တနင်္သာရီတိုင်းအစိုးရက တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် မီဒီယာကျင့်ဝတ် မလိုက်နာ၍ ဟူသော အကြောင်းပြ ချက်ဖြင့် တာဝန်ခံ အယ်ဒီတာအား တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
တရားလိုဖြစ်သူ တိုင်းအစိုးရ အဖွဲ့ရုံး ဒုညွှန်ကြားရေးမှူး ဦးအေးလူက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက် အမှု ၈ ကြိမ်မြောက်ရုံးချိန်း၌ တရားလိုကို စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးမှု မပြီးပြတ်သေးသည့် အတွက် မတ် ၁၂ ရက် တွင် တရားလိုအား စွပ်စွဲခံရသူ၏ ရှေ့နေက ပြန်လှန်မေးခွန်းများဖြင့် စစ်မေးခဲ့သည်။
ယင်း တရားခွင်အခြေအနေနှင့် ပတ်သက်၍ ဦးအေးလူကို ဧရာဝတီက မေးမြန်းစုံစမ်းရာ“တနင်္သာရီဂျာနယ် အနေနဲ့ မီဒီယာ ကျင့်ဝတ်ကို မလိုက်နာတဲ့အတွက်ကြောင့် ကျနော်တို့က တရားစွဲတယ်။ အဲဒါနဲ့ပတ်သက်ပြီး အထောက် အထား အချက်အလက်တွေ တင်ပြတယ်။ ဒီလောက်ပါပဲ” ဟု ရှင်းပြသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေး ယူ ပေးရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
တနင်္သာရီ ဂျာနယ်တွင် ‘မဲဆွယ်အပြုံး’ သရော်စာ ဖော်ပြမှုနှင့်ပတ်သက်၍ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် တရားစွဲဆိုသွားရန် ဒီဇင်ဘာ ၂၁ ရက်တွင် မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည်။
သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တဦး အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့ အခွင့်အရေး ကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ် ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ငွေဒဏ် အနည်း ဆုံး ကျပ် ၃ သိန်းမှ အများ ဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်ခံရမည် ဟု ပြဌာန်းထားသည်။
‘မဲဆွယ်အပြုံး’ သရော်စာသည် တိုင်းဒေသကြီး အစိုးရ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ် မိသားစုဝင်များ၏ ဂုဏ်သိက္ခာကို ထိခိုက် ကျဆင်းစေသည် ဟူသော ပြောဆိုချက်မှာ စွပ်စွဲပြောဆိုမှုသာဖြစ်ကြောင်း တနင်္သာရီ ဂျာနယ် တာဝန်ခံ အယ်ဒီတာ၏ အကျိုးဆောင်ရှေ့နေ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် နာယက အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
“သရော်စာဆိုတဲ့ သဘောသဘာဝက ရယ်ရွှင်ပြုံးအောင် လုပ်တဲ့ဟာပဲ။ အဲဒီဟာအပေါ်မှာ ဒီဘက်ကနေပြီး တခုတ် တရ ကြီး နဲ့ အရေးယူတယ် ဆိုတာ မီဒီယာကို နှိပ်ကွက်ချင်လို့ သဘောမျိုး ဖြစ်တယ်ဆိုတဲ့ မေးခွန်းမျိုးတွေ ကျနော့် ဘက်က မေးခဲ့တယ်” ဟု ၎င်းက ပြောပြသည်။
ဆက်လက်၍ ၎င်းက လာမည့် ဇွန်လလောက်တွင် အမှုအပြီးသတ်နိုင်ကြောင်း၊ အမှုအခြေအနေ ကောင်းမကောင်း ဆိုသည် မှာ တရားရုံးပေါ်တွင်မူတည်ကြောင်း၊ ရှေ့နေများကွန်ရက် အဖွဲ့ဝင်တဦး အနေဖြင့် ထူးခြားသည့် သက်သေခံ တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ မီဒီယာဘက်မှ အကောင်းဆုံးခုခံကာကွယ်ပြီး မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း လည်း ပြောဆိုသည်။
ဒု ညွှန်ကြားရေးမှူး ဦးအေးလူက “မီဒီယာဥပဒေအတိုင်း တရားရုံးကနေပြီးတော့ ဆုံးဖြတ်ချက်ကိုပဲ စောင့်မယ်” ဟု ပြောသည်။
လာမည့် ၁၀ ကြိမ်မြောက် ရုံးချိန်းအဖြစ် မတ်လ ၂၂ ရက်တွင်ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ စစ်မည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ သရော်စာရေးသားမှုများနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်ပိုင်းမှ တရားစွဲဆိုမှုများရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၌ The Voice ဂျာနယ်တွင် “ကျည်ထောင်စုသစ္စာ” သရော်စာ ရေးသားဖော်ပြခဲ့သည့် အတွက် ရေးသားသူနှင့် အယ်ဒီတာ ချုပ်အား တပ်မတော်က တရားစွဲဆိုခဲ့ပြီးနောက် ပြန်လည်ကျေအေးပေးခဲ့သည်။