ပြီးခဲ့သည့် သောကြာနေ့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် တက်ကြွလှုပ်ရှားသူများသည် သီရိလင်္ကာနိုင်ငံ၏ မြို့တော် ကိုလမ်ဘိုတွင် စီတန်းလှည့်လည်၍ မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ အဓိကရုဏ်း များကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ရပြီး အစိုးရက တနိုင်ငံလုံးတွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။
အမျိုးသား စည်းလုံးညီညွတ်မှုကို ဖျက်ဆီးနေသည့် အသိုင်းအဝိုင်းတွင်း ပဋိပက္ခများကို ဆန့်ကျင်သည့် အနေဖြင့် ၎င်းတို့က ဦးဆောင်၍ အသံတိတ် ဆန္ဒပြခဲ့ကြကြောင်း အမျိုးသား ဘိက္ခူတပ်ဦး(The National Bhikku Front)က မတ်လ ၉ ရက် နေ့တွင် ပြောသည်။
အလယ်အလတ်ကျသည့် ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ခရစ်ကတ်ကစားသမားများက ကန္ဒီမြို့နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူသိရှင်ကြား ရှုတ်ချခဲ့ကြသည်။ သီရိလင်္ကာမှ ဆိုရှယ်မီဒီယာ သုံးစွဲသူအများအပြားကလည်း စည်းလုံးမှုကို ဖော်ပြသည့်အနေဖြင့် သောကြာနေ့ဝတ်ပြုချိန်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အစ္စလမ် ဗလီများသို့ သွား ရောက်ခဲ့သည့် ဓာတ်ပုံများကို Twitter တွင် တင်ခဲ့ကြသည်။
ထိုအချိန်တွင် ပဋိပက္ခများဖြစ်ပွားခဲ့သည့် ကန္ဒီခရိုင်ရှိ မွတ်ဆလင်ရပ်ကွက်များတွင် စတင်တည်ငြိမ်မှု များရှိလာသည်။ စစ်တပ်မှ လုံ ခြုံရေးတပ်ဖွဲ့များ ထူထပ်စွာ အားဖြည့် ချထားပေးသည့် အတွက် ဆိုင်အများအပြားလည်း ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။
ပြီးခဲ့သည့် အပတ်အတွင်းက မွတ်ဆလင်အမျိုးသားတစု နှင့် ခိုက်ရန် ဖြစ်ပွားရာမှ ရရှိခဲ့သော ဒဏ်ရာများဖြင့် လူများစု ဆင်ဟာလီ အသိုင်းအဝိုင်းမှ အမျိုးသားတဦး သေဆုံးခဲ့ရပြီးနောက် မတ်လ ၅ ရက်နေ့တွင် အဓိကရုဏ်း စတင်ဖြစ်ပေါ်ခဲ့သည်။
မတ်လ ၆ ရက်နေ့တွင် မီးလောင်ထားသော အဆောက်အဦးတခု အတွင်းတွင် မွတ်ဆလင် အမျိုးသား တဦး၏ အလောင်းကို တွေ့ရှိခဲ့ရမှာ တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ကန္ဒီ နှင့် အခြားနေရာများတွင် ဆင်ဟာလီ လူအုပ်များက ဗလီများ၊ မွတ်ဆလင်ပိုင် စီးပွားရေးလုပ်ငန်းများ၊ နေအိမ်များ နှင့် ယာဉ်များကို မီးရှို့ခဲ့ကြသည်။
အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ ကင်းလှည့်ရာတွင် ရဲတပ်ဖွဲ့ကို ကူညီရန် စစ်သားများကို တာဝန်ချထားပေးခဲ့သည်။
အဓိကရုဏ်းဖြစ်အောင် အဓိက လှုံ့ဆော်ပေးခဲ့သူကို မတ်လ ၈ ရက်နေ့တွင် အခြားသူ ၁၄၅ ဦး နှင့်အတူ ဖမ်းဆီးခဲ့သည်ဟု ရဲအဖွဲ့က ပြောသည်။ ၎င်းမှာ Amith Weerasinghe အမည်ရှိ ဆင်ဟာလီ အမျိုသားတဦး ဖြစ်ပြီး မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆိုရှယ် မီဒီယာတွင် သွေးထိုးလှုံ့ဆော် ရေးသားမှုများကြောင့် လူသိများသူ ဖြစ်သည်။
အဓိကရုဏ်းတွင် သားကောင်ဖြစ်ခဲ့ရသူများက သူတို့ ပစ်မှတ်ထား တိုက်ခိုက်ခံရသော်လည်း ရဲတပ်ဖွဲ့ နှင့် အထူးရဲအဖွဲ့ တို့ က ဒီအတိုင်းကြည့်နေကြသည်ဟု စွပ်စွဲကြကြောင်း သီရိလင်္ကာ ကြည်းတပ်ဦးစီးချုပ် Mahesh Senanayake က ပြောသည်။
“တကယ်လို့ အဲဒါမှန်တယ်ဆိုရင် အလွန်စိတ်မကောင်းစရာ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာ ကျနော်တို့ စစ်တပ်တွေ ပိုမိုချ ထားပေးခဲ့ပါတယ်။ တပ်ကူတွေ ပိုမိုချထားပေးခဲ့ခြင်းအားဖြင့် လုံခြုံရေးကို ခိုင်မာအားကောင်းစေခဲ့ပါတယ်” ဟု သူက ပြောသည်။
ကန္ဒီမြို့တွင် ပိတ်ပင်ထားခဲ့သော အင်တာနက်ဝင်ဆောင်မှုများကို မတ်လ ၉ ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း Facebook ကဲ့သို့ ဆိုရှယ်မီဒီယာ ဝက်ဆိုက်များကို သီရိလင်္ကာနိုင်ငံတွင် ပိတ်ဆို့ထားဆဲ ဖြစ်သည်။
လဘက်စိုက်ခင်းများနှင့် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းဝင်နေရာများကြောင့် ထင်ရှားသည့် ကန္ဒီမြို့သို့ လာရောက်လည်ပတ်သည့် နိုင်ငံ ခြား ဧည့်သည်များ ဘေးကင်းလုံခြုံမှုရှိကြောင်း အစိုးရ၏ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ပြောသည်။
၂၇ နှစ် ကြာ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ကြိုးစားနေသော သီရိလင်္ကာ၏ အားထုတ်မှုများအတွက် အဓိကရုဏ်းများက ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်ဟု ဝန်ကြီးချုပ် Ranil Wickremesinghe က မတ်လ ၈ ရက်နေ့ ညတွင် ပြောသည်။
၂၀၀၉ ခုနှစ်တွင် ဟိန္ဒူဘာသာဝင် တမီလ် လူမျိုးစု လက်နက်ကိုင် ကျားသူပုန်အဖွဲ့အား နှိမ်နှင်းအပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့သည်။ သို့သော် မွတ်ဆလင်များသည် ဗုဒ္ဓဘာသာ ကျောင်းတော် များကို ခိုးယူခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်း သို့မဟုတ် လူများကို အစ္စလမ်ဘာသာသို့ ဖိအားပေးကူးပြောင်း စေခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲကြသော ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီ အဖွဲ့များ ပေါ်ပေါက်လာခြင်းနှင့် အတူ ဘာသာရေးအရ ကွဲပြားမှု နောက်တခု ကြီးထွားလာခဲ့သည်။
သီရိလင်္ကာ နိုင်ငံ၏ လူဦးရေ ၂၁ သန်းတွင် ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်များက ၇၅ ရာခိုင်နှုန်း ရှိသည်။ ၁၂ ရာခိုင်နှုန်းမှာ ဟိန္ဒူများဖြစ်ပြီး ၉ ရာခိုင်နှုန်းမှာ မွတ်ဆလင်များ ဖြစ်ကြသည်။
ကိုးကား ။ ။ Aljazeera