သတင်း

မွန် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဧပြီလတွင် ကျင်းပနိုင်ရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဧပြီလအတွင်း ကျင်းပသွားမည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(မွန်လူမျိုး)ကို မွန်ပြည်နယ် ရေးမြို့၌ ဧပြီလ ၆ ရက်မှ ၉ ရက်အထိ ၄ ရက် ကြာ ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း ဆိုသည်။

နိုင်အောင်မငေးက “ကျနော်တို့ ဧပြီ ၆ ရက်နေ့ စဖို့ စဉ်းစားထားတာပေါ့။ အခု ညှိနေတုန်းပါ။ လူကြီးတွေနဲ့ လုပ်ထုံး လုပ် နည်းအရ သွားနေတုန်း။ ကျနော်တို့ တင်ပြထားတာ ရေးမြို့ကို အစိုးရကလည်း ခွင့်ပြုပေးထားတယ်” ဟု ပြောသည်။

မွန်ပြည်သစ် ပါတီသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သဖြင့် မွန်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခွင့် ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် NMSP သည် လူထု အကြိုတွေ့ဆုံပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်နေသော်လည်း ဟန့်တားမှုများ ခံနေရ ခြင်းကြောင့် အစိုးရ အပါအဝင် တပ်မတော်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းနေရကြောင်း သိရသည်။

“လူထုအကြို တွေ့ဆုံပွဲက အခု ကျနော်တို့ တရားဝင် လမ်းကြောင်းအရ ညှိနေတုန်းပဲဆိုတော့ လုပ်ခွင့်မရဘူးလို့ ဘယ်လို ပြောမလဲ။ ငြိမ်းချမ်းရေး ကော်မရှင်ကတော့ ညှိပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က တရားဝင် စာမထွက်ဘဲနဲ့ ကျင်းပသလို ဖြစ်မှာစိုးလို့ အခု လူကြီးတွေ ညှိနေကြပါတယ်” ဟု နိုင်အောင်မငေးက ပြောသည်။

လူထု အကြိုတွေ့ဆုံပွဲ ကျင်းပနိုင်ရေး အတွက် NMSP သည် လုပ်ထုံး လုပ်နည်းအရ ကျင်းပရေး ကော်မတီ ဖွဲ့စည်းသွားရန် ပြင်ဆင်နေသကဲ့သို့ EAO (တိုင်းရင်းသား အဖွဲ့အစည်းများ) အတွင်းရေးမှူးအဖွဲ့၏ ထောက်ခံချက်ရရှိရေး၊ အစုအဖွဲ့အလိုက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ထံ တင်ပြ၍ ခွင့်ပြုချက်ရရှိရေး ကြိုးပမ်းနေကြောင်း NMSP ဘက်က ဆိုသည်။

မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အဖွဲ့ (ISP)မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ပြဿနာကတော့ တိုင်းရင်းသား လက် နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်ကြား တချို့ကိစ္စတွေအပေါ် နားလည် သိမြင်မှု လွဲနေတုန်း ထင်တယ်။ တိုင်းရင်းသား တွေ ဘက်ကတော့ သူတို့ တိုင်းရင်းသား လူမျိုးကြား ကျေကျလည်လည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မှသာ ငြိမ်းချမ်း ရေး ညီလာခံတွေအပေါ်မှာ သဘောထား၊ စာတမ်းတွေပေးဖို့ ပြည့်စုံနိုင်မယ် ယူဆတယ်။ ဒီလို ဆွေးနွေးမှုတွေကိုလည်း သူတို့က အကြိမ်ကြိမ်လုပ်လိုကြတယ်။ အစိုးရဘက် အထူးသဖြင့် တပ်မတော်ဘက်ကတော့ ဒီလိုလူထုကြား စည်းရုံးဆွေး နွေးမှုတွေကို နေရာ၊ အကြိမ်ရေ စသည်ဖြင့် ကန့်သတ်လိုတဲ့ သဘောထားရှိတယ်”ဟု ပြောသည်။

ထို့ကြောင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဆွေးနွေးပွဲများ ဟန့်တားခံခဲ့ရသလို တနင်္သာရီတိုင်း ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၏ ကျင်းပမည့် ဆွေးနွေးပွဲများ ဟန့်တားခံခဲ့ရပြီး ရခိုင်တိုင်းရင်းသား များ သည်လည်း ဆွေးနွေးပွဲများ မဖြစ်မြောက်သေးကြောင်း ၎င်းက ထောက်ပြသည်။

ဦးအောင်သူငြိမ်းက “ကျနော် မြင်တာတော့ ဖက်ဒရယ် အခြေခံမူတွေအတွက် ဆွေးနွေးမှုတွေက တကြိမ် တခါတည်း ပြတ် နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကိုယ်နှုက်က အကြိမ်ကြိမ် ဆက်လက် လုပ်ဆောင်ရ မယ့် သဘောထားရှိတယ်။ အဲဒီလို ကန့်သတ်နေတာတွေကြောင့် အဖုအထစ် ဖြစ်နိုင်တယ်။ တဖက်မှာလည်း သံသယတွေ ကြောင့် ဒီလိုတားဆီးနေကြတယ်ဆိုရင် ယုံကြည်မှုတွေ လျော့ကျမယ်။ တူတာပေါင်းစည်း လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေ သင့်ပါတယ်” ဟုလည်း ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် နီးစပ်သူတဦးက မွန်ပြည်သစ်ပါတီ လူထုအကြိုတွေ့ဆုံပွဲ ကျင်းပနိုင်ရေး အတွက် PC အတွင်းရေးမှူး ဦးခင်ဇော်ဦးက ညှိနှိုင်းပေးနေသည်ဟု ဆိုသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တဦးလည်းဖြစ်သူ RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက “အဆင့် ၂ ဆင့်ရှိတယ်လို့ ကျနော် တော့ မြင်ပါတယ်။ ပထမ အဆင့်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေပေါ့။ မွန်ပြည်သစ်ပါတီ အနေနဲ့ သူ့လမ်းကြောင်းနဲ့ သူ အစိုးရ ဖြစ်စေ NRPC (အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) ဖြစ်စေ တပ်မတော်နဲ့ ဖြစ်စေ ညှိ နှိုင်းမှ ရမယ်လေ။ ညှိနှိုင်းလို့ အဆင်ပြေရင်လည်း ဆက်လုပ်ပေါ့” ဟု ပြောသည်။

ထို့နောက် NMSP အနေနှင့် အပြန်အလှန် (Bilateral) ညှိနှိုင်း၍ အဆင်မပြေပါက UPDJC သို့ ပြန်တင်ပြရမည့် အနေ အထား ရှိပြီး UPDJC တွင်လည်း အဆင်မပြေပါက အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်သော NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တွင် ပြန်လည်တင်ပြကာ ဆုံးဖြတ်ချက်ရယူ သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းဆွေးနွေးပွဲ၌ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍကြီး ၅ ခုကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ မွန်နိုင်ငံရေး ပါတီများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်း(CSO)များ နှင့် လူမှုရေး အဖွဲ့အစည်း (CBO) များ ပါဝင်သင့် ပါဝင်ထိုက်သူ စုစုပေါင်း လူဦးရေ ၆၀၀ ကို ဖိတ်ကြားသွားရန် စီစဉ်ထားကြောင်းလည်း NMSP ဘက်က ဆို သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading