစ်သည် ဟုလည်း သူက တောင်းဆိုသည်။
“မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်သည် အထိ ဆက်လက် လုပ်ဆောင်သွားကြရန်” ပြည်သူလူထုကို စဝမ်ဝုန်ဆီညောင်ေ၀ က တိုက်တွန်းသည်။
စဝမ်ဝုန်ဆီညောင်ေ၀ က နိုင်ငံရေးအရ အငြင်းပွားဖွယ် ဖြစ်ရပ်များကို အမြင်အာရုံ စူးစမ်းရှာဖွေမှုမှ တဆင့် ဖန်တီးတင်ပြရန် နှင့် မြန်မာနိုင်ငံမှ လူငယ်များအရေး ဆောင်ရွက်နေသည့် သူ၏ “Yawnghwe Office in Exile” အကြောင်းကိုလည်း ရှင်းပြသည်။
“ဒီနေ့ခေတ်မှာ နိုင်ငံက ဝိရောဓိတွေနဲ့ ပြည့်နေတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။ “သမိုင်းဝင် နာမည်နဲ့ ပြင်ဆင်ထားတဲ့ နာမည် Burma နဲ့ Myanmar ၂ ခုလုံးနဲ့ သိနေကြတဲ့ ဒီနိုင်ငံရဲ့ ခေါင်းဆောင်တွေက အနာဂတ်ကို ဦးတည်တဲ့ ခေတ်သစ် အမြင်တခုလို့ ပြောရင်း အတိတ်ကလိုပဲ ဖိနှိပ်ခြင်းနဲ့ အာရှရဲ့ အာဏာရှင် လက်သစ် အစိုးရတွေ နောက်ကို လိုက်နေတယ်။ ဒီဗျူဟာက စီးပွားရေးတိုးတက်မှုနဲ့ လူနေမှုအဆင့်အတန်း မြင့်တက်လာခြင်းက ဖိနှိပ်မှု၊ အကျင့်ပျက် ခြစားမှုနဲ့ စီးပွားရေးကျဆင်းမှုတွေ ရှိခဲ့တဲ့ ဆယ်စုနှစ်တွေ အတွက် ခေါင်းဆောင်ပိုင်းရဲ့ တာဝန်ယူ တာဝန်ခံမှု မရှိမှုကနေ လွတ်ငြိမ်းခွင့် ရလိမ့်မယ် ဆိုတဲ့ ယုတ္တိဗေဒနဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ ဒီလို တိုးတက်မှုမျိုးက သမိုင်းတလျှောက် မမျှတမှုတွေ ကို မဖြေရှင်း ရသေးဘဲ၊ ကျယ်ပြန့်တဲ့ ထိတွေ့ ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မပါဘဲ ရနိုင်ဖွယ်ရာ မရှိပါဘူး”
အင်စတော်လေးရှင်း လက်ရာ၏ ဖော်ညွှန်းချက်
ပြပွဲတွင် မြန်မာအနုပညာရှင်နှင့် ရုပ်ရှင်ဒါရိုက်တာ သည်မော်နိုင်၏ လက်ရာများလည်း ပါဝင်သည်။ ရောင်စုံခြင်ထောင် ၂၅ ခုဖြင့် ပြုလုပ်ထားပြီး “အလွှာပါးများ၏ အတွင်းနှင့် အပြင် (The In and Out of Thin Layers)” ဟုအမည်ပေးထားသည့် installation ပြကွက်ကို ပြတိုက်၏ ပင်မခန်းမတွင် ပြသသည်။
ကြည့်ရှုသူများက သူ၏ အနုပညာတွင် ပါဝင်နိုင်ရန်၊ ထိတွေ့ရန်၊ ခံစားရန်နှင့် အဖြူ၊ ပန်းရောင်၊ အနက်၊ မီးခိုး နှင့် အနီရောင် ခြင်ထောင်များဖြင့် ဖန်တီးထားသည့် installation လက်ရာ အပေါ် တုံ့ပြန်မှုများ ရရှိကြစေလိုကြောင်း သည်မော်နိုင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်က လူတွေ ဒါကို ခံစားစေချင်တယ်၊ တုံ့ပြန်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်သူတွေက စစ်တပ်ရဲ့ အုပ်ချုပ်မှု အောက်မှာ ဥပေက္ခာပြုခြင်း ခံခဲ့ရတယ်။ ဒီလို အတွေ့အကြုံမျိုးတွေ ကျနော်တို့မှာ မရှိခဲ့ဘူး”
ဇာခြင်ထောင်များကို အသုံးပြုကာ အနုပညာ ဖော်ပြချင်သည့်ဆန္ဒက သူ့တွင် ၂၀၀၆ ခုနှစ် ကတည်းက ရှိခဲ့သည်။ သို့သော် လည်း မြန်မာနိုင်ငံကို ထိုစဉ်က အုပ်ချုပ်ခဲ့သည့် စစ်အစိုးရ၏ လက်အောက်တွင် သူ၏ အနုပညာကို ပြသနိုင်ခြင်း မရှိခဲ့ပါ။ ထိုစိတ်ကူးကို ၂၀၁၄ ခုနှစ်က သူ၏ “The Monk” ရုပ်ရှင်ကားတွင် ထည့်သွင်း အသုံးပြုနိုင်ခဲ့သည်။ ထိုကားတွင် ခြင်ထောင်များ အတွင်း၌ တရားထိုင်သည့် အလေ့အထ ပါဝင်ပြီး ယင်းရုပ်ရှင်ကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ ဖြစ်သည်။
ရုပ်ရှင်အပြီး ဆွေးနွေးပွဲများတွင် ယခင် ပရိသတ်များက ခြင်ထောင်များသည် စိတ်ဝိဉာဉ်ကို ခံစားခြင်းနှင့် မိမိကိုယ်ကိုယ် ရှာဖွေခြင်းကို ဖော်ခြင်းဟု နားလည်ကြကြောင်း ဆွေးနွေးသည် ဟု သည်မော်နိုင်က ဆိုသည်။ ပြကွက်ကို တတ်နိုင်သမျှ များများဖြင့် ခြင်ထောင် ၅၀ မှ ၆၀ အထိတိုးချဲ့ရန် စိတ်ကူး ရှိကြောင်းလည်း သူက ပြောသည်။
ချင်းမိုင် ပြပွဲတွင် မပြသမီက သည်မော်နိုင်၏ installation ကို ဆွီဒင်နိုင်ငံတွင် ၂၀၁၆ ခုနှစ်က စတင် ပြသခဲ့သည်။ မြန်မာ နိုင်ငံတွင် ယခုအချိန်အထိ ပြသခဲ့ခြင်း မရှိသေးသော်လည်း နောင်တွင် မြန်မာနိုင်ငံ၌ ပြပွဲတခုလုပ်နိုင်အောင် သူကြိုးစားမည် ဟု သည်မော်နိုင် က ဆိုသည်။