သတင်း

ရိုဟင်ဂျာများအား အငတ်ထားဟု ယန်ဟီးလီ စွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

လက်ကျန် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ ထွက်ပြေးစေရန် မြန်မာ အစိုးရသည် အငတ်ထားရေး မူဝါဒကို ကျင့်သုံးနေပုံရသည် ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး ယန်ဟီးလီက မတ်လ ၁၂ ရက်နေ့တွင် ပြောသည်။

ထို့အပြင် မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင်လည်း ထိုးစစ်သစ်များ ဆင်နွှဲနေသည်ဟု အထူး အစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီက ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပြောသည်။

ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်စလင်များ အပေါ် ရက်စက်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု လက္ခဏာများ ရှိသည် ဟုလည်း ယန်ဟီးလီ က ပြောသည်။ ရုံးတင် တရားစွဲဆိုနိုင်ရေး အတွက် အထောက်အထားများ ရှာဖွေရန် ရိုဟင်ဂျာ ၆ သိန်း ၅ သောင်းကျော် ထွက်ပြေးသွားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဖွဲ့တဖွဲ့စေလွှတ်ရန်လည်း သူက လူ့အခွင့်အရေးကော်မရှင်ကို တောင်းဆိုသည်။

ဂျနီဗာရှိ မြန်မာသံအမတ် ဦးထင်လင်းက ယန်ဟီးလီ၏ ပြောကြားချက်များကို ကန့်ကွက်ပြီး ယန်ဟီးလီကို ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုသည်။

ရခိုင်ပြည်နယ်မှ လတ်တလော အကြမ်းဖက်မှုများသည် မကြာသေးမီ နှစ်များ အတွင်း အဆိုးဆုံး ဖြစ်ကြောင်းနှင့် မြန်မာ အစိုးရသည် ရှမ်းနှင့် ကချင်ပြည်နယ်များ တွင်လည်း လူမျိုးစု လက်နက်ကိုင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်းလည်း ယန်ဟီးလီက ဆိုသည်။

ကချင်ပြည်နယ်မှ ရွှေနှင့် ပယင်းတူးဖော်ရာ တနိုင်းတွင် မြန်မာ့တပ်မတော်သည် လွန်ခဲ့သော သီတင်းပတ်က အမြောက်ကြီးများ အသုံးပြုပြီး မြေပြင် ထိုးစစ်သစ်များ ဆင်နွဲနေသည့် သတင်းများ ရရှိသည်ဟုလည်း သူက ပြောသည်။

မြန်မာ့တပ်မတော်သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း ကရင်မျိုးသား အစည်းအရုံး၏ ထိန်းချုပ်ဒေသ ဖြစ်သော ကရင်ပြည်နယ် ဖာပွန် ခရိုင် အတွင်းသို့ ဝင်ရောက်သွားသည် ဟုလည်း သူက ပြောသည်။

“ဒီအပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်မှုဟာ ကျေးရွာပေါင်း ၁၅ ရွာက ရွာသူရွာသား ၁၅၀၀ ကို ထွက်ပြေးစေခဲ့တယ်။ ဒီလို ထိုးစစ် ဆက်လက် ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ကျမ အရမ်းစိုးရိမ်တယ်။ ငြိမ်းချမ်းရေး ရနိုင်မယ့်လမ်းက အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပဲ ဖြစ်တယ်၊ စစ်အင်အား မဟုတ်ဘူး” ဟုလည်း သူမက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး ကော်မရှင် ဥက္ကဋ္ဌ မာဇူကီ ဒါရပ်စ်မင်း (Marzuki Darusman) ကလည်း သူ၏ အဖွဲ့သည် ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်များနှင့် အခြား နေရာများတွင် လုံခြုံရေးတပ်များကို စွပ်စွဲမှု အများအပြား လက်ခံရရှိသည် ဟု ပြောသည်။

“အခုအချိန် အထိ ချက်အလက်ရှာဖွေရေးအဖွဲ့က ရရှိတဲ့ အချက်အလက် အားလုံးဟာ အမျိုးသမီးတွေ အပါအဝင် အားလုံးကို အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့သဘော ပြသနေပါတယ်” ဟုလည်း သူက ပြောသည်။

“အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရစဉ်အတွင်း မျက်နှာမှာ အသားတွေ ပုံပျက်အောင် အကိုက်ခံထားရတဲ့ အမျိုးသမီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်” ဟုလည်း သူက ပြောသည်။

မြန်မာသံအမတ် ဦးထင်လင်းက ဝေဖန်မှုများကို အသေးစိတ် တုံ့ပြန်ခြင်း မရှိသော်လည်း စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံခေါင်းဆောင်ပိုင်းက လျစ်လျူရှုထားသည်ဟု ပြောဆိုခြင်းမှာ မမှန်ကန်ကြောင်း ပြောသည်။

“အစိုးရနဲ့ ခေါင်းဆောင်ပိုင်းဟာ ဒီလို ရာဇဝတ်မှုမျိုးတွေကိုု ဘယ်တော့မှ သည်းမခံပါဘူး။ အထောက်အထား ရှိရင် အရေးယူဖို့ အဆင်သင့်ပဲ” ဟု ဦးထင်လင်းက ပြောသည်။ ။

ကိုးကား ။ ။ Reuters

Did you find apk for android? You can find new Free Android Games and apps.
Loading