သတင်း

နေပြည်တော် ငလျင်လှုပ်မည့်အချိန် ခန့်မှန်းမှုသတင်း ကောလာဟလဟု မိုး/ဇလ ပြော

နေပြည်တော်တွင် ငလျင်ကြီးလှုပ်မည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ ကောလဟလသာဖြစ်ပြီး မည်သည့်အချိန်တွင် ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးကြောင်း မိုး/ဇလ မှ မြေငလျင်ဌာနခွဲ အရာရှိတဦးက ပြောသည်။

မနေ့ မတ်လ ၁၁ရက် ညက နေပြည်တော်တွင် ငလျင်လှုပ်မည်ဆိုသည့် သတင်းကြောင့် အထပ်မြင့်နေ လူအများ နေအိမ်တွင် မနေရဲဘဲ အောက်သို့ ဆင်းနေခဲ့ကြကြောင်း နေပြည်တော်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ ဇလ) မြေငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှစောက “အဲဒါက ကောလာဟလ ဖြန့်နေတာ ည ၉ နာရီခွဲ အတိမှာလှုပ်မယ် ဘာညာဆိုပြီး ပြောကြတာ။ မြေငလျင်ဆိုတာ အချိန်အတိ အကျ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါလည်း တယောက် ယောက်က Facebook မှာ တင်ပြီး ကောလာဟလ ဖြန့်လိုက်တာ။ မိုးကျော်ထွန်းဆိုတဲ့သူက Facebook မှာ တင်လိုက်တာ။ အဲဒီမှာ အကုန်လုံး လိုက်ပြီး Share ကြရင်း ဖြစ်သွားတာ။ တကယ် ငလျင်က ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ သူက အတိအကျ ည ၉ နာရီခွဲမှာ လှုပ်မယ် ဆိုပြီးရေးတော့ လူတွေက ကြောက်လန့်ပြီး ဆင်းပြေးကြတာ” ဟု ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒသညွှန်ကြားမှု ဦးစီးဌာန လူမှုကွန်ရက်စာမျက်နှာအောက်တွင် ဒေသခံတဦးက “နေပြည်တော်မှာ ငလျင်လှုပ်မယ်ဆိုပီး စိုးရိမ်ထိတ်လန့်ခြင်းများစွာ ကြုံတွေ့နေရပါတယ် ကောလာ ဟာလနဲ့ ဖုန်းတွေဆက်ကြပြီး တိုက် အောက်ပဲ အမြဲဆင်းနေရတော့ အိပ်ကောင်းခြင်း မအိပ်ရဖြစ်နေပါ တယ်” ဟု မှတ်ချက်ရေးသားထားသည်။

အဆိုပါသတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ငလျင်ကို မည်သည့် အဖွဲ့အစည်းကမျှ ကြိုတင်ခန့် မှန်းနိုင်ခြင်း မရှိသေးသော်လည်း နေပြည်တော်သည် ငလျင်အန္တရာယ် စိုးရိမ်ရသည့် နေရာဖြစ်ကြောင်း မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ဧရာဝတီသို့ ပြောသည်။

“နေပြည်တော်ကနေပြီးတော့ မြောက်ဘက် အမရပူရ အင်းဝလောက် အထိ နောက်ဆုံး သုတေသန တွေ့ရှိချက်တွေအရ ၁၈၉၉ အင်းဝ ငလျင်လှုပ်ထားတယ်။ မလှုပ်တာသည် နှစ်ပေါင်း ၁၈၀ လောက်ရှိ နေပြီ။ လှုပ်မယ်ဆိုရင် ပြင်းအားကြီးတဲ့ ငလျင်လှုပ်နိုင်တဲ့ အနေအထား ရှိတယ်။ အခုအချိန် လှုပ်ရင်ကို ၆ ဒသမ ၅ လောက် ပတ်ချာလည်ကို လှုပ်နိုင်နေတဲ့ အနေ အထားရှိတာပေါ့။ ဘာပဲ လုပ်ထားလို့ရလဲ ဆိုတော့၊ ပြင်ဆင်ထားရမယ်။ အိမ်တွေ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးတာမျိုးတွေ လုပ်ရမယ်။ စစ်ကိုင်း ပြတ်ရွေ့က နေပြည်တော်ကို ဖြတ်ထားတာ ဆိုတော့ နေပြည်တော်လို ဟာမျိုးကတော့ အန္တရာယ် ရှိတာ ပေါ့” ဟု ၎င်းကသုံးသပ်သည်။

ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု နံနက် ၃ နာရီ ၄၃ မိနစ်ခန့်က လှုပ်ခတ်ခဲ့သဖြင့် စေတီပုထိုး တချို့ ပြိုကျပျက်စီးခဲ့ပြီး မတ်လ ၁၁ ရက်နေ့အထိ နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေ ကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မတ်လ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်း ၂ နာရီ အချိန်တွင်လည်း နေပြည်တော် မြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၂၆) မိုင်ခန့် ကွာဝေးသော တပ်ကုန်းမြို့၏ အနောက်ဘက် (၁၈) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး ဒေသခံတဦးကလည်း “ဥတ္တရဘက် ပတ်ဝန်းကျင် နားက ပြင်းတာ။ ပျဉ်းမနား ဘက်ကျတေ့ာ အဲဒီလောက် မလှုပ်တေ့ာဘူး။ နီးတဲ့ နေရာက အဆောက် အအုံ အမြင့်တွေက စိုးရိမ်တာပေါ့။ အခုဟာက ငလျင်ကြီးလှုပ်မယ် သတင်းတွေထွက်နေတာကို ဝန်ထမ်းတွေက စိုးရိမ်ပြီး ဖြစ်နေတာ” ဟု ဆိုသည်။

မတ်လ ၈ ရက်နေ့က မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေ ကျေးရွာမှ ၄၅ ပေ ဉာဏ်တော် အမြင့်ရှိ စေတီတော်ကြီး၏ တောင်ဘက်အခြမ်း အောက်ပိုင်းပြို ကျခဲ့ပြီး အနည်းငယ် တိမ်းစောင်းခြင်း၊ အရှေ့တောင် ထောင့် အရပ်မှ ဉာဏ်တော် ကိုးပေရှိ အရံစေတီတော်တဆူ ပြိုကျပျက်စီးခြင်း၊ မင်းကုန်း အုပ်စု မအူလေးပင် ကျေးရွာမှ ၅၅ ပေ ဉာဏ်တော်ရှိ မိုးကောင်းစေတီ စိန်ဖူးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် နေအိမ် တချို့ရှိ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုး အုတ်နံရံ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ငလိုက်၊ ရေဆင်း၊ ပေါင်းလောင်း၊ ဆင်သေ၊ တောက်ပြို၊ ဖောင်းလောင်၊ သဲဖြူ၊ ချောင်းမငယ်၊ မဒန်းရေလှောင်တမံများနှင့် ဆက်စပ်ရေအား အဆောက်အအုံ များတွင် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာနမှ စစ်ဆေးခဲ့ပြီး ပျက်စီးမှု မရှိကြာင်း သိရသည်။

အင်အားအသင့်အတင့်ရှိ ဖြူးငလျင်လှုပ်ခတ်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး မတ်လ ၁၁ ရက်နေ့ အထိ ငလျင်လှုပ်မှု အကြိမ်ရေ စုစုပေါင်း ၅ဝ ကျော် ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲက ဆိုသည်။

Loading