သတင်း

ကျောက်မျက်အသင်း ရွေးကောက်ပွဲ တရားမျှတမှု မရှိ၍ လွှတ်တော်၌ မေးခွန်းထုတ်မည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ အလုပ်အမှုဆောင် ရွေးကောက်ပွဲမှာ တရားမျှတမှု မရှိသဖြင့် လွှတ်တော် သို့ မေးခွန်းတရပ် အနေဖြင့် မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အသင်းသားပေါင်း ၁၄၀၀၀ ရှိပြီး အသင်းခွဲပေါင်း ၆ ခုရှိသည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း ၂၀၁၈ – ၂၀၂၁ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲ ကို အသင်း ၃၀၀ခန့်ဖြင့်သာ ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လျှို့ဝှက် မဲပေးစနစ် ဖြင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

သို့သော် ရတနာပုံ ကျောက်မျက်ကုမဏီ ပိုင်ရှင် မြန်မာနိုင်ငံကျောက်မျက် ရတနာအသင်း အလုပ်အမှု ဆောင် ဦးသန်းဝင်း က အသင်းသားတိုင်း မဲပေးပိုင်ခွင့် ရှိရေးကို ပိတ်ပင်ထားပြီး၊ အသင်းသားတိုင်း ဝင်ရောက်ရွေးချယ်ခွင့်ကိုလည်း ပိတ်ပင် ထားကြောင်း၊ ယခုရွေးကောက်ပွဲတွင် အလွှာစုံ ပါဝင်ခွင့်မရ တဲ့အတွက် အများသဘောတူသည့် ရွေးကောက်ပွဲ မဖြစ် ကြောင်း ဆိုသည်။

“သူတို့ ကော်မရှင် ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်က သူတို့ကျောက်တူးတဲ့ လူတွေအတွက် ဒီအသင်းကြီး ဖွဲ့ထားတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ အခြေခံကျောက်သမား အတွက်မပါဘူး။ ဒါကြောင့် ဒီကော်မရှင်ကို ကျနော်တို့ ကန့်ကွက် မယ်၊ တရားစွဲမယ်၊ ဆန္ဒပြမယ်” ဟု၎င်းကဆိုသည်။

မြန်မာ နိုင်ငံ ကျောက်မျက် ရတနာများ လုပ်ငန်းရှင်များ အသင်းကို ၃ နှစ်လျှင်၁ ကြိမ် ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အတွင်းရေး မှူးများနှင့် အလုပ်အမှုဆောင်များကို ပြန်လည် ရွေးချယ် တင်မြှောက်ရခြင်း ဖြစ်သည်။

လက်ရှိ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသူ ဦးလဖိုင်ခွန်ဆာ ကမူ “ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းနှင့် အသင်းအဖွဲ့ စည်းမျဉ်း စည်းကမ်းမှာ အခြေခံပြီးတေ့ာ ဖြစ်လာတယ်လို့ ကျနော်မြင်ပါတယ်။ အားလုံး မပါနိုင်ဘူးဆိုတာ စည်းမျဉ်း၊ စည်းကမ်း အတိုင်း၊ သက်တမ်းတိုးတာတွေ၊ အသင်းဝင်ထားတာတွေ စသည်အားဖြင့် အားနည်းချက်တွေ ရှိလို့ အားလုံး မပါဝင် နိုင်တာလို့ မြင်ပါတယ်” ဟု ရှင်းလင်းပြော ဆိုသည်။

သို့သော် အသင်းသားတချို့က စည်းမျဉ်း စည်းကမ်းများသည် တရားမျှတမှုမရှိ တဖက်သတ်ရေးဆွဲ ထားကြောင်း၊ အသင်းသား အားလုံး မဲပေးပိုင်ခွင့်မရှိသဖြင့် ယခု ရွေးကောက်တင်မြှောက်မှုကို ကန့်ကွက်ကြောင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြသည်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းမှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးထွန်းထွန်းက မတ်လ ၁၀ရက်နေ့တွင် ပြုလုပ်မည့် အသင်းရွေးကောက်ပွဲအတွက် မတ်လ ၈ရက်နေ့အထိတိုင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် ဆက်သွယ်၍ တင်ပြ ထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးက ရွေးကောက်ပွဲ ကော်မရှင်၌ လုပ်ပိုင်ခွင့်ရှိ သည်ဟု ဆိုသည့်အတွက် ရွေးချယ်တင်မြှောက်ပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း ဆိုသည်။

“တချို့က အသင်းဝင်တေ့ာ ဖြစ်ခဲ့တယ်၊ ဒါပေမယ့် လာမဆက်သွယ်ဘူး၊ အခုရွေးကောက်ပွဲ ဖြစ်မှသာ ပြန်ပြီးတေ့ာ ပြုလုပ်လာတဲ့ ကိစ္စတခုကိုတေ့ာ၊ အဲ့ဒီလိုဟာမျိုးတွေသာ ကော်မရှင်က လက်ခံမယ်သာ ဆိုရင် နိုင်ငံတော် အတွက် အကျိုးပြုမယ့် အသင်းကြီးရဲ့ ခေါင်းဆောင်ကို ဒီလိုလူမျိုးတွေ ဆိုတဲ့ အကန့်လေးကို ကျနော်တို့ ကော်မရှင်က စဉ်းစားတာပါ” ဟု မီဒီယာများကို ပြောသည်။

မန္တလေး မဟာအောင်မြေ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က “ ဒီအဖွဲ့အစည်းရဲ့ မမှန်မကန် ဆောင်ရွက်ချက်တွေကို ကျနော်တို့ ရှုတ်ချ သွားမယ်။ လွှတ်တော်ကနေလည်း မေးခွန်း မေးပြီး ရှုတ်ချမယ်။ ဥပဒေ ကြောင်း အရလည်း တရားစွဲသွားမယ်” ဟု နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ် သာတွင် မီဒီယာများကို ပြောသည်။

မြန်မာ နိုင်ငံ ကျောက်မျက် ရတနာများ လုပ်ငန်းရှင်များ အသင်း၌ ၂၀၀၈ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိ ဦးတေဇ မှ ဥက္ကဌ အဖြစ် ၂ ကြိမ် ဆက်တိုက် ရွေးချယ်ခံခဲ့ ရပြီး၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ အောက်တိုဘာ လ အထိ ဦးရုံးမူ မှ ဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဦးရုံးမူ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်မှု သက်တမ်းမှာ ၂၀၁၇ အောက်တိုဘာလတည်းက ကုန်ဆုံးခဲ့သဖြင့် သက်တမ်း ကုန်ဆုံးပြီး ၆ လအကြာ တွင် ဥက္ကဌ ကိုပြန်လည် ရွေးချယ် ခဲ့ခြင်း ဖြစ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading