သတင်း

ဧရာဝတီမြစ်ရိုး ကမ်းပါးပြိုကာကွယ်ရေး အစီအစဉ် ဧပြီတွင် ပြီးစီးမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုးတလျှောက် မြစ်ရေတိုက်စားခံရသည့် ကျေးရွာများတွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၁၉ ခု ဆောင်ရွက်နေရာ လာမည့် ဧပြီလတွင် အလုံးစုံ ပြီးစီးမည်ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုသည်။

အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးအဖွဲ့၏ ငွေလုံးငွေ ရင်း ခွင့်ပြုရန်ပုံငွေ အပါအဝင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေသုံးခုမှ ငွေကျပ် ၄၁ ဒသမ ၈၇ ဘီလီယံသုံးစွဲ၍ လုပ်ဆောင်နေခြင်းဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီး မှူး ဦးတိုးအောင်လင်းက “ရွာတွေရဲ့ ကမ်းပြိုကာကွယ်ရေးနဲ့ စိုက်ပျိုးမြေတွေ မဆုံးရှုံးအောင် ထိန်း သိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ ကမ်းပြိုကာ ကွယ်ခြင်းတွေ လုပ်ဆောင်နေတာပါ၊ ဘတ်ဂျက်ပိတ်တဲ့ မတ်လ အပြီးဆိုပေမယ့် လုပ်ငန်းသဘာဝအရ ရေနည်းချိန်မှာ လုပ်ရတာဖြစ်တယ်၊ တင်ဒါ ခေါ်ယူမှု၊ စီမံခန့်ခွဲမှုတွေ လုပ်ရတော့ ဇန်နဝါရီမှ စတင်လုပ်ရတာများတယ်၊ ဧပြီလမှာတော့ အလုံးစုံ ပြီးစီးပါ မယ်” ဟု ပြောသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုက်ရိုက်ကာကွယ်ခြင်းနှင့် သွယ်ဝိုက်ကာကွယ် ခြင်းဟူ၍ ၂ မျိုးရှိပြီး သင့်တော်ကောင်းမွန်သည့် နည်းလမ်းဖြင့် ဒီဇိုင်းရေးဆွဲကာ ပုဂ္ဂလိက ကုမ္ပဏီ များဖြင့် လုပ်ဆောင်သလို အရေးကြီးသော နေရာများတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ကြောင်း သိရသည်။

“ကမ်းပြိုကာကွယ်ရေးမှာ တိုက်ရိုက်ကာကွယ်နည်းက အများကြီးရှိတယ်၊ မျောကရစ်ကွက် ကျောက် ဖြည့်နည်း၊ မြေသား အခြေအနေမကောင်းရင် ဘိုးပိုင်အခြေပြု နည်းလမ်းတွေပေါ့၊ သွယ်ဝိုက်နည်း လမ်းအရ ရေကြောင်းလွှဲပေးတဲ့အခါ သောင်တူးလုပ်ငန်းနဲ့ ရေကြောင်းပြောင်းအောင် ရေလွှဲရေကာ လုပ်တဲ့ နည်းတွေပါ”ဟု ဦးတိုးအောင်လင်းက ရှင်းပြသည်။

ကမ်းပြိုရခြင်းမှာ ရေဦးထိုးတိုက်စားခြင်း၊ ကမ်းပါးမြေသား မခိုင်ခံံ့ခြင်း၊ တူးသင့်သည့်နေရာ မဟုတ် ဘဲ သဲစုပ်ခြင်း၊ ရွေတူးခြင်းစသည့် လူတို့ အပြုအမူများကြောင့် ရေကြောင်းပြောင်း၍ ရေဦးထိုးတိုက် စားခြင်းကြောင့် ကမ်းပြိုရခြင်းဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးအတွင်း သဲစုပ်လုပ်ငန်းပေါင်း ၆၀ ကျော်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး သဲလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကွန်ကရစ် သံခြင်းအခြေပြု ကျောက်စီတမံ၊ မျောကျောက်ဖြစ် ရေလွဲရေကာ၊ သဲအိတ်ခံ ကျောက်စီရေကာ၊ Steel Basket အခြေပြုကျောက်စီခြင်း၊ ကွန်ကရစ်အခြေပြု ကျောက်စီခြင်း၊ ကျောက်ဖြည့် မျောဂရစ်တန်း၊ မျောတိုင်တန်းကျောက်ဖြည့် ရေကာစသည့် နည်းလမ်းများ အသုံးပြုကြောင်း၊ အများစုကို သံခြင်းအခြေပြု ကျောက်စီတမံဖြင့် လုပ်ဆောင်နေခြင်းဟု သိရသည်။

“ကမ်းပြိုကာကွယ်ခြင်းဖြင့် ကမ်းပြိုလို့ စိုက်ပျိုးမြေ၊ လူနေအိမ်၊ စေတီပုထိုးတွေ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းပေးနိုင်လို့ ဒေသအတွက် အကျိုးရှိတယ်၊ ဌာနက ကမ်းပြိုတင် မဟုတ်ဘဲ မြစ်ကြောင်း ရေလမ်းကြောင်း တည်ငြိမ်ဖို့ကိုပါ လုပ်နေတယ်၊ ရေလမ်းကြောင်း တည်ငြိမ်တော့ ကမ်းပြိုမှု နည်းသွားတယ်”ဟု ဦးတိုးအောင်လင်းက ဆိုသည်။

အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၉ ခုမှာ အမရပူရ၊ မတ္တရာ၊ စဉ့်ကူး၊ ငါန်းဇွန်၊ မြင်းခြံ၊ တံတား ဦး၊ ညောင်ဦးမြို့နယ် များတွင်လုပ်ဆောင်နေလျက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၉ ခုနှင့် ပြင်ပကုမ္ပဏီ ၁၀ ခုတို့က လုပ်ဆောင်နေခြင်းဟု သိရသည်။

“သံခြင်းအခြေပြု ကျောက်စီတမံက ပိုခိုင်ခန့်တယ်၊ မြေသားကောင်းတဲ့အခြေအနေမှာ လုပ်ရတာ ပို အဆင်ပြေတယ်၊ အချို့ ကိုမြေသားအခြေအနေအရ တိုက်ရိုက်ကာကွယ်တာ မဟုတ်ဘဲ ရေလွှဲရေ ကာတာ လုပ်ရတာရှိတယ်၊ အများစုကိုတော့ ပိုမိုထိရောက်ပြီး တကယ်လည်း တိုက်ရိုက်ကာကွယ်နိုင် တဲ့ သံခြင်းအခြေပြု ကျောက်စီတမံတွေ လုပ်ဆောင်သွားမှာပါ “ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကျေးရွာများမှာ စဉ့်ကူးမြို့နယ်ရှိ ဆီသည်၊ ဟင်္သာဖိုကျေးရွာ၊ မတ္တရာမြို့နယ်ရှိ ဆီးဖြူကုန်း၊ ပန်းကန်စု၊ ရွာတန်းရှည်၊ ကုန်းတန်းကြီးကျေးရွာ၊ တံတားဦးမြို့နယ်ရှိ အိုးတုတ္တန်း၊ ဈေးချို ကျေးရွာ၊ ငါးဇွန်မြို့နယ်ရှိ ငါးဇွန်မြို့၊ ထန်းစင်လှကျေးရွာ၊ မြင်းခြံမြို့နယ်ရှိ လေးအိမ်တန်းကျေးရွာ၊ ညောင်ဦးမြို့နယ်ရှိ လောကနန္ဒာဘုရား ကမ်းထိန်းနံရံ၊ အမရပူရမြိုနယ်ရှိ လက်ရွေးကျေးရွာတို့တွင် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

“ကျောက်ဖြည့်မျောကွန်ကရစ်တန်းတွေ၊ မြစ်ကြောင်းကိုထိန်းသိမ်းတဲ့ နံရံတွေမလုပ်ခဲ့ဘူးဆိုရင် မိုးတွင်းရေကြီးကာလ အ တွင်းမှာ ဧက ၅၀၀ ကျော်လောက် ပျက်ဆီးဆုံးရှုံးမှုရှိခဲ့တယ်၊ လယ်၊ ကောက်ပဲသီးနှံတွေ၊ အထူးသဖြင့် ကွမ်းစိုက်တောင်သူ တွေဟာ တော်တော်အထိနာခဲ့ကြပါတယ်၊ ဒါကြောင့် အခုလိုမလုပ်ဘူးဆိုရင် နောက်ထပ် ကမ်းပြိုမှုတွေက ဆက်တိုက် လိုက်သွားပြီးတော့ ရွာတွေကိုပါ ထိခိုက်ပျက်ဆီးဆုံးရှုံးနိုင်တဲ့ အလားအလာတွေရှိနေပါတယ်၊ ဒါကို အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့အတူ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြတယ်”ဟု မတ္တရာမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အေးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လင့်ကြီးအုပ်စု၊ လင့်ကြီးကျေးရွာ၊ အေးသုခကွက်သစ်တွင် ပြီးခဲ့သည့်နှစ်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာကိုပြောင်းရွေ့ပေးခဲ့ရပြီး မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတခုတွင်လည်း ရွာတဝက်လောက် ပျက်ဆီးခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ၁၂ ခု၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေဖြင့် လုပ်ငန်းနေရာ ၆ ခုနှင့် သဘာဝဘေး ရန်ပုံငွေဖြင့် လုပ်ငန်း ၁ ခုတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဖေဖေါ်ဝါရီလကုန်တွင် အချို့သောလုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သလို အချို့မှာ ၂၅ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ငွေကျပ် ၃၆၄၉ ဒသမ ၅ သန်းဖြင့် စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ မြင်းခြံနှင့် တောင်သာမြို့နယ် ၆ ခုမှ ကျးရွာပေါင်း ၁၆ ရွာကို ကမ်းပြိုကာကွယ်ရေး လုပ်ငန်း များဆောင်ရွက်ပေးခဲ့ပြီး မတ္တရာမြို့နယ်၊ ဆင်ကျွန်းရွာ ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်နိုင်ရန် အတွက်လည်း ပြည်ထောင်စုအဆင့်သို့ ငွေကျပ်သိန်း ၁ ထောင်ကျော် တင်ပြတောင်းခံထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading