ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်၏ စစ်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် တိုင်းမှူး ဟောင်း ဗိုလ်ချုပ် မောင်မောင်စိုး ကို ဆက်လက် စစ်ဆေး အရေးယူမှု ပြုလုပ်နေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တဦးကိုလည်း အရေးယူထားပြီး ကျန်သည့် တာဝန်ရှိသူ အဆင့်ဆင့်ကို စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ ၏ မေးမြန်းချက်ကို ဦးဇော် ဌေး က “တပ်မတော်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆောင်ရွက်တဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်နဲ့ ပက်သက် လို့ ကျန်တဲ့ ပြစ်မှုတွေ အတွက် စစ်စည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့ အရေးယူထားတာ တပ်မတော် တိုင်းမှူး တဦး ရှိတယ်။ ရဲတပ်ဖွဲ့က ရဲမှူးချုပ်တဦး ရှိတယ်”ဟု ပြောသည်။
တပ်မတော်က ထုတ်ပြန်ခိုင်းသည့်အတိုင်း တိုင်းမှူးတဦး၊ အခြား တပ်မတော် အရာရှိ ၄ ဦး၊ ရဲတပ်ဖွဲ့၏ ဖော်ထုတ်ချက် အရ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သား ၃ ဦး ရှိကြောင်း၊ တဦးမှာ ဖမ်းဆီးရမိသော်လည်း နောက် ၂ ဦးမှာ တရားခံပြေး အဖြစ် ထွက်ပြေးနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။
မောင်တောဒေသ ၂၀၁၇ ခုနှစ် သြဂုတ်လ တိုက်ခိုက်ခံရမှုများ နောက်ပိုင်းတွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ ကျောင်း ဆင်း တဦးဖြစ်သည့် ဗိုလ်ချုပ် မောင်မောင်စိုးအား တိုင်းမှူး တာဝန်မှ တပ်မတော် အရန်အင်အားအဖြစ် ကာကွယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့လိုက်ပြီး ၎င်း၏နေရာကို တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှုးချုပ် စိုးတင့်နိုင် နှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အစားထိုးခဲ့ပြီး ဖြစ်သည်။
အလားတူ တခြားသော စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဖြစ်သည့် တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းဇော် အား အရန်အင်အား(စိစစ်ဆဲ) သို့လည်းကောင်း၊ ဗိုလ်မှူးချုပ် ဇော်လွင်ဦးအား တပ်မတော် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်းလည်း ပြောင်းရွှေ့ခဲ့သည်။
အရေးယူခံရသည့် ရဲမှူးချုပ်မှာ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် တာဝန်ပေးခံခဲ့ရသည့် မောင်တော နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်ဟု သိရသော်လည်း ဦးဇော်ဌေးက ယင်း အမည်ကို လတ်တလော အတည်ပြုရန် ငြင်းဆိုသည်။
ရဲမှူးချုပ် သူရစန်းလွင်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ အစောပိုင်းက နေပြည်တော်ရှိ အမှတ် ၁ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့၊ ရဲကွပ်ကဲရေးမှူး အဖြစ် ပြောင်းရွှေ့ခံခဲ့ရပြီး ၎င်း၏ နေရာတွင် မန္တလေး အမှတ် ၃ ရဲကွပ်ကဲမှု အဖွဲ့ (ရကဖ-၃) မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုးကို အစားထိုးခဲ့သည်။
ရဲမှူးချုပ် သူရစန်းလွင် မတိုင်ခင် မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိမှုဖြင့် ယင်း ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ် မောင်မောင်ခိုင် အပါအဝင် ရဲအရာရှိ ၃ ဦးကို ထောင်ဒဏ်များ အပြစ်ပေး ချမှတ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်က မောင်တောခရိုင်ရှိ နယ်ခြားစောင့် တပ်စခန်း ၃ ခုအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲတပ်သား ၉ ဦး သေဆုံးခဲ့ပြီး လက်နက်များ၊ ကျည်ဆန် အများအပြားကို အကြမ်းဖက်သူများက သိမ်းယူ သွားခဲ့သည်။
နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း တပ်မတော်မှလည်း အရာရှိ အဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံမှု အတွက် တာဝန်ရှိသူ တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အင်းဒင်ရွာသား ၆ ဦး စုစုပေါင်း ၁၆ ဦးကို အရေးယူရန် ဆုံးဖြတ် ထားကြောင်း သမ္မတရုံးက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အခု စုံစမ်းစစ်ဆေးမှု ပြီးသွားတဲ့အချိန်မှာ ပါဝင် ပတ်သက်သူတွေကို တပ်မတော်က အရာရှိ ၄ ဦး ပါတယ်၊ စစ်သည် ၃ ဦးပါတယ်၊ စုစုပေါင်း တပ်မတော်က ၇ ဦး ပါတယ်၊ ရဲတပ်ဖွဲ့က ၃ ဦး ပါတယ်။ ပတ်သက်မှု ရှိတဲ့ ရွာသား ၆ ဦးပါတယ်။ အားလုံး ၁၆ ယောက် ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ သိရ တယ်။ ဒီဖြစ်စဉ် ပေါ်ပေါက်သွားတယ်ပေါ့”ဟု ဧရာဝတီသို့ ပြောဆိုဖူးသည်။