အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တေလာဆွန်ကို လူမှုကွန်ရက် Twitter မှတဆင့် အလုပ်ဖြုတ် လိုက်ကာ CIA ညွှန်ကြားရေးမှူး မိုက်ခ် ပွမ်ပီယိုနဲ့ အစားထိုးမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါအပြင် လစ်လပ်သွားတဲ့ CIA ညွှန်ကြားရေးမှူး မိုက်ခ် ပွမ်ပီယိုရဲ့ နေရာမှာ ဂျီနာ ဟက်စ်ပယ် ကို CIA ရဲ့ ပထမဆုံး အမျိုးသမီး ညွှန်ကြားရေးမှူး အဖြစ် အမည်တင်သွင်းခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တေလာဆွန်ရဲ့ ပြောခွင့်ရသူကတော့ ရက်ဇ် တေလာဆွန်အနေနဲ့ အလုပ် ဖြုတ်ကြောင်းကို သမ္မတဒေါ်နယ် ထရမ်ရဲ့ Twitter မှာ တင်တာကို တွေ့တဲ့အချိန်ကျမှာသာ တွေ့ရ ပြီးနောက် အလုပ်ပြုတ်ပြီဆိုတာ သိခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တေလာဆွန်ရဲ့ အကြားမှာ ပြီးခဲ့တဲ့နှစ် ရာထူး ခန့်အပ်ချိန်ကစလို့ လူသိရှင်ကြား သဘောကွဲလွဲမှုတွေ ရှိနေတာပါ။
မတ်လ ၁၃ရက်နေ့က အိမ်ဖြူတော် အပြင်ဖက် သတင်းထောက်များနဲ့ တွေ့တဲ့အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က “သဘောမတူတာတွေ ရှိပေမယ့် ကျနော်တို့ တကယ်ကို အဆင်ပြေပါတယ်၊ အီရန် သဘောတူညီချက်နဲ့ ပတ်သက်လို့ ကြည့်မယ်ဆိုရင် ကျနော်က အဲဒါကို ဆိုးရွားတဲ့ ကိစ္စလိုထင်တယ်။ သူကတော့ ကောင်းတယ်လို့ မြင်ပုံရတယ်” လို့ ရက်ဇ် တေလာဆွန်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။
ဒါအပြင် အသစ်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနဲ့ ပတ်သက်ပြီး “သူကတော့ ကျနော် တို့နဲ့ အတွေးအခေါ် အလွန်တူတာတွေ ရှိပါတယ်။ အဲဒါက အလွန်အဆင်ပြေလိမ့်မယ်လို့ ထပ်ပါတယ်” လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါ တယ်။
ရက်ဇ် တေလာဆွန်ဟာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက်မှာ အလုပ်ထွက်သွားတာ သို့မဟုတ် အလုပ်ဖြုတ်ခံရတဲ့ ထိပ်တန်းအရာရှိ အများအပြားထဲက နောက်ဆုံးတယောက်လို့ဆိုရမှာပါ။
အလုပ်ဖြုတ်ခံရတဲ့ အကြောင်း Twitter ကနေ အလုပ်ဖြုတ်ခံရကြောင်း သိရပြီး ၃ နာရီလောက် အကြာမှာတော့ သမ္မတက သူ့ဆီကို ဖုန်းဆက်ခဲ့တယ်လို့ ရက်ဇ်တေလာ ဆွန်က နောက်ပိုင်း သတင်း စာရှင်းလင်းပွဲ တခုမှာ ပြောခဲ့ပြီး၊ သူ့ရဲ့တာဝန်ကို မတ်လ ၃၁ရက်နေ့အထိ ထမ်းဆောင် သွားမယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆွန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဖရိကကို ရောက်နေခဲ့ပြီး၊ သမ္မတဒေါ်နယ် ထရမ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေဖို့ သဘောတူခဲ့တာ ကိုတောင် မသိလိုက်ရဘဲ ရာထူးက အဖြုတ်မခံရခင် နာရီအနည်းငယ် အလိုကမှ ဝါရှင်တန်ဒီစီကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ်တေလာဆွန်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ဖို့ သမ္မတက အမည်စာရင်းတင် သွင်းထားတဲ့ CIA ညွှန်ကြားရေးမှူး မိုက်ခ် ပွမ်ပီယို ကတော့ ရီပတ်ဘလီကင်ပါတီရဲ့ ကွန်ဂရက် (အောက်လွှတ်တော်) အမတ် အဖြစ် သက် တမ်း ၃ခု တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။
အီရန် အရေး နဲ့ ပတ်သက်ရင်လည်း သမ္မတဒေါ်နယ်ထရမ် နည်းတူ တင်းမာတဲ့ သဘောထား အမြင်ရှိ သူဖြစ်ပါတယ်။
မိုက်ခ် ပွမ်ပီယိုဟာ CIA ညွှန်ကြားရေးမှူးအဖြစ် ၁၄လကြာ တာဝန်ယူစဉ်အတွင်း သမ္မတဒေါ်နယ် ထရမ်ဆီကို နေ့စဉ် နေ့ တိုင်းသွားကာ ကိုယ်တိုင်ကိုယ်ကျ ထောက်လှမ်းရေးသတင်း အကျဉ်းချုပ်ကို အစီရင်ခံရတဲ့အတွက် သူတို့ ၂ဦးအကြား က ရင်းနှီးမှု ဆက်ဆံရေးဟာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုက်ခ် ပွမ်ပီယိုဟာ နိုင်ငံရေးအသွေးအရောင်ကို ဖုံးကွယ်မထားတဲ့ CIA ညွှန်ကြားရေးမှူး တွေထဲက တယောက် လည်းဖြစ်သလို အိမ်ဖြူတော် အပေါ်သစ္စာ စောင့်သိခြင်းကြောင့် CIA အကြီး အကဲ တာဝန် ဝတ္တရားတွေ လစ်ဟင်း ထိခိုက်စေခဲ့ တယ်လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။
တကယ်လို့သာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ်ဆိုရင် သူ့ရဲ့ ပိုမိုတင်းမာတဲ့ ကမ္ဘာ့ ရေးရာ အမြင်တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို သယ်ဆောင်လာဖို့လည်း ရှိနေပါတယ်။ သူ့ဟာ အီရန်နိုင်ငံနဲ့ အစွန်းရောက် အစ္စလာမ် အကြမ်းဖက်ဝါကို အမျိုးသား လုံခြုံရေး ထိပ်တန်း ခြိမ်းခြောက် မှု အဖြစ်မြင်ပါတယ်။
ဒါတွေ အားလုံးဟာ သမ္မတဒေါ်နယ်ထရမ်ရဲ့ အမြင်တွေနဲ့ တော်တော်လေးကို နီးစပ်မှုရှိတာကို တွေ့ရသလို မြောက်ကိုရီး ယားနဲ့ ပတ်သက်ရင်လည်း သမ္မတရဲ့ မာမာထန်ထန် ရပ်တည်မှုကို မိုက်ခ် ပွမ်ပီယို က အမြဲကာကွယ်ခဲ့ပါတယ်။
မိုက်ခ်ပွမ်ပီယိုဟာ ကျူးဘားမှာ ရှိတဲ့ အမေရိကန်ရဲ့ ဂွမ်တာနာမို အကျဉ်းထောင် ကို ဆက်လက်ထား ရှိဖို့ ထောက်ခံပြီး သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ်လက်ထက် CIA က အကြမ်းဖက်သမားလို့ သံသယ ရှိသူတွေ အပေါ်မှာ နှိပ်စက် ညှဉ်းပမ်းမှုတွေ အသုံးပြုခဲ့တာကို ထောက်ခံတဲ့ သူပါ။
“ဒီအမျိုးသား အမျိုးသမီးတွေက နှိပ်စက်ညှဉ်းပန်းတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့က မျိုးချစ်တွေပါ။ အသုံးပြုနေတဲ့ အစီ အစဉ်တွေက ဥပဒေနဲ့ အညီ၊ အခြေခံဥပဒေနဲ့ အညီဖြစ်တယ်” လို့ မိုက်ခ် ပွမ်ပီ ယိုက ကာကွယ်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ရုရှားနိုင်ငံနဲ့ ပတ်သက်ရင်တော့ မိုက်ခ် ပွမ်ပီယိုက အမေရိကန် စစ်ဘက် ထိပ်တန်းအရာရှိ ကြီးများနဲ့ ထပ်တူ တင်းမာတဲ့ သဘောထားအမြင်ရှိသူဖြစ်ပြီး၊ အိုဘားမား အစိုးရလက်ထက် ရုရှားကို မာမာထန်ထန်ဆက်ဆံခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ရုရှားနိုင်ငံက အမေရိကန် နိုင်ငံရဲ့ အမျိုးသားလုံးခြုံရေး ထိပ်တန်း ခြိမ်းခြောက်မှုတခု ဖြစ် တယ်လို့ ယူဆထားတဲ့ အတွက် ရုရှားနဲ့ ဆက်ဆံရေး တိုးတက်ချင်နေတဲ့ သမ္မတ ဒေါ်နယ်ထရမ် နဲ့ ဆန့်ကျင် ဖက်ဖြစ်နေ ပါတယ်။
ဒေါ်နယ်ထရမ် ကတော့ အကြမ်းဖက် ဝါဒလိုမျိုး ကမ္ဘာ့အဆင့် ပြဿနာတွေမှာ ရုရှားနဲ့ အတူ ပူးပေါင်းဖြေရှင်းတာဟာ ပိုကောင်းမယ်လို့ ယူဆထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတကာရေးရာတွေမှာ သမ္မတရဲ့ ကိုယ်စားစကားပြောရမယ့်သူ ဖြစ်ပြီး၊ တကယ်လို့ ရုရှားနဲ့ ပတ်သက်လို့ မိုက်ခ် ပွမ်ပီယို နဲ့ သမ္မတကြားမှာ သဘောတူမတူညီ တာတွေ ရှိလာမယ်ဆိုရင်တော့ အရေးပါတဲ့ အမျိုးသား လုံခြုံရေး ကိစ္စတခုမှာ ပွတ်တိုက်မှုတွေ ရှိလာနိုင်တဲ့ အလားအလာ ဖြစ်ပါတယ်။
သူဟာ အောက်လွှတ်တော်မှာ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ အတွက် လွှတ်တော်ထဲမှာရော အစိုးရအသိုင်း အဝိုင်းမှာပါ အဆက် အသွယ်တွေ ရှိလာပါလိမ့်မယ်။ တကယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့ရင် နိုင်ငံရေး နောက်ခံမရှိဘဲ အပြင်လူလို့ သတ် မှတ်ခြင်း ခံခဲ့ရတဲ့ ရက်ဇ်တေလာဆွန် ထက်ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်သူ တယောက်ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် မိုက်ခ် ပွမ်ပီယိုဟာ အကျိုးသင့် အကြောင်းသင့် ပြောဆိုတင်ပြရမယ့် အစား ဒေါ်နယ်ထရမ် ရဲ့ နဂိုဗီဇ ကို မီးလောင်ရာလေပင့် လုပ်ကောင်းလုပ်နိုင်တယ်လို့ အချို့က စိုးရိမ်နေကြပါတယ်။
မိုက်ခ် ပွမ်ပီယိုနေရာကို ဆက်ခံပြီး CIA ညွှန်ကြာရေးမှူးအသစ် အဖြစ် ခန့်အပ်ဖို့ သမ္မတဒေါ်နယ်ထရမ် ရွေးချယ်တဲ့ ဂျီနာဟက်စ်ပယ် ကလည်း နှိပ်စက်ညှဉ်းပန်းမှု ဆိုင်ရာ သမိုင်းကြောင်းတွေ ရှိခဲ့သူဖြစ် ပါတယ်။
အကြမ်းဖက်သမားလို့ သံသယရှိသူ ၂ ဦးကို ထိုင်းနိုင်ငံမှာ နှိပ်စက်စစ်ဆေးပြီးနောက် သူတို့လျှို့ဝှက် စစ်ဆေးမှု ဗီဒီယို မှတ်တမ်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရသူပါ။
အသက် ၆၁ နှစ် အရွယ် ဂျီနာ ဟက်စ်ပယ် ကို CIA ကို ဦးဆောင်ဖို့ သမ္မတက ရွေးချယ်လိုက်ခြင်း အပေါ်လွှတ်တော် ကိုယ်စားလှယ် အချို့နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ချက်ချင်းကန့်ကွက် ခဲ့ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သူမဟာ CIA ရဲ့ အမှောင်ဖက်က အခန်းကဏ္ဍတချို့မှာ အဓိကနေရာက ပါဝင် ခဲ့ပြီး၊ ဖမ်းဆီးထိန်း သိမ်းခံရ သူတွေကို ကြောက်စရာ နည်းလမ်းတွေနဲ့ စစ်ဆေးပြီး ညှဉ်းပမ်း နှိပ် စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ CIA ရဲ့ လျှို့ဝှက် အကျဉ်းထောင်တွေထဲက တခုကို ဂျီနာ ဟက်စ်ပယ် က တာဝန်ယူ ဦးစီးခဲ့ဖူးပါတယ်။
ဒါပေမယ့် အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ရစ်ချတ်ဘာ ကတော့ ဂျီနာ ဟက်စ်ပယ် ကို ထောက်ခံခဲ့ပါတယ်။ “ကျနော် ဂျီနာဟက်စ်ပယ် နဲ့ လူချင်းသိပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ အရေးအကြီးဆုံး အေဂျင်စီ တွေထဲက တခုကို ဦးဆောင်ဖို့ သူ့မှာ မှန်ကန်တဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ ရှိပါတယ်” လို့ပြောပါ တယ်။
ဂျီနာ ဟက်စ်ပယ် ရဲ့ ဦးဆောင်မှု အောက်မှာ CIA နဲ့ သူတို့ ကော်မတီရဲ့ ဆက်ဆံရေး ဆက်လက် ကောင်းမွန်နေမယ် ဆိုတာသိတယ် လို့လည်း သူကဆိုပါတယ်။
ဂျီနာ ဟက်စ်ပယ် ဟာ CIA ဝန်ထမ်းသက်တမ်း ၃၃ နှစ် အတွင်း နိုင်ငံခြားတိုင်းပြည်တွေမှာ အသွင်ယူ အေးဂျင့်တယောက် အဖြစ် အချိန်အများဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီး CIA ရုံးချုပ်မှာလည်း တာဝန် ယူခဲ့ဖူးပါတယ်။ CIA ရဲ့ လန်ဒန် ရုံးခွဲ အကြီး အကဲ လုပ်ခဲ့ဖူးသလို ၂၀၁၃ ခုနှစ်မှာ လျှို့ဝှက်ဌာန တခုမှာ တာဝန်ခံ အဖြစ် တာဝန်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကမှ CIA ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်လာခဲ့တဲ့ ဂျီနာ ဟက်စ်ပဲ ဟာ လူသိနည်းသူ တယောက်ဖြစ် ပေ မယ့် အထက်လူကြီး မိုက်ခ် ပွမ်ပီယိုက မိန့်ခွန်းပြောတာတွေ၊ မီဒီယာနဲ့ တွေ့ဆုံရ တာတွေ၊ သမ္မတနဲ့ တွေ့ဆုံရတာ တွေ စတဲ့ မျက်နှာပြရမယ့် အလုပ်တွေကို အချိန်ပေးနေရချိန်မှာ CIA ရုံးချုပ်ရဲ့ နေ့စဉ် လုပ်ငန်းတွေ စစ်ဆင်ရေးတွေ ကို သူက ဦးစီးနေခဲ့တာ ဖြစ်ပါတယ်။
ဂျီနာ ဟက်စ်ပယ် ဟာ မိုက်ခ် ပွမ်ပီယို လိုမျိုး သမ္မတ ဒေါ်နယ်ထရမ် နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိ သလားဆိုတာကတော့ သေသေချာချာ မသိရပါဘူး။
ဂျီနာဟက်စ်ပယ် နဲ့ မိုက်ပွမ်ပီယိုတို့ကို သက်ဆိုင်ရာ ရာထူးတွေမှာ ခန့်အပ်ဖို့ သမ္မတ ဒေါ်နယ်ထရမ် က အမည်စာရင်း တင်သွင်းထားပြီး ဖြစ်ပေမယ့် အမေရိကန် အထက်လွှတ်တော်က အတည်ပြုပြီး မှသာ တရားဝင် ခန့်အပ်ခြင်း ခံရမှာ ဖြစ်ပါတယ်။