ရခိုင်ပြည်နယ် ဖြစ်စဉ်များတွင် အလွန်ဆိုးဝါးသော အလေ့အထများ ဖြစ်သည့် မျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်း ခြင်း၊ အပြစ်မဲ့သူများ သေဆုံးခြင်းတို့ ပါဝင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အားလုံးကို ပြင်းထန်စွာ ပြစ်တင် ရှုတ်ချ ကြောင်း နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က ထုတ်ပြန်ရန် ဆုံးဖြတ်လိုက်သည်ဟု သတင်းရရှိသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ၁၃၇ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံ တက်ရောက်ခဲ့ သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာကို တင်သွင်းစဉ် ယင်းကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာ အစိုးရသည် ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာစင်မြင့်တွင် ပြင်းထန်စွာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် နည်းတူ လွှတ်တော်အဖွဲ့သည်လည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ပြုလုပ်သည့် ၁၃၇ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံတွင် အထက်ပါအတိုင်း အလွန်ပြင်းထန်သည့် စွပ်စွဲ ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများ အဆုံးသတ်စေရေး ဟူသော ခေါင်းစဉ်ဖြင့် အရေး ပေါ် အစီအစဉ် (Emergency Item) တခုအဖြစ် တင်သွင်းခဲ့မှုနှင့် ညီလာခံက အတည်ပြုခဲ့သော ယင်းဆုံးဖြတ်ချက် မူကြမ်းတခုလုံးကို မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပယ်ချခဲ့ကြောင်း ဦးတီခွန်မြတ်က ပြည်ထောင်စု လွှတ်တော်တွင် ပြော သည်။
“မျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းခြင်း (Ethnic Cleansing) ဆိုတဲ့ စွပ်စွဲချက်အပေါ် မြန်မာနိုင်ငံရဲ့ ဆောင်ရွက် ထားရှိမှု အခြေအနေ မှန်တွေကို ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်များ သိရှိစေဖို့ ချက်ချင်း တုံ့ပြန် ရှင်းလင်း ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ညီလာခံအတွင်း အခြားဆုံးဖြတ်ချက်များကို မြန်မာက သဘောတူခဲ့သော်လည်း သူကိုယ် သူတို့ ရိုဟင်ဂျာ ဟု ခေါ်ဆို သူများ အရေးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက် များကို ကန့်ကွက်ခဲ့ကြောင်း၊ သို့သော် IPU ညီလာခံ ဆုံးဖြတ်ချက် များ ကို လွှတ်တော်များသို့ တင်ပြပြီး သက်ဆိုင်ရာ နိုင်ငံရှိ အစိုးရများကိုလည်း အကောင်အထည်ဖော်ရန် အကြောင်း ကြားရမည် ဖြစ်ရာ ယခု ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်နိုင်ရန် အစီရင်ခံစာ တင်ပြရခြင်း ဖြစ် ကြောင်းလည်း လွှတ်တော် ဒုဥက္ကဋ္ဌက ရှင်းပြသည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက “သူတို့ ပုံဖော်တာတွေက ဘာ Evidence မှ မတွေ့ သေးခင်မှာကို ကြောက်စရာ ကောင်းလွန်းတယ်။ အကြောင်းရင်းကို မရှာဘဲ Issue နောက်ကို လိုက်ရင်းနဲ့ ကမ္ဘာကြီး က အမှန်ကိုမရှာဘဲ၊ ပထမ ပြောစကားတွေ အပေါ်မှာပဲ လိုက်သွားကြတယ်” ဟု ပြည်ထောင်စု လွှတ်တော် ခေတ္တ ရပ်နားစဉ် သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံတွင်လည်း IPU နှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့်အခါ ရခိုင် ကိုယ်စား လှယ် များ ပါသင့်ကြောင်း၊ ရခိုင်များ၏ အသံ၊ ရခိုင်များ၏ ခံစားချက်ကို နားထောင်၍ နိုင်ငံတကာကို သွားသည့်အခါ တွင် ပိုမိုပြည့်စုံစွာ ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် လာမည့် တပတ်တွင် ယခုကိစ္စ လွှတ်တော်တွင်း ဆွေးနွေးကြ သည့် အခါ အဖြေတခု ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျမတို့ နိုင်ငံက အဖွဲ့အစည်းနဲ့ သွားတဲ့အခါ လွှတ်တော်ကြီးတခုလုံးက တာဝန်ရှိ ပုဂ္ဂိုလ်တွေ သွားတယ်။ ဒါပေမယ့် ကျမက ရခိုင်တိုင်းရင်းသား တယောက် ဖြစ်တဲ့အခါမှာ လိုအပ်ချက်တွေကို မြင်တယ်။ ရခိုင် Issue နဲ့ သက်ဆိုင်ပြီး တော့ ကျွမ်းကျင်တဲ့ အဆုံးအဖြတ် ပေးနိုင်တဲ့၊ အတတ်နိုင်ဆုံး တခုခု ပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါရင် ပိုပြီးတော့ ပြည့်စုံ ပါလိမ့်မယ်” ဟု ဒေါ်ထုမေက ဆိုသည်။
ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဆောင် ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကိုကိုရှိန်၊ ပြည်ထောင်စု လွှတ်တော် ညွှန်ချုပ် ဦးကျော်စိုး၊ ရုရှားနိုင်ငံ မြန်မာသံရုံးမှ ဒု အတွင်း ဝန် ဦးဦးညွန့်မောင်၊ လွှတ်တော်ရုံးမှ ဦးစီးအရာရှိ ဦးအယ်လ်စွန်းခွန်တို့ ဖြစ်သည်။
မြန်မာအပေါ် ဆုံးဖြတ်ချက် မူကြမ်း၏ စာပိုဒ်များတွင် ပြင်းထန်စွာ ဖော်ပြထားသော မျိုးနွယ်စုအလိုက် သုတ်သင် ရှင်းလင်းခြင်း၊ အချက်အလက် ရှာဖွေရေး အဖွဲ့များနှင့် ဘေးကင်းဇုန်ဆိုသည့် ဖော်ပြချက်များသည် လက်တွေ့မြေပြင် အခြေအနေနှင့် ကွာခြားကြောင်း၊ ယခု အခြေအနေကို မီးလောင်ရာလေပင့် ပြုလုပ်ခြင်းသည် မြန်မာအစိုးရကို ကူညီ ရာ မရောက်ကြောင်း ကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
မြန်မာက နိုင်ငံတကာ အသိုက်အဝန်း၏ စာနာ နားလည်မှု၊ အကူအညီပေးမှုများနှင့် အညီ ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ဖြစ်ပွားနေသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ဖြေရှင်းရန် အချိန် လိုအပ် မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။
တရုတ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ကမူ အဆိုမူကြမ်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရှိ အခြေအနေများသည် ရှုပ်ထွေးပြီး တရုတ်နိုင်ငံကလည်း စိုးရိမ်ကြောင်း၊ ပြဿနာ ဖြေရှင်းရာတွင် နိုင်ငံတကာ၏ အရေးပါမှုကိုလည်း နားလည်ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်သာ အရေးကြီးကြောင်းနှင့် ယခု မူကြမ်းတွင် ပါဝင် သည့် အချက်များကို တရုတ်က သံသယဖြစ်မိကြောင်း သဘောထားပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆုံးဖြတ်ချက် မူကြမ်း ၂၃ ချက်တွင် ပါဝင်သည့် အချက်တချို့မှာ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု စွပ်စွဲခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရေး အတွက် လွတ်လပ်၍ တာဝန် ခံမှုရှိသော နိုင်ငံပေါင်းစုံ အဖွဲ့တဖွဲ့ကို စေလွှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အားပေး ထောက်ခံ ကြောင်း ဖော်ပြခဲ့သည်။
ရိုဟင်ဂျာလူနည်းစု၏ ကြေကွဲဖွယ်ရာ အခြေအနေကို ရပ်တန့်ရေးအတွက် ချက်ချင်း ကြားဝင်ဆောင်ရွက်ရန် နိုင်ငံ တကာ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး တို့ကို ခြိမ်းခြောက်နေသည့် ယခု အကြပ်အတည်းကို ဖြေရှင်းရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ လူ့အခွင့်အရေး ကောင်စီနှင့် နိုင်ငံတကာ၊ ဒေသဆိုင်ရာ အဖွဲ့များ အားလုံးကို တိုက်တွန်း ထား သည်။
ထို့ပြင် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသည့် ရိုဟင်ဂျာများကို နေရာထိုင်ခင်း၊ အစားအစာ၊ သန့်ရှင်းရေး၊ သောက်သုံးရေနှင့် ဆေးဝါး အကူအညီများ ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခဲ့သလို လူနည်းစုကို ကာကွယ် စောင့်ရှောက်ခြင်း၊ ဒီမိုကရေစီ တန်ဖိုးများကို လေးစားခြင်းနှင့် မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ကို အကူအညီပေးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ကိုလည်း အသိအမှတ်ပြုခဲ့ကြသည် ဟု ဆိုသည်။
အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ ကြေကွယ်ဖွယ် အခြေအနေ အဆုံးသတ်ရေးတို့ အတွက် မြန်မာ့လွှတ်တော် အနေဖြင့် ဆောင်ရွက်ရန် လိုအပ်နေသည့် အနေအထားအပေါ်လည်း ဝမ်းနည်းကြောင်း (IPU) က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
ယင်း IPU ၏ စွပ်စွဲချက်များ နှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးရန် ရှိသည်ဟု ကိုယ်စားလှယ်များက ပြောသည်။
IPU တွင် ပထဝီနိုင်ငံရေး အုပ်စုများ ခွဲခြားထားရာ အာဖရိက အုပ်စု ၄၈ နိုင်ငံ၊ အာရပ် အုပ်စု ၁၈ နိုင်ငံ၊ အာရှ ပစိဖိတ် အုပ်စု ၃၂ နိုင်ငံ၊ ယူရေးရှား အုပ်စု ၇ နိုင်ငံ၊ လက်တင် အမေရိကနှင့် ကရစ်ဘီယံ အုပ်စု ၂၂ နိုင်ငံ၊ Twelve Plus အုပ်စု ၄၇ နိုင်ငံ တို့ ပါဝင်ရာ မြန်မာက အာရှ ပစိဖိတ်အုပ်စု ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာနှင့် ဗီယက်နမ်တို့လည်း ပါဝင်ကြောင်း သိရ သည်။