သတင်း

RCSS နှင့် TNLA တိုက်ပွဲကြောင့် နမ္မတူမြို့နယ်၌ ဒေသခံ ၈၀၀ ကျော် တိုက်ပွဲရှောင်နေရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲ၊ နမ့်ဆန်မြို့နယ်များ၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား ယခုရက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ ၈၀၀ကျော်မှာ တိမ်းရှောင်နေ ရကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် RCSS နှင့် TNLA တို့အကြား မတ်လ ၁၀ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်ရှိ ပန်ကွပ်၊ နားတီး၊ မန်ဝါ၊ ပန်ဆော့ ကျေးရွာများမှ ဒေသခံ ၃၃၆ ဦးမှာ မန်စံရွာသို့ လည်းကောင်း၊ လူ ၁၀၀ကျော်ကို မန်ဟောင်ဘုန်းကြီးကျောင်း တွင် လည်းကောင်း၊ မြို့ပေါ်ရှိ ပုပ္ပါရုံ ကျောင်းတွင် ဒေသခံ ၂၀၀ ကျော်ကိုလည်း နေရာချထားပေးထား ကြောင်း နမ္မတူမဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစံနွမ်က ပြောသည်။

“မန်ဟောင် ဘုန်းကြီးကျောင်းလည်း ရောက်တယ်။ မန်စံဘုရားကုန်း ဘုန်းကြီးကျောင်းမှာရော၊ ကျမ တို့က မျှပြီး ထားတယ်။ တကျောင်းတည်းမှာ မထားနိုင်ဘူးလေ။ တကျောင်းထဲမှာ လူ ၂၀၀ ကျော် ၃၀၀ ကျော်ဆို မထားနိုင်ဘူး။ အဲဒါကြောင့်မို့လို့ မန်ဟောင် ဘုန်းကြီးကျောင်းမှာ တနေရာ ထားတယ်။ အခုက နမ္မတူက ပုပ္ပါရုံကျောင်းကိုလည်း ၂၀၀ ကျော် ရွေ့သွားပြီ။ အခု လောလောဆယ်ပေါ့နော်။ လတ်တလော ဖြစ်တဲ့ဟာပေါ့” ဟု ၎င်းကပြောသည်။

ထို့အပြင် မတ် ၁၂ ရက်က ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အကြား နားဆိုင်းကျေးရွာ၊ ပန်လော ကျေးရွာ တို့တွင် ထပ်မံ၍ RCSS နှင့် TNLA အကြား တိုက်ပွဲ ဖြစ်ပွားရာ ဒေသခံ ၄၇၈ ဦးသည် မိုင်းယုကျေးရွာရှိ ဘုန်ကြီးကျောင်းဘက်သို့ တိုက်ပွဲရှောင်လာခဲ့ကြကြောင်း သိရသည်။

အလားတူ မတ် ၁၃ ရက်တွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် နားဆိုင်းအုပ်စုထဲတွင် ပါဝင်သော ကျေးရွာ တရွာမှ ဒေသခံ ၇၀ ဦးသည် မန်စံကျေးရွာမှ မန်စံဘုန်းကြီးကျောင်းဘက်သို့ တိုက်ပွဲရှောင်လာခဲ့ကြ ရသည်ဟု ရှမ်းပြည် နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစံနွမ်က ဆက်ရှင်းပြသည်။

လက်ရှိတွင် RCSS နှင့် TNLA တို့အကြား နမ္မတူမြို့နယ်၊ ဘိန်းထွန်းကျေးရွာ အထက်ပိုင်းတွင် တိုက်ပွဲဖြစ်နေ သကဲ့သို့ ကျောက်မဲမြို့နယ် – နမ့်ဆန်မြို့နယ် အကြားတွင်လည်း တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောသည်။

“ဒီနေ့ မတ် ၁၃ ရက်မှာလည်း ကြိုကြား ကြိုကြား ဖြစ်နေတယ်လို့ သိရတယ်။ ဒါပေမယ့် အသေး စိတ် တော့ မသိရသေးဘူး။ နမ္မတူ မြို့နယ်ရော၊ ကျောက်မဲနဲ့ နမ့်ဆန်ကြားမှာပါ။ နမ္မတူ ဘိန်းထွန်း အထက် နားကျတယ်။ ကျောက်မဲနဲ့ နမ့်ဆန်ကြားမှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

RCSS နှင့် TNLA အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက မိမိ အနေဖြင့် အသေးစိတ် မသိသည့်အတွက် မဖြေကြားလိုကြောင်း ဆိုသည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ၂ ဖက် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွား ရန် ဆောင်ရွက်နေသော်လည်း လက်ရှိ အခြေအနေထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရ သည်။

TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က “အရင်ကတော့ ကျနော်တို့ ပြန်ပြီးတော့မှ တွေ့ဆုံဖို့ မူလ တွေ့ဆုံစဉ်က သဘောတူထားတယ်။ တွေ့ဆုံမယ့် ရက်ကတော့ အခုထိ မညှိနှိုင်းရသေးဘူး။ ရက်ချိန်းတော့ မရသေးဘူး။ သူတို့ဘက်က အားမယ့် အချိန်ကို ပြန်ဆက်သွယ် မယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ တပတ်လောက်ကတော့ ကျနော်တို့ဘက်က စာရေး ပို့တာတော့ ရှိတယ်။ သူတို့ ဘက်ကတော့ ဘာမှ အကြောင်း မပြန်သေးဘူး” ဟု ပြောသည်။

လက်ရှိတွင် နမ္မတူမြို့နယ်အတွင်းသို့ တိုက်ပွဲရှောင်နေကြရသော ဒေသခံ ၈၀၀ ကျော်သည် စားနပ်ရိက္ခာ အပါအဝင် နေရာထိုင်ခင်းနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ် နန်းစံနွမ်က ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading