“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နှင့် မိုင်းလား အဖွဲ့ (NDAA)တို့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်ခံလိုက်သည် ဆိုသော သတင်း မဟုတ်မှန်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
DVB သတင်းဌာနက ၂၀၁၈ ခုနှစ် မတ် ၁၄ ရက်တွင် UWSA နှင့် NDAA တို့ NCA ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အဲဒီ ပြောတဲ့သူကိုသာ ပြန်မေးလိုက်ပါဗျာ။ ကျနော်တို့ က ညှိနှိုင်း နေတုန်းပဲ ရှိပါသေးတယ်”ဟု ပြောသည်။
UWSA နှင့် NDAA သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်ကာ NCA မထိုးရေး၊ စာချုပ်အသစ် ဖော်ဆောင်ပေးရေး၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော FPNCC ဖြင့်သာ ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။
ထို့ကြောင့် အစိုးရသည် ငြိမ်းချမ်းရေး ကော်မရှင် (PC)က တဆင့် NCA လမ်းကြောင်းအတွင်း ပါဝင်လာရေး တွေ့ဆုံ ဆွေးနွေးမှု တချို့ကို တရုတ်ပြည်တွင် လည်းကောင်း၊ UWSA ၏ ဌာနချုပ် ပန်ဆန်းမြို့နှင့် NDAA ၏ ဌာနချုပ် မိုင်းလား မြို့တို့တွင် လည်းကောင်း ပြုလုပ်ခဲ့သည်။
UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်း က “ကျနော်လည်း တွေ့တယ် (DVB သတင်းတက်နေမှု)။ ကျနော့် အနေနဲ့ကတော့ ဘာမှ အသေးစိပ် မပြောနိုင်သေးဘူး။ ဌာနချုပ်နဲ့က တစုံတရာ ပြောတာ မကြားသေးဘူး။ အခုချိန်ထိတော့ ဌာနချုပ်က ဘာမှ ပြောဆိုတာ မရှိသေးဘူး။ ကျနော့်အနေနဲ့ အတည်ပြုလို့ မရသေးဘူး။ ဌာနချုပ်နဲ့ ဆက်သွယ် နေတုန်းပဲ။ ထူးခြားတာနဲ့ ကျနော်ပြောပါ့မယ်။ ဒီသတင်းကလည်း မီဒီယာတွေ အတော် စိတ်ဝင် စားတဲ့ ကိစ္စ၊ ပြည်သူ တရပ်လုံးက စိတ်ဝင်စားတဲ့ ကိစ္စလည်း ဖြစ်တယ်လေ။ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ထိလွယ် ရှလွယ်ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တော့ တော်တော် ဆင်ဆင်ခြင်ခြင်နဲ့ ကိုင်တွယ်ရတာပေါ့”ဟု ပြောသည်။
DVB သတင်းဌာန ၏ သတင်း ဖော်ပြမှုတွင် ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ ဦးအောင်စိုးက“တရုတ်နိုင်ငံရဲ့ အကူ အညီ ပေးမှုနဲ့ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ အလွတ်သဘော ဆွေးနွေးချက်တွေ အရပေါ့ဗျာ။ သူတို့ နှစ်ဖွဲ့စလုံးက NCA ကို လက်ခံလိုက်ပါပြီ။ လက်မှတ်ထိုးဖို့ အတွက်တော့ ဆက်ပြီး ဆွေးနွေးကြရဦးမှာပေါ့”ဟု ပြောထားသည်။
ထို့ကြောင့် PC မှ ဦးအောင်စိုး အပါအဝင် PC အဖွဲ့ဝင် တချို့ကို ဆက်သွယ် သော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိပေ။
အလားတူ NDAA မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိသည့် အတွက် တစုံတရာ မသိရပေ။
UWSA မှ လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက “PC အဖွဲ့နဲ့ ဌာနချုပ်နဲ့ကတော့ တွေ့ဆုံမှုတွေ ရှိခဲ့သလို ဆက်သွယ်မှုတွေ ရှိနေတာပဲ။ ဆွေးနွေးမှုပိုင်း ဆိုင်ရာ တွေမှာပေါ့။ PC အဖွဲ့နဲ့ ဌာနချုပ်နဲ့ ဘာတွေ အသေးစိပ် ဆွေးနွေးလဲ ဆိုတာ ကျနော့် အနေနဲ့တော့ မသိဘူး”ဟု ပြောသည်။
UWSA နှင့် NDAA သည် ၁၉၈၉ ခုနှစ်မှ စတင်၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကာ ငြိမ်းချမ်းရေး ရယူခဲ့ ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ မှာလည်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးက“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ယုံကြည်မှု တည်ဆောက်ရတာ အရမ်းကို ခက်တယ်။ တချို့ ပြောဆို ဆွေးနွေးမှုတွေ က လျှို့ဝှက်ထားရတာတွေ ရှိတတ်တယ်။ အခု ကျနော် နားလည်တာက UWSA နဲ့ NDAA တို့ NCA ကို လက်ခံလာဖို့က တော်တော်လေး လုပ်ယူရဦးမယ် ထင်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် UWSA နှင့် NDAA သည် အစိုးရ၊တပ်မတော်တို့ အပါအဝင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် FPNCC ၌ ပါဝင်၍ ဆောင်ရွက်နေသည်။
FPNCC တွင် UWSA၊ NDAA၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်ကြသည်။
ဆက်စပ်ဖတ်ရှုရန် – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် UWSA တောင်းဆိုမည်