ဒုက္ခသည်တိုင်း အကြမ်းဖက်သမား မဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် ဒုက္ခသည် အမည်ခံပြီး ရောပါလာတတ်သဖြင့် သတိပြုရမည် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မိုးက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများမှ အစ္စလမ် ဘာသာဝင် ကမန် အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ခွင့်ပြုခဲ့သည့် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး) အမတ် ဦးမောင်မြင့်၏ ကန့်ကွက်သည့် အဆိုကို တပ်မတော်က ဝင်ရောက်ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးမောင်မြင့်၏ အဆိုမှာ ၂၀၁၇ ခုနှစ်က ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခွင့် ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ ပေါက်တော နှင့် ရမ်းဗြဲ မြို့နယ် များရှိ ဒုက္ခသည်စခန်း ၃ ခုမှ ကမန် အိမ်ထောင်စု ၅၅ စုအား ပြန်လည် သုံးသပ်ပေးရန်ဖြစ်ပြီး၊ ယင်းအဆိုကို ၂၀၁၇ ခုနှစ် ဇူလိုင်လကပင် ချက်ချင်း ဆွေးနွေးခွင့် ရရှိရန် အရေးကြီးအဆိုအဖြစ် တင်ပြခဲ့သော်လည်း “ရိုးရိုး အဆို” အဖြစ် သို့ ပြောင်းလဲခံရပြီးနောက် ယခု အချိန်ရောက်မှ တင်သွင်းရသည့် အဆိုတခု ဖြစ်ကြောင်း သိရသည်။
ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မိုးက “အမေရိကန်လို လုံခြုံရေး တင်းကျပ်တဲ့ နိုင်ငံကြီးတွေမှာတောင် အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်နေပြီး လုပ် ဆောင်သူတွေဟာ ဒုက္ခသည် အမည်ခံအကြမ်းဖက်သမားတွေ ဖြစ်နေပါတယ်”ဟု ပြောသည်။
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ၂၁၀၅ ခုနှစ် အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် တရားခံအားလုံးသည် ဒုက္ခသည် အမည်ခံဝင်လာ သည့် IS အဖွဲ့ဝင်များသာ ဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ် ဗြိတိန်နိုင်ငံ မန်ချက် စတာမြို့ အသေခံဗုံးခွဲသူမှာ လစ်ဗျားမှ ဗြိတိန်သို့ ထွက်ပြေးလာသည့် ဒုက္ခသည် ဖြစ်ကြောင်း၊ ဂျာမနီ သို့ ရွှေ့ပြောင်း ဒုက္ခသည် ၁သန်းကျော် ဝင်လာသဖြင့် ယင်းနိုင်ငံ၏ လုံခြုံရေးမှာ စိုးရိမ်စရာ ကောင်း နေပြီ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြခဲ့သည်။
လက်ရှိ အချိန်တွင် မြန်မာအစိုးရကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စွန့်ခွာထွက်ပြေးသွားသည့် ဘင်္ဂလီများကို ပြန်လည် လက်ခံရန် စီစဉ်လျက်ရှိရာ ၎င်းတို့ထဲတွင် အကြမ်းဖက်သမားများ ရှိနေ ကြောင်း လုံခြုံရေးတပ်ဖွဲ့များက သတင်းရရှိထား သဖြင့် အကြမ်းဖက်သူများ ပြန်လည် ဝင်ရောက်လာ မည်ကို စိုးရိမ်မှုများ ရှိနေကြသည်။
အကြမ်းဖက်သမားများသည် နည်းပေါင်းစုံ သုံး၊ ပုံစံမျိုးစုံ အသွင်ယူထားသဖြင့် အကြမ်းဖက်သမား များမှာ မည်သူများ ဆိုသည်ကို နိုင်ငံကြီးများပင် သေသေချာချာ ပြောနိုင်ရန် ခက်ခဲနေသည့် ကာလ ဖြစ်၍ အယူအဆမျိုးစုံနှင့် ရှုမြင်နေကြဦး မည် ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချိုက ပြောသည်။
“လာနိုင်တဲ့ အန္တရာယ်တိုင်းကို ကြိုပြီးတော့ စဉ်းစားထားဖို့ လိုသလို ဖြစ်လာပြီဆိုရင်လည်း အားလုံး ဟာ တယောက်နဲ့ တယောက် လက်တို့ ပြီးတော့ ဝိုင်းပြီးတော့ ကာကွယ်ထားမှသာလျှင် ခုနကလို ပုံသဏ္ဍန် အသွင်ပြောင်းလာတဲ့ အကြမ်း ဖက်မှုတွေကို ရင်ဆိုင် ကျော်လွှားနိုင်လိမ့်မယ်”ဟု ၎င်းကပြော သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ပဋိပက္ခများအပြီး ရမ်းဗြဲမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် ကမန် အိမ်ထောင်စု ၅၉ စု လူဦးရေ ၁၈၆ ဦး နေ ထိုင်လျက်ရှိရာ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူခြင်း၊ ပြောင်းရွေ့ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများနှင့်အတူ ပြောင်းရွေ့ခြင်းကြောင့် ၂၀၁၇ ခုနှစ် ဧပြီလ တွင် အိမ်ထောင်စု ၅၀၊ လူဦးရေး ၁၂၈ ဦးသာ ကျန်တော့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ရရှိသော အချက်အလက်များအရ သိရသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၀၃ ဦးကို ရန်ကုန်မြို့သို့ လည်းကောင်း၊ အိမ်ထောင်စု ၃ စု လူဦးရေ ၁၁ ဦးကို သံတွဲမြို့သို့လည်းကောင်း မိမိတို့၏ သဘောဆန္ဒအလျောက် ပြောင်းရွေ့လိုကြောင်း တင်ပြလာ၍ အစိုးရက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
“အခုလို ပြောင်းရွေ့နေထိုင်သွားကြတာဟာ ၎င်းတို့ ဆန္ဒအလျောက်သာ ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ပြန်လည် အခြေချ နိုင်ထိုင်လိုပါကလည်း ၎င်းတို့ရဲ့ ဆန္ဒအတိုင်းသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု အထက်ပါ ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးစိုးအောင်က ပြောသည်။
ဒုဝန်ကြီးက သဘောထား မှတ်ချက်အရ ယင်းအဆိုကို မှတ်တမ်းတင်ပေးရန် တင်ပြသဖြင့် အဆိုရှင်၏ သဘောအရ လွှတ်တော်က မဲခွဲဆုံးဖြတ်ရာ မှတ်တမ်း တင်လိုသူများ၍ မှတ်တမ်းအဖြစ်သာ အတည်ပြု နိုင်ခဲ့သည်။
“နိုင်ငံထဲကို ဝင်လာတဲ့ ဒုက္ခသည်တွေကို တိတိကျကျ စိစစ်တာ ကန့်သတ်တာတွေ မလုပ်နိုင်သေးသရွေ့ အကြမ်းဖက် တန်ပြန်ချေမှုန်း ရေးတွေကို အရေးတယူ မလုပ်နိုင်သေးသ၍ အစွန်းရောက်တွေရဲ့ ခြိမ်း ခြောက်မှုတွေ ဆက်လက်ရှိနေဦး မယ်လို့ သုံးသပ်ကြပါတယ်”ဟု တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မိုးက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်ခံရသည့် မောင်တောဒေသတွင် နောက်ဆုံးအကြိမ် ၂၀၁၇ ခုနှစ် အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် အမှုပေါင်း ၃၀၇ မှု ရှိရာ တရားခံ ၁၅၂ ဦး၊ ဆက်စပ်ဖြစ်စဉ်ဖြင့် အရေးယူခံရသူ ၃၈၄ ဦး၊ ရဲစစ်ကြောချက်နှင့် တရားရုံး ရောက်ပြီးမှ ပြန်လွတ်သူ ၂၉ ဦး ဖြစ်၍ စုစုပေါင်း တရားခံ ၃၅၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်းက ယနေ့ နေပြည်တော် တွင် ပြုလုပ်သည့် ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“၃၈၄ ယောက်မှာ အကြမ်းဖက် ဥပဒေနဲ့ အရေးယူထားတာက အားလုံး ၂၄၈ ဦး၊ လက်နက်ဥပဒေနဲ့ အရေးယူထားတာက ၅ ဦး ရှိပါ တယ်။ စုစုပေါင်း ၂၅၃ ဦး ရှိပါတယ်။ ကျန်တာတွေက မီးရှို့၊ ပေါ့ဆ၊ ခိုးမှု၊ မတရားအသင်း၊ မုဒိမ်းမှု၊ လဝကမှု၊ ပို့ကုန်သွင်းကုန် အမှုတွေနဲ့ အရေးယူ ထားတာပါ”ဟု ၎င်းက ပြောသည်။
၎င်းတို့ထဲတွင် တရားရုံးတင်ပြီးသည့် အနည်းဆုံး ဘင်္ဂလီ ၄ ဦး သေဒဏ်ချမှတ်ခံထားရပြီး ၂၆ ဦးမှာ ထောင်ဒဏ် အနည်း ဆုံး ၁၀ နှစ်မှ နှစ် ၂၀ အထိ အပြစ်ပေးခံထားရကြောင်း ရခိုင်ပြည်နယ် မောင်တောခရိုင် တရားရုံးမှ ထုတ်ပြန်ထားသည်။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၇ သြဂုတ်လမှ ၂၀၁၈ ခုနှစ် မတ်လအထိ မောင်တောဒေသတွင် စခန်းပေါင်း ၇ ခု ဝိုင်းပတ် တိုက်ခိုက်ခံရပြီး ရိုးရိုးတိုက်ခိုက်ခံရမှု ၆၂ ခု၊ နယ်မြေ ရှင်းလင်းစဉ် ထိတွေ့မှု ၂၇ ခု၊ မိုင်း ပေါက်ကွဲမှုက ၁၁၃ ကြိမ်၊ မီးလောင်မှု ရဲတပ်ဖွဲ့ ပိုင်စခန်း ၉ ခု၊ ကျေးရွာပေါင်း ၆၀နှင့် လက်နက် ပျောက်ဆုံးမှု ၆ ခုတို့ ရှိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ယခင်က ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း မူလ လူဦးရေမှာ ၁ သန်းကျော် (၁၀၀၅၄၂၉) ဦး ရှိရာ လက်ရှိတွင် ၄ သိန်း ၆ သောင်း ကျော် နေထိုင်လျက်ရှိပြီး နေရပ်စွန့်ခွာသူ ၅ သိန်း ၃ သောင်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကလည်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရန်အဆို ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်
မောင်တောခရိုင်တရားရုံးက ဘင်္ဂါလီ ၄ ဦးကို သေဒဏ်ချ
ဧရာဝတီတိုင်း ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ်လှန့်ထား