ယခုလဆန်းပိုင်းက ပြိုကျခဲ့သည့် ပုဂံဘုရားအမှတ် ၁၀၆၆ ကို ပြန်လည် မပြုပြင်တော့ဘဲ၊ ကျန်ရစ် သည့် ရှေးဟောင်းတန်ဖိုး ရှိနေဆဲအပိုင်းကို လက်ရှိအခြေအနေအတိုင်း ရေရှည် တည်တံ့စေရန် ဆက်လက် ထိန်းသိမ်းမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။
အဆိုပါ ဘုရားအမှတ် ၁၀၆၆ သည် ၁၉၇၅ ခုနှစ်က လှုပ်ခတ်သည့် ပုဂံငလျင်ကြောင့် ပြိုကျပျက်စီး ခဲ့ပြီး စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်နောက်ပိုင်း ပြန်လည်ပြုပြင်ခံခဲ့သော လိုဏ်ခံဘုရားဖြစ် ကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နံရံများ ထပ်မံကွဲအက်သွားရာ ယူနက်စကို၏ ညွှန်ကြားချက်အတိုင်း သံခါးပတ် ပတ်ခြင်း၊ ရေပိတ်လွှာ လောင်းခြင်းများ အရေးပေါ် ထိန်းသိမ်မှု ပြုလုပ်ခဲ့သော်လည်း အလေးဒဏ် မခံနိုင်သောကြောင့် နံရံအသစ်သုံးဘက် ပွင့်ကျသွားခဲ့ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြာရေးမှူး ဦးစိုးစိုးလင်းက “ဘုရားအမှတ် ၁၀၆၆ က အသစ်ပိုင်းကြီး ပြိုသွားတာ။ အသစ်ပိုင်းကြီး ပြိုသွားတော့ အဟောင်းက ကျန်နေ တယ်။ ရှေးဟောင်းတန်ဖိုးရှိတဲ့ အဟောင်းလေးပဲ ကျန်နေတော့ လက်ရှိ ဒီအနေ အထားအရ အဟောင်းလေး ကိုပဲ ထိန်းသိမ်းထားတာ ကောင်းပါတယ်။ လက်ရှိအနေအထားလေး အတိုင်း ဆက်လက် မပျက်စီးအောင် ထိန်းသိမ်း ထားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဘုရားအမှတ် ၁၀၆၆ သည် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျသွားခဲ့ရာတွင် ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။
ဆက်လက်ပြီး ဦးစိုးစိုးလင်းက “လက်ရှိအနေအထားကနေ အများကြီး ဖြည့်ဆည်းလိုက်တာမျိုးလည်း မဟုတ် ဘူး။ လက်ရှိအနေအထားလည်း ခိုင်အောင်၊ ဘာသာရေး ရှုထောင့်အရ ကျန်ရှိနေတဲ့ ဆင်းတု တော်ကို ကြည့်ရှု လို့ သင့်တော်အောင် ထိန်းသိမ်းသွားမှာပါ။ ယူနက်စကို အနေနဲ့က စစ်မှန်မှုကို အဓိ က ထားရှိစေချင်တယ်။ အဟောင်းရှိနေရင် ရှိနေတဲ့အနေအထားကို ရှိစေချင်တယ်။ ဖန်တီးလိုက်ပြီး တော့ တန်ဖိုးကျမှာကို စိုးရိမ်တယ်” ဟု ဆိုသည်။
ပြိုကျခဲ့သည့် ဘုရားကို အသစ်ထပ်မံမပြုပြင်တော့ဘဲ ရှေးဟောင်းတန်ဖိုးရှိနေဆဲ ဖြစ်သည့် အပိုင်းကို လက်ရှိ အခြေအနေအတိုင်း ထိန်းသိမ်းခြင်းသည် ကောင်းမွန်ကြောင်းနှင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၏ စိတ်ဝင်စားမှုကို ထိခိုက်နိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း (ပုဂံ) မှ ပြန်ကြားရေးမှူး ဦးထက်ထွန်းအောင်ကလည်း သုံးသပ်သည်။
ဦးထက်ထွန်းအောင်က “ပြန်ပြင်တာကတော့ မကောင်းဘူးပဲပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင် အဟောင်းတွေနဲ့ အသစ်ကို ကောင်းအောင်လို့ ပြန်လုပ်လည်း အဆင်မပြေနိုင်ဘူးလေ။ ဒီတိုင်း ထားတာကိုတော့ ပို သဘောကျပါတယ်။ အိန္ဒိယမှာဆိုရင်လည်း မြတ်စွာဘုရားပွင့်တဲ့နေရာတွေ၊ ကျောင်းတော်တွေကို အသစ်ပြန် တည်တာမှ မဟုတ်တာ။ ဒီအတိုင်းပဲ အုပ်ခုံ Foundation ရှိတာလေ။ အဲဒီလို ပုံစံမျိုးနဲ့ဆို အဆင်ပြေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ဗိသုကာအသင်း (AMA) က ထုတ်ပြန်ခဲ့သော စာရင်းများအရ မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံဒေသအတွင်း ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၂၂ ခု ရှိကြောင်း သိရသည်။