အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် မေလအတွင်းတွင် တွေ့ဆုံလိမ့်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်သည်။
အကယ်၍ တွေ့ဆုံမှု ပေါ်ပေါက်ခဲ့ပါက အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များကြားတွင် သမိုင်း၌ ပထမဆုံး တွေ့ဆုံမှု ဖြစ်လာမည် ဖြစ်သည်။
ညူကလီးယား လက်နက် အမြဲတမ်း ဖျက်သိမ်းရေး ကင်ဂျုံအွန်းနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သူ့ကို ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ အမျိုးသား လုံခြုံရေးရုံး၏ အကြီးအကဲ ချွန်အွီယောင်းက အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်၌ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ ဆာရာဆန်းဒါးစ်က နေရာနှင့် အချိန်ကို ရွေးချယ်ဆုံးဖြတ်ပြီးသည့်အခါ တွေ့ဆုံရန် မြောက်ကိုရီးယား ခေါင်းဆောင်၏ မေတ္တာရပ်ခံမှုကို သမ္မတ ဒေါ်နယ်ထရမ့်က လက်ခံခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။
“မြောက်ကိုရီးယားရဲ့ နယူကလီးယားလက်နက် ဖျက်သိမ်းရေးကို ကျမတို့ မျှော်လင့်ထားပါတယ်။ တချိန်တည်းမှာပဲ ပိတ်ဆို့ အရေးယူမှုများနဲ့ အမြင့်ဆုံး ဖိအားကို ဆက်လက်ထားရှိရမှာ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။
ကင်ဂျုံအွန်းက မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် နောက်ထပ် ညူကလီးယား စမ်းသပ်မှုများကို ရှောင်ကျဉ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်နှင့် တတ်နိုင်သမျှ အမြန်ဆုံး တွေ့ဆုံနိုင်ရန် စိတ်အားထက်သန်မှုကို ဖော်ပြခဲ့ကြောင်း ချွန်အွီယောင်းက ပြောသည်။
ချွန်အွီယောင်းသည် တောင်ကိုရီးယား သမ္မတ မွန်ကျဲအင်း၏ ကိုယ်စားလှယ် အနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနှင့် မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့သည်။
ချွန်အွီယောင်း၏ အမေရိကန် ခရီးစဉ်တွင် သမ္မတ ဒေါ်နယ်ထရမ့်အပြင် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး H. R. McMaster နှင့်လည်း တွေ့ဆုံခဲ့ပါသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြားမှ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်၍ ကင်ဂျုံအွန်းက မြောက်ကိုရီးယား အစိုးရ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှုတခု အနေဖြင့် နားလည် မြင်သည့်အပြင် ဒေသတွင်းရှိ အမေရိကန်၏ အခြား မဟာမိတ်ဖြစ်သော ဂျပန်ကိုလည်း ဒုံးကျည်များ ဖြတ်ကျော်ပစ်လွှတ်ပြပြီး စိန်ခေါ်နေခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဧပြီလ အတွင်းတွင် အမေရိကန်နိုင်ငံသို့ သွားရောက်၍ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း မတ်လ ၉ ရက်နေ့ မနက်ပိုင်းတွင် ပြောကြားခဲ့သည်။ အမေရိကန် သမ္မတနှင့် တယ်လီဖုန်း မှ တဆင့် စကားပြောခဲ့ပြီးသည့် နောက် ရှင်ဇိုအာဘေးက တိုကျိုမြို့ရှိ သူ၏ နေအိမ်တွင် သတင်းထောက်များကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတနှင့် တွေ့ဆုံရန် မြောက်ကိုရီးယား အစိုးရ၏ စိတ်အားထက်သန်မှုမှာ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့က မြောက်ကိုရီးယားနိုင်ငံ အပေါ် ဖိအားပေးရန် ပူးတွဲကြိုးပမ်းခဲ့ ကြခြင်းကြောင့် ဖြစ်သည်ဟု သူက ပြောသည်။
မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံမည့် သတင်းထုတ်ပြန်ခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင် ဒေါ်နယ်ထရမ့်က သူ၏ Twitter တွင် ထိုကိစ္စနှင့် ပတ်သက်၍ ရေးသားခဲ့သည်။
“ကင်ဂျုံအွန်းက ညူကလီးယား လက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်လို့ တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ရပ်တန့်ရုံ သက်သက် မဟုတ်ပါဘူး။ ဒီကာလအတွင်းမှာ မြောက်ကိုရီးယားရဲ့ ဒုံးပျံ စမ်းသပ်မှုတွေလည်း မရှိပါဘူး။ ကြီးမားတဲ့ တိုးတက်မှုတခု လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီချက် တခု ရတဲ့ အချိန်အထိ အရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေပါလိမ့်မယ်။ တွေ့ဆုံမှုအတွက် စီစဉ်နေပါတယ်” ဟု သူက ရေးသားခဲ့သည်။
စီစဉ်ထားသည့် တွေ့ဆုံမှုက “ကိုရီးယား ကျွန်းဆွယ်တွင် ညူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် ခိုင်မာတောင့်တင်း သော ငြိမ်းချမ်းရေး ရရှိရေး အရေးကြီးသော အလှည့်အပြောင်းတရပ် ဖြစ်ကြောင်း” တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားက အမေရိကန်နိုင်ငံနှင့် အနီးကပ် ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ကတိပြုခဲ့သည်။
တွေ့ဆုံရန် ကြေညာခြင်းနှင့် ပတ်သက်၍ ထိတ်တန်းလျှို့ဝှက်ချက်အဖြစ် ထားရှိခဲ့ပြီး အမေရိကန်၏ မဟာမိတ်များနှင့် အမေရိကန် အစိုးရ အတွင်းမှာပင် ဖုံးကွယ်ထားခဲ့သည်။ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့တွင် အဓိကကျသည့်လူ လက်တဆုပ်စာကသာ ထိုကိစ္စနှင့် ပတ်သက်၍ သိရှိခဲ့ကြသည်ဟု ယူဆရပါသည်။ ကြေညာချက် မထုတ်ပြန်မီ အချိန်တွင် ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၏ သတင်းစာ ရှင်းလင်းပွဲသို့ ရှားရှားပါးပါး ရောက်လာခဲ့ပြီး မကြာမီ မြောက်ကိုရီးယားနှင့် ပတ်သက်၍ သတင်းကြီးတခု ရှိလာမည် ဖြစ်ကြောင်းကို သဲလွန်စ ပေးခဲ့သည်။
Mitsui Sumitomo Asset Management မှ ဗျူဟာဆိုင်ရာ အကြီးတန်း ပညာရှင်တယောက်ဖြစ်သည့် မာဆာဟီရို အိချိကာဝက ကင်ဂျုံအွန်းနှင့် ဒေါ်နယ်ထရမ့်တို့ကြား တွေ့ဆုံမှုကို မမျှော်လင့်သည့် အရွေ့တခု အဖြစ် ခေါ်ဝေါ် ခဲ့သည်။ “တွေ့ဆုံမှု မတိုင်မီမှာ နောက်ထပ် ဒုံးပျံ ပစ်လွှတ်မှု သို့မဟုတ် နယူကလီးယား စမ်းသပ်မှု ဖြစ်လာဖွယ် မရှိပါဘူး။ အဲဒါက အခုအချိန်မှာ ဂျပန်ဈေးကွက်အတွက် ပထဝီနိုင်ငံရေးဆိုင်ရာ စွန့်စားရမှုတွေကို လျှော့ချပေးပါတယ်” ဟု သူက ပြောသည်။
သို့သော်လည်း ၂ ဘက် ထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်၍ ကျွမ်းကျင်သူ အချို့ က ဝေဖန်ခဲ့ကြသည်။
“ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်က အဓိကျတဲ့ ဗျူဟာ လောင်းကြေးတင်မှု တခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ညူကလီးယား လက်နက်ဖျက်သိမ်းရေးကို ဦးတည်မှာ မဟုတ်ပါဘူး။ အဲဒီအစား ကင်ဂျုံအွန်းအစိုးရရဲ့ ရပ်တည်မှုနဲ့ တရားဝင်ဖြစ်မှုကို ပိုအားကောင်းသွားစေပြီးတော့ သူ့ကို ညူကလီးယား လက်နက် ထုတ်လုပ်နိုင်အောင် အချိန်ပေးသလို ဖြစ်သွားပါလိမ့်မယ်။ အရေးယူပိတ်ဆို့မှုတွေ လျော့ပါးရေး သူက ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်သွားပါ လိမ့်မယ်” ဟု Eurasia Group ၏ သုတေသန မှတ်ချက်တခုက ရေးသည်။
ထိပ်သီးဆွေးနွေးပွဲက ကင်ဂျုံအွန်းကို အမေရိကန် သမ္မတနှင့် တန်းတူ အဆင်အတန်းပေးလိုက်သလို ဖြစ်သွားစေနိုင်ပြီး မြောက်ကိုရီးယားကို ညူကလီးယား စွမ်းအားရှိသော နိုင်ငံတခုအဖြစ် သတ်မှတ်ခံရရန် သူ၏ ကြိုးစားမှုကို အင်အားခိုင်မာသွားစေလိမ့်မည်ဟု The political risk consultancy ကလည်း မှတ်ချက်ပေးသည်။