နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး MOU လက်မှတ်ရေးထိုးရန် မြန်မာ သဘောတူ
အာဆီယံ-သြစတြေးလျ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ (MOU) အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စအား ကိုယ်စားလှယ်များမှ သဘောတူသည့်အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သည်။
မတ်လ ၁၂ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၄ ရက် မြောက်တွင် နိုင်ငံတော်သမ္မထံမှ ပေးပို့သော ယင်းစာချွန်လွှာအား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စနှင့်ပတ် သက်၍ ကိုယ်စားလှယ် ၅ ဦးမှ ဆွေးနွေးကာ လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့သည်။
ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက စာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးလိုရခြင်းနှင့် ပတ်သက်၍ “အာဆီယံအဖွဲ့ဝင် နိုင်ငံများအား သြစတြေးလျနိုင်ငံမှ နည်းပညာများပေးရန် အကြမ်းဖက် သူများ၏ ခြိမ်းခြောက်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် အာဆီယံ- သြစတြေးလျ တရားဥပဒေ စိုးမိုးရေး အဖွဲ့ အစည်းများ အကြား ဒေသအတွင်း ဆွေးနွေးပွဲများနှင့်ဖိုရမ်များ ကျင်းပမည်ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား အာဆီယံ အထွေထွေ အတွင်းရေးမှူးချူပ်က လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်သို့ တင် ပြခဲ့သည်။
အဆိုပါ နားလည်မှု စာချွန်လွှာသို့ ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် အကြမ်းဖက်သမားများနှင့် ပတ်သက်သော သတင်း အချက်အလက်များ ပြန်လည်မျှဝေပေးရေး အကြမ်းဖက်သမားများနှင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုနှင့် နောက်ခံသမိုင်းကြောင်းများကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နည်းပညာ ကူညီထောက်ပံ့မူများ ရရှိနိုင်ခြင်းတို့ကြောင့် ဒေသအ တွင်း နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့်ပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက ဆိုသည်။
မြန်မာနိုင်ငံ၌ အဆိုပါ နားလည်မှု စာချွန်လွှာနှင့် ဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေများလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ကာ သက် ဆိုင်ရာ ကွန်ဗင်းရှင်းများသို့လည်း အတည်ပြုဝင်ရောက်ပြီး ဖြစ်သည်။
ကချင်ပြည်နယ် ရွှေကူမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက “ဒီစာချူပ်မှာ ပြန်လည် ထူထောင် ရေးနှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ၊ လူမှုရေးခွဲခြားမှု ပပျောက်ရေး အစီအစဉ်များ၊ လူ့အသိုင်းအဝိုင်း ပါဝင်ဆွေး နွေးရေး အစီအစဉ်များ အကောင်အထည်ဖော်မှုများ လည်း ပါရှိသည့်အတွက် ဒါဟာ အစိုးရသစ်ရဲ့ မူဝါဒနဲ့ ကိုက်ညီသည့် အတွက် အားပေးသင့်ကြောင်း တိုက်တွန်းဆွေးနွေးရခြင်းဖြစ်ပါတယ်” ဟု အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသည်။
အဆိုပါ စာချူပ်အတွင်း နိုင်ငံတကာနှင့် ဆက်ဆံရေး ကဏ္ဍများတွင် အရေးပါခြင်း၊ ပဋိပက္ခ ကိစ္စရပ် များကိုလည်း သံတမန် နည်းလမ်းအရ ဖြေရှင်းနိုင်ခြင်း၊ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကိုလည်း ဦးတည်နေသည့် အတွက်ကြောင့် ယင်းစာချူပ်ကို ထောက်ခံ ကြိုဆိုပါကြောင်း ဦးဇာနည်းမင်းက ဆိုသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက “ ပြည်ပမှ အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများက ငွေကြေးနှင့် အကူအညီများပေးအပ်ပြီး ရခိုင်ပြည် နယ်မှာ အကြမ်းဖက်မှု သက်ဆိုးရှည် အောင် လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီလို အခြေအနေတွေကို ကိုယ်တိုင်ဖြေရှင်းပေးဖို့ အတွက် အနာဂတ်မှာ ဖြစ်လာနိုင် ခြေရှိတဲ့ အကြမ်းဖက်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် ဖို့လိုအပ်ပါတယ်”ဟု အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသည်။
အဆိုပါ စာချွန်လွှာ၏ ရည်ရွယ်ချက်မှာ လူမျိုးရေး ခွဲခြားခြင်းနှင့် အကြမ်းဖက်မှုကို ဦးတည်စေသော အစွန်းရောက် အကြမ်း ဖက် လုပ်ရပ်များ အပါအဝင် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရန် သြစတြေးလျနှင့် အာဆီယံတို့ အကြားလက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာတိုးမြှင့်ရေး မူဘောင်တရပ်ပါရှိခြင်းကြောင့် လက်မှတ်ရေးထိုးသင့်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ ယခုနှစ် ဖေဖော်ဝါရီလ၌လည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော အကြမ်းဖက် မှုများကို ကိုင်တွယ်ဖြေ ရှင်းရာ၌ ကူညီသွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား လုံခြုံရေး တရားဥပဒေနှင့် နိုင်ငံရေးရာဝန်ကြီး ဝီရန်တို (Wiranto) က ပြောဆိုသည်ဟု အန်တာရာသတင်းက ဆိုထားသည်။