အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အတည်ပြုပြီးပါက ကျော်စော သတင်း ထွက်နေသူ များအား ကော်မရှင်မှ စုံစမ်းစစ်ဆေး အရေးယူနိုင်သည့် လုပ်ပိုင်ခွင့်များ ရရှိလာမည်ဟု အမျိုးသားလွှတ်တော် အစည်း အဝေးမှ သိရသည်။
မတ်လ ၁၃ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးခဲ့ကြသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက “ကျော်စောသတင်းကို လုပ်ပိုင်ခွင့်က ကော်မရှင်မှာ အပြည့်အဝ ရှိတယ်။ ကော်မရှင်က ဒီလူဟာ ကျော်စော သတင်းရှိတယ်ဆိုရင် လုပ်လို့ ရသွားပြီ။ ကော်မရှင်က ဒီလူသည် ဒီလောက် အချက်အလက်နဲ့တော့ ကျော်စော သတင်းလို့ မသတ်မှတ်ဘူးဆိုလည်း ရတယ်။ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ပဲ” ဟု လွှတ်တော် အစည်အဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
ယခု ပြင်ဆင်လိုက်သည့် ပုဒ်မ ၄၃ (ခ) ကို အတည်ပြုပြီးပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် လုပ်ပိုင် ခွင့် များ ပိုမိုကျယ်ပြန့်မည်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းထားသည့် ကော်မရှင်သည် ယခင်ကော်မရှင် အဟောင်းထက် ပို၍ အလုပ်လုပ်ကြောင်းလည်း ဦးဇော်မင်းက ပြောဆိုသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) မှ ဒေါ်နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး က “အခုပြင်ဆင်တာကို ထောက် ခံပါတယ်။ အဂတိလိုက်စားမှုကြောင့် ကျော်စော သတင်းတရပ်ကို ကော်မရှင်က စုံစမ်း အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့်တရပ် ဖြစ်ပါတယ်။ ဥပဒေတွေ အားနည်းခဲ့လို့ ကျော်စော သတင်းရှိပါလျက်နဲ့ အရေးမယူနိုင်တာတွေ ဖြစ်ခဲ့ရပါတယ်”ဟု လွှတ် တော်တွင် ထည့်သွင်းဆွေးနွေးသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွင် မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား လျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည် ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ယင်းနေရာတွင် ထောင်ဒဏ် ၁၅ နှစ်အစား ထောင်ဒဏ် နှစ် ၂၀ ချမှတ်သည့် အပြင် ငွေဒဏ်လည်း ချမှတ်ရမည်ဟု ပြင် ဆင် ပြဋ္ဌာန်းသင့်ကြောင်း ဧရာဝတီတိုင်း မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းမြင့်က ပြော သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို မြန်မာနိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံက လက်မှတ်ရေးထိုး အတည်ပြုပြီး ဖြစ်သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗန်းရှင်း သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် လိုက်လျော ညီထွေမှု ဖြစ်စေရန် ဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း ကော်မရှင်၏ အတွင်း ရေးမှူး ဦးစန်းဝင်းကပြောသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း က “တကယ် ကျူးလွန်တဲ့သူတွေ အပြစ်ပေါ့သွားမှာ စိုး တယ်။ အပြစ်ပေါ့သွားရင် တသက် စားမကုန်ဘူးဆိုရင် သူတို့က လုပ်မှာပဲလေ။ လက်ရှိ အနေအထားမှာ ပြည်သူတွေ က ပြောင်းလဲချိန်တန်ပြီ ဆိုပြီး ဘာမှ မပြောင်းလဲဘူး။ ဌာနဆိုင်ရာ လာဘ်စားတာ မပြောင်းလဲဘူး။ ပိုတောင် ဆိုးသေး တယ်။ ဒီဟာတွေကို ပပျောက်အောင် အဓိက ပြောချင်တာ”ဟု မီဒီယာများကို ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပထမ အကြိမ်လွှတ်တော် သက်တမ်း ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ယခင် အစိုးရ လက်ထက်တွင် တိုင်ကြားမှုပေါင်း ၆၀၀ ရှိခဲ့ပြီး ၃ မှုကိုသာ စစ်ဆေးနိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တိုင်ကြားစာပေါင်း ၄၃၅၃ စောင်ရှိခဲ့ပြီး ၄၆ စောင်ကိုသာ စစ်ဆေး အရေးယူနိုင်ခဲ့သဖြင့် ယင်းကဲ့သို့ ကြန့်ကြာမှုများ မရှိစေရန် နှင့် အရေးယူ ဆောင်ရွက်မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်စေလိုကြောင်း ဒေါက်တာ အားကာမိုး က လွှတ်တော်တွင် ထောက်ပြ ဆွေးနွေးသွားသည်။