ဆယ်စုနှစ်များစွာ မဖြေရှင်းနိုင်သော ပိုင်နက်အငြင်းပွားမှုများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်ခြင်းတို့ကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ ချောမွေ့လှသည် မဟုတ်ဘဲ တခါတရံ အပြန်အလှန် ပစ်ခတ်မှုနှင့် အမြဲတမ်းတပ်များ နယ်စပ်တလျှောက် ဖြန့်ချထားခြင်းများဖြစ်စေခဲ့သည်။
မတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံဖက်က လက်နက်ကြီးများနှင့်လုံခြုံရေးတပ် အများအပြားကို နယ်စပ်တွင် ဖြန့်ချခဲ့မှုအပြီးတွင် နှစ်နိုင်ငံလုံးမှ နယ်ခြားလုံခြုံရေးတပ်များသည် အလံတင် အစည်းအဝေးကျင်းပပြီး နယ်စပ်မှ မြန်မာတပ်များ ဆုတ်ခွာပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံက တောင်းဆိုရသည်။
မတ်လ ၁၁ ရက်နေ့တွင်မူ မြန်မာနယ်ခြားစောင့်တပ် နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)နှင့် တို့သည် နှစ်နိုင်ငံနယ်စပ် တွင် ပူးတွဲ ကင်းလှည့်ခဲ့ကြသည်။ မတ်လ ၆ ရက်နေ့ကလည်း နှစ်နိုင်ငံနယ်ခြားစောင့်တပ်များသည် နယ်စပ်တွင် မလိုလားအပ်သော ဖြစ်ရပ်များကို တားဆီးရန် နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်ခဲ့သည်။
နှစ်နိုင်ငံတို့၏ စစ်အင်အားကို မကြာသေးမီကအထိ အပြည့်အစုံ မသိခဲ့ရပေ။ မကြာသေးမီက ထုတ်ပြန်သော ၂၀၁၇ ခုနှစ် ကမ္ဘာ့စစ်အင်အား အညွှန်းကိန်း – Global Fire Power Index 2017 ဟူသည့် အစီရင်ခံစာသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့၏ စစ်အင်းအားကို နှိုင်းယှဉ် ဖော်ပြထားသည်။
ထို အစီရင်ခံစာအရ မြန်မာ၏ စစ်အင်အားမှာ ကမ္ဘာ့အဆင့် ၃၁ တွင် ရှိနေပြီး ဘင်္ဂလားဒေ့ရှ်မှာမူ အဆင့် ၅၇ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံထက် လူဦးရေ များစွာ ပိုမိုမြင့်မားသော်လည်း စစ်အင်အားအရ နောက်တွင် ကျန်နေရစ်သည်။ အဆိုပါနှိုင်းယှဉ်လေ့လာမှုတွင် စစ်သည်အင်အား၊ လက်နက်နှင့် စစ်ရေးယာဉ်များကိုသာမက လူဦးရေ၊ ပထဝီအရ တည်နေရာ၊ စက်မှုလုပ်ငန်းနှင့် စွမ်းဆောင်ရည်များကိုလည်း နှိုင်းယှဉ်လေ့လာထားသည်။
အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်သည်အင်အားမှာ ၂၂၅၀၀၀ ရှိနေပြီး မြန်မာနိုင်ငံတွင် စစ်သည်အင်အား ၅၁၆၀၀၀ ရှိသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရန်စစ်သည် အင်အားမှာ ၆၅၀၀၀ ရှိပြီး မြန်မာနိုင်ငံ၏ အရန် စစ်အင်အားမှာ ၁၁၀၀၀၀ ရှိသည်။
ဘင်္ဂလားဒေ့ရှ် တပ်မတော်တွင် တင့်ကား ၅၃၄ စီးရှိပြီး မြန်မာတွင် ၅၉၂ စီးရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သံချပ်ကာယာဉ် ၉၈၂ စီးရှိပြီး မြန်မာတွင် ၁၃၅၈ စီးရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွှေ့ပြောင်းသယ်ဆောင်နိုင်သော အမြောက်ကြီး ၁၈ လက်နှင့် ဒုံးကျည်ပစ် လက်နက် ၃၂ လက်ရှိသည်။ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းသယ်ဆောင်နိုင်သော အမြောက်ကြီး ၁၀၈ လက်နှင့် ဒုံးကျည်ပစ်လက်နက် ၁၀၈ လက်ရှိသည်။ မြန်မာနိုင်ငံတွင် ယာဉ်ဖြင့်ဆွဲယူ ပစ်နိုင်သည့် အမြောက်ကြီး ၈၈၄ လက်လည်း ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံ ရှိပြီး မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခိုက်ရေးလေယာဉ် ၄၅ စီးနှင့် လေ့ကျင့်ရေး လေယာဉ် ၄၅ စီးအပါအဝင် လေယာဉ် ၁၆၆ စီးရှိသည်။ မြန်မာနိုင်ငံတွင် တိုက်လေယာဉ် ၅၆ စီးနှင့် တိုက်ခိုက်ရေးလေယာဉ် ၇၇ စီးရှိသည်။ မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် ၈၆ စီးရှိပြီး ဘင်္ဂလားဒေ့ရှ်တွင် ၆၁ စီးသာ ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖရီးဂိတ် သင်္ဘော ၆ စီးနှင့် မိုင်းရှင်းသင်္ဘော ၅ စီးအပါအဝင် ရေတပ်သင်္ဘော ၈၉ စီးရှိပြီး မြန်မာနိုင်ငံတွင် ရေတပ်သင်္ဘော ၁၅၅ စီးရှိသည်။ သို့သော် နှစ် နိုင်ငံလုံးတွင် လေယာဉ်တင် သင်္ဘောနှင့် ဖျက်သင်္ဘောများ မရှိကြပေ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရေငုတ်သင်္ဘောမရှိဟု ယခု အစီရင်ခံစာတွင် ဖေါ်ပြထားသော်လည်း မကြာသေးမီက ရေငုတ်သင်္ဘော နှစ်စင်း ဝယ်ယူခဲ့သည်။ မြန်မာတွင် ရေငုတ်သင်္ဘော မရှိသေးပေ။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာထက် ဖရီးဂိတ် သင်္ဘော အရေအတွက်သာသည်။ မြန်မာနိုင်ငံတွင် ဖရီးဂိတ် သင်္ဘော ၅ စင်းသာရှိပြီး ဘင်္ဂလားဒေ့ရှ်တွင် ၆ စင်းရှိနေသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် မိုင်းရှင်းသင်္ဘောနှင့် ကူးသန်းရောင်းဝယ်ရေးသင်္ဘော အရေအတွက်တွင် မြန်မာနိုင်ငံထက် သာလွန်သည်။
ယခု အစီရင်ခံစာအရ စစ်အင်အားအကြီးမားဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ အစဉ်လိုက်ရှိနေသည်။ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပြင်သစ်၊ ဗြိတိန်၊ ဂျပန်၊ ဂျာမဏီနှင့် အီဂျစ်တို့ပါဝင်သည်။
၂၀၁၇ ခုနှစ် ကမ္ဘာ့စစ်အင်အား အညွှန်းကိန်း – Global Fire Power Index 2017 ကို ဤနေရာ တွင် အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။