မြန်မာနိုင်ငံအတွင်း အမုန်းစကား ဖြန့်ချိမှုများတွင် Facebook သည် ကျယ်ပြန့်သည့် အခန်းကဏ္ဍ တခုမှ ပါဝင်နေကြောင်း မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်နိုင်ခြေများကို စုံစမ်းစစ်ဆေး နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ Reuters သတင်းက ဆိုသည်။
“မြန်မာနိုင်ငံမှ အမုန်းစကားများကို Facebook မှ ဖယ်ရှားရန်ကြိုးစား” ထိုသို့သော စကားများကို အမြဲတစေ ဖြန့်ချိသူများကို ပိတ်ပင်နေသည် ဟု Facebook က ပြောခဲ့ဖူးသော်လည်း ထိုသို့ ဝေဖန်မှု ကို မတ်လ ၁၂ ရက်နေ့ အထိ ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပေ။
လူမှုကွန်ရက် မီဒီယာသည် မြန်မာနိုင်ငံတွင် အဆုံးအဖြတ် ကျသော အခန်းမှ ပါဝင်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော အချက်အလက် ရှာဖွေရေး အဖွဲ့ ဥက္ကဌ မာဇူကီ ဒါရပ်စ်မင်း (Marzuki Darusman) က သတင်းထောက်များအား ပြောသည်။
“လူမှုကွန်ရက်က ပြည်သူတွေကြားမှာ မုန်းတီးမှုတွေ၊ သဘောထား ကွဲမှုတွေနဲ့ ပဋိပက္ခတွေကို အရမ်း ကို ကြီးမားစေတယ်။ အမုန်းစကားတွေက ဒီလို ဖြစ်နေတာတွေရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်။ မြန်မာ နိုင်ငံမှာ ဆိုရင်တော့ လူမှုကွန်ရက်ဆိုတာ ဖေ့စ်ဘုတ်ပဲ။ Facebook ဆိုတာ လူမှုကွန်ရက်ပဲ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီကလည်း Facebook သည် အများပြည်သူ ဆိုင်ရာ၊ ပြည်သူ့ဝန်ထမ်းများ ဆိုင်ရာနှင့် ပုဂ္ဂလိက လူမှု ဘဝများတွင် ကြီးမား သည့် အစိတ်အပိုင်းမှ ပါဝင်ကြောင်းနှင့် အစိုးရသည် အများပြည်သူသို့ သတင်းထုတ်ပြန်ရန် Facebook ကို သုံးရကြောင်း ပြောသည်။
“မြန်မာနိုင်ငံမှာ အရာရာကို ဖေ့စ်ဘုတ်ကနေ လုပ်နေရတယ်” ဟု သူက သတင်းထောက်များအား ပြော ပြီး Facebook သည် ဆင်းရဲ နွမ်းပါးသော မြန်မာနိုင်ငံကို ကူညီနေသကဲ့သို့ အမုန်းစကားများကို ဖြန့်ချိရာတွင် အသုံးချ ခံနေရသည် ဟု ၎င်းကဆက်လက် ပြောကြားသည်။
“အရင်က အများပြည်သူဆိုင်ရာ သတင်းစကားဖြန့်ချိဖို့ သုံခဲ့ကြပေမယ့် ဗုဒ္ဓဘာသာထဲက အစွန်း ရောက်သူ တွေမှာ ကိုယ်ပိုင် အကောင့်တွေ ရှိပြီး ရိုဟင်ဂျာတွေ၊ အခြားလူမျိုးစုတွေ အပေါ် အကြမ်းဖက်မှုတွေ၊ အမုန်းစကားတွေကို လှုံ့ဆော်ကြတယ်” ဟု သူက ပြောသည်။
Facebook ဟာ မူလရည်ရွယ်ခဲ့ သလို ဖြစ်မလာဘဲ အရိုင်းအစိုင်း တကောင်လို ဖြစ်သွားမှာကို ကျမ စိုးရိမ်တယ်” ဟုလည်း သူက ဆက်ပြောသည်။
သဘောထား တင်းမာသူ မြန်မာသံဃာတော်များ အနက် အထင်ရှားဆုံးဖြစ်သော ဦးဝီရသူ၏ Facebook အကောင့်မှာ ပိတ်သိမ်းခံခဲ့ရသည်။
Facebook သည် အမုန်းစကားများကို အမြဲဖြန့်ချိသူများ၏ ရေးသား တင်ပြချက်များကို တခါတရံ ဆိုင်းငံ့ထားတတ်သလို ဖယ်ရှားပစ်သည်လည်း ရှိသည်ဟု လွန်ခဲ့သောလက ဦးဝီရသူနှင့် ပတ်သက် သော မေးခွန်းတခုကို ဖြေကြားရာတွင် Facebook က ပြောသည်။
“လူတယေက်က အမုန်းအားပေးတာတွေကို ဆက်တိုက် တင်လာရင် ကျနော်တို့က ဆိုင်းငံ့ထားတာတို့၊ သူတို့ အကောင့်ကို လုံး၀ ပိတ်လိုက်တာတို့ လို အရေးယူမှု အမျိုးအမျိုး လုပ်နိုင်တယ်” ဟု ဆိုသည်။
(Reuters သတင်းတရပ်တွင် ဖော်ပြထားသည့် U. N. rights investigators hit ‘beast’ Facebook’s role in spreading hate speech amid Myanmar crisis ကို ဘာသာပြန်သည်။)