နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသော အမေရိကန်နိုင်ငံ၏ အရပ်သားများအတွက် အမြင့်ဆုံး ဂုဏ်ပြု တံဆိပ်ဖြစ်သော ကွန်ဂရက် ရွှေတံဆိပ်ကို ပြန်လည်ရုတ်သိမ်းရေး အချို့သော ဒီမိုကရက် လွှတ်တော်အမတ်များက စဉ်းစားနေကြောင်း ဝါရှင်တန်မှ လာသော သတင်းများအရ သိရသည်။
ထိုဆုကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ရန် ကွန်ဂရက်သည် ၂၀၀၈ ခုနှစ်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အမေရိကန်ခရီးစဉ်အတွင်း ပေးအပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါတွင် ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားသော အရပ်သာား ခေါင်းဆောင်ဖြစ်ပြီး ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကြောင့် ပြင်းထန်သော ဝေဖန်မှုများခံနေရသည်။
အကြမ်းဖက်မှုများကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုမှု မရှိခြင်းသည် နိုင်ငံ၏ ဖိနှိပ်သော စစ်အစိုးရလက်အောက်တွင် နေအိမ် အကျယ်ချုပ် ၁၅ နှစ်နေထိုင်ခဲ့သော လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော အကျင့်စရိုက်နှင့် လုံးဝဆန့်ကျင်နေကြောင်း အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းက ထင်မြင်လာနေသည်။
လွန်ခဲ့သော အပတ်ကလည်း ဝါရှင်တန်ရှိ စမစ်ဆွန် ဂျူးလူမျိုးတုံး သတ်ဖြတ်မှု ပြတိုက် – Smithsonian’s Holocaust Museum က နိုဗယ်ဆုရှင် အီလီ ဝီဆယ် အားဂုဏ်ပြုပြီး အမည်ပေးထားသည့် ဆုကို ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည်ရုတ်သိမ်းခဲ့သည်။
“သူ ပူးပေါင်းပါဝင်သည်ဖြစ်စေ မပါသည် ဖြစ်စေ ဒါမှမဟုတ် ထုတ်ဖေါ်ပြောကြားခြင်းမရှိတာပဲဖြစ်ဖြစ် သူ့ရဲ့ပျက်ကွက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လုံလောက်နေပါပြီ။ ကျနော်ဟာ သူ့ကို လေးစားခဲ့သူဖြစ်နေတော့ အရမ်းအရမ်းကို စိတ်ပျက်စရာကောင်းတယ်” ဟု ကာလီဖိုးနီးယားပြည်နယ်မှ လစ်ဘရယ်ဝါဒီ ဒီမိုကရက် အမတ် ရို ခါနာ ကပြောသည်။ ထို ဒေသတွင်းမှ အခြေခံလာသော မဲဆန္ဒရှင်အမျာအပြားထံမှလည်း ပူပန်မှုများကို ကြားသိနေရသည်ဟုလည်း ၎င်းကပြောသည်။
သူသည် ဒေါ်အောင်ဆန်းစုကြည်ထံမှ ရွှေတံဆိပ် ပြန်လည်ရုတ်သိမ်းရေး အယူအဆကို ဆွေးနွေးရန် အသင့်ရှိသည်ဟုပြောပြီး ထို ကိစ္စကို ကာလီဖိုနီးယားမှ ကွယ်လွန်သူ ဒီမိုကရက် အမတ် တွမ်လန်းတို့စ် တည်ထောင်ထားသည့် ရီပတ်ဗလစ်ကန် နှင့် ဒီမိုကရက် ပူးတွဲ ကော်မရှင်က လေ့လာဆောင်ရွက်သင့်သည်ဟုလည်း အကြံပြုသည်။
ကွန်ဂရက် အာရှပစိဖိတ်ဆိုင်ရာကော်မရှင် အဖွဲ့ဝင် ကာလီဖိုးနီးယားမှ ဒီမိုကရက် အမတ် အမီဘာရာကလည်း ဒေါ်အောင်ဆန်းစုကြည် ပြတ်ပြတ်သားသား မရပ်တည်လျှင် ထိုဆုတံဆိပ် ပြန်လည်ရုတ်သိမ်းရေးကို ထောက်ခံသည်ဟု ပြောသည်။
“သူမအနေနဲ့ ထုတ်ဖော်ပြောဆိုသင့်ပြီး အစိုးရနဲ့ စစ်ဘက်ရဲ့ တုံ့ပြန်မှုတွေကို မျှတအောင် လုပ်ဖို့ ကြိုးစားသင့်တယ်” ဟုလည်း ဆိုသည်။
သို့သော် ကွန်ဂရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆုတံဆိပ်ကို ပြန်လည်ရုတ်သိမ်းရန် အင်တိုက်အားတိုက် လုပ်ဆောင်မှု မရှိသေးပေ။ အမတ် အမျာအပြားတို့က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ဘေးကျပ်နံကျပ် အခြေအနေကို အလျှင်အမြန် ထုတ်ဖော်တုံ့ပြန်ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်ဘက်ကို နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတို့တွင် အခန်းကဏ္ဍ ကြီးမားစွာ ဆက်လက်ထိန်းချုပ်နိုင်ရေး အာမခံထားသောကြောင့် အရပ်သား အစိုးရအနေဖြင့် ဘေးကျပ်နံကျပ် အခြေအနေဖြစ်သည်။
“တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ဖို့ ကြိုးစားနေတဲ့ အရပ်သား အစိုးရအကြားမှာ ကြီးမားတဲ့တင်းမာမှုတွေ ရှိတယ်။ အချိန်မရွေး တခုခု ဖြစ်သွားနိုင်တယ်။ အင်မတန်ကို အတိမ်းအစောင်း မခံတဲ့ အခြေအနေပဲဖြစ်တယ်။ ဒီအချက်တွေကြောင့် နှုတ်ဆိတ်နေတယ်လို့ ဆင်ခြေပေးလို့တော့ မရပါဘူး။ ဒါပေမယ့် အခြေအနေက ဒီလိုပဲဖြစ်နေတယ်” ဟု ဗာဂျီးနီးယာပြည်နယ်းမှ ဒီမိုကရက်အမတ် ဂယ်ရီ ကိုနိုလီ ကပြောသည်။ “ အခြေအနေက အရမ်းကို သိမ်မွေ့ပြီး အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီအနေအထားရဲ့ ဗဟိုချက်မှာ ရောက်နေတယ်” ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်၏ ရွှေတံဆိပ်ပေးရေး ၂၀၀၈ ခုနှစ်က ဥပဒေကြမ်းကို တင်သွင်းခဲ့သူ နယူးယောက်မှ ဒီမိုကရက်အမတ် ဂျိုးဆက် ခရော်လီက ရိုဟင်ဂျာများ၏ ကံကြမ္မာအတွက် လွန်စွာ ဝမ်းနည်းကြောင်းပြောပြီး ကိုယ်ကျင့်ဆိုင်ရာ ပြတ်သားမှုအတွက် ပြတ်ပြတ်သားသား လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းသည်။
ကာလီဖိုးနီးယားမှ ဒီမိုကရက်တစ်အမတ် အန်နာ အက်ရှ်ဟိုး ကမူ “ငါတို့သူရဲကောင်းကြီး ဘာဖြစ်သွားတာလဲ” ဟုပြောပြီး အကြမ်းဖက်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်းမပြုပါက နိုင်ငံတကာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သတင်းကျဆင်းရမည်ဟု ပြောသည်။
“ဒီလိုဖြစ်ရင်လည်း ဩဇာအာဏာက ကင်းမဲ့သွားမှာပဲလေ” ဟု အက်ရှ်ဟိုး ကပြောသည်။
ကိုးကား ။ ။ The Hill