ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်းရှိ မြေတချိုနှင့် ပတ်သက်၍ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ မြေပေးမိန့် ရရှိထားသဖြင့် ယင်းမြေများကို ပြန်လည် စွန့်လွှတ်မည် မဟုတ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။
ဒေသခံ တောင်သူများတွင် ပိုင်ဆိုင်မှု အထောက်အထား တစုံတရာ ပြနိုင်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ရှမ်းပြည်နယ် ကျေးသီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင် ကျော် ၏ ကျေးသီး မြို့နယ်၊ အမှတ် ၁၃၁ ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်မြေအဖြစ် သိမ်းယူရာတွင် ပါဝင် သွားသော နမ့်ကုန်းရေကန် ရေဝေရေလဲ ဧရိယာ ၃၁ ဧကနှင့် တောင်သူများ၏ တောင်ယာစိုက်ခင်း ၁၆၅ ဧကအား ပြည်သူပိုင် အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ဗိုလ်ချုပ် မြင့်နွယ်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
“တောင်သူများ၏ စိုက်ခင်းမြေ ၁၆၅ ဧကသည် တပ်မြေသိမ်းယူစဉ်ကပင် ယာယီတောင်ယာ စနစ်ဖြင့် စိုက်ပျိုးခဲ့သော ရွှေ့ပြောင်း တောင်ယာမြေ၊ သုသာန်မြေ၊ မြေလွတ်မြေလပ် အမျိုးအစားဖြစ်ပြီး သုသာန်မြေကိုလည်း မြေနေရာသစ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်ခြင်းကြောင့် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ရခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော် တွင် ရှင်းပြသည်။
ထို့ပြင် ယင်းဒေသရှိ တပ်ရင်း၏ အဆောက်အအုံ စက်ပစ်ကွင်းများနှင့် နီးကပ်စွာ တည်ရှိနေခြင်းတို့ကြောင့် လုံခြုံရေး အရ ပြန်လည် စွန့်လွတ်ပေးနိုင်ခြင်း မရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းတွင် တောင်သူများ၏ စိုက်ခင်း မြေ ၁၆၅ ဧကဟု ဆိုသော်လည်း တပ်မြေ သိမ်းယူစဉ်က ရွှေ့ပြောင်း တောင်ယာမြေ ၁၅ ဧက၊ သုသာန်မြေ ၃.၅ ဧက၊ မြေလွတ်မြေလပ် ၅၆၁.၅ ဧက တို့ဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ပြောသည်။
ယင်းမြေများကို တပ်မတော်က ပြန်မပေးဘူးဟု ဆိုသောကြောင့် မြေယာကို မှီခိုအားထား၍ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေရသူများ အခက်အခဲ ဖြစ်နိုင်ကြောင်း၊ တောင်ယာမြေ မဟုတ်ဘဲ သုသာန်မြေဟု အကြောင်းပြသော်လည်း ပြည်သူလူထုက တောသူ တောင်သားများ ဖြစ်၍ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ရမည်ကို နားမလည်ကြောင်း၊ သို့ဖြစ်၍ သိမ်းဆည်း သည့် အခါ ပါသွားခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်က ပြောဆိုသည်။
၎င်းက “သိမ်းထားတာလည်း ကြာပြီ။ သူတို့ တပ်ရင်းတွေ တည်ကတည်းက ခေတ်အဆက်ဆက် ပြန်မရခဲ့ဘူး။ အခု လည်း ဘာမှ မလုပ်ထားဘူး။ ဒါပေမယ့် ခြံစည်းရိုးခတ်ထားတယ်။ လုံခြုံရေးအရတော့ ဘယ်လို ယူဆလဲ ကျနော်တို့ တော့ နားမလည်ဘူး။ တောင်သူတွေက တင်ပြလို့ လွှတ်တော်မှာ တင်ရတာ”ဟု လွှတ်တော် အပြီးတွင် သတင်း ထောက်များကို ပြောသည်။
ထို့ပြင် တပ်မတော်က သိမ်းယူထားသည့် နမ့်ကုံး ရေဝေရေလဲကန်သည် ကျေးသီးမြိ့နယ် ဒေသခံများက သောက်သုံး ရေ သွယ်ယူခြင်း၊ လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်ခြင်း၊ ယင်းရေကန်မှတဆင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကို အသုံးပြုနေရသဖြင့် ယင်းကန်ကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့်အခါ ရေဝေရေလဲ ပြုပြင်ထိန်းသိမ်းခြင်း၊ ရေနုန်းများ သန့်ရှင်းရေး ပြုလုပ်ရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း ဦးစိုင်းအောင်ကျော်က လွှတ်တော်တွင် ပြောပြသည်။
နမ့်ကုံး ရေကန်သည် ၁၉၈၉၊ ၉၀ ခုနှစ်များက ကန်ပြိုပျက်သွားသောကြောင့် နဝတ အစိုးရခေတ်တွင် ပြည်သူနှင့် အစိုးရ ပူးပေါင်းပြီး ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာနက ကန်၏ စိမ်းလန်းစိုပြည် သာယာလှပရေး အတွက် ကျပ် ၁၈၇ သန်း ချထားပေးပြီး မွမ်းမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်သူများ အသုံးပြုလျက်ရှိသည့် နမ့်ကုံး သဘာဝရေများ ထွက်ရှိသည့် ရေကန်နှင့် ရေဝေရေလဲနေရာ ၃၁ ဧကကို မြို့နယ် အတွင်းရှိ ပြည်သူလူထု၊ ရဟန်းသံဃာနှင့် ရပ်မိရပ်ဖများ၏ သဘောဆန္ဒအတိုင်း အများပြည်သူပိုင် အဖြစ် ပြန်လည် စွန့်လွှတ်ပေးသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ပြောကြားသွားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် မူလလျာထားချက်ထက် ပိုမို၍ စွန့်လွှတ်မည့်မြေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံပြီး ဖြစ်သော်လည်း ဌာနဆိုင်ရာများ အပါအဝင် ပြည်သူများက တောင်းခံလာသော မြေများနှင့် စပ်လျဉ်း၍ ကိစ္စ တခုချင်းအလိုက် စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။