သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့ အတွင်း ငွေစက္ကူ ကျပ် ၁ သောင်းတန် အတုများထုတ်ကာ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ပုဗ္ပသီရိမြို့နယ် ကျည်တောင်ကန် နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၄ ရက် ညနေပိုင်းက ပုဗ္ပသီရိမြို့နယ် ဥယျာဉ်ရွာတွင် ၁ သောင်းတန် ငွေစက္ကူ အတုများ ဖမ်းမိသဖြင့် စစ်ဆေးရာမှ ငွေချေးသည့် ကုမ္ပဏီရှိရာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဦးဘွား (၄) လမ်း၊ အမှတ် (၄၇) ရှိ နေမင်း ရောင်ခြည် အသင်း (The San Institute Myanmar) အသေးစား ငွေရေးကြေးရေး လုပ်ငန်းစီမံချက် (ပျဉ်းမနား) ရုံးတွင် ငွေကိုင်ဖြစ်သူ မချစ်စုဝေနှင့် စီမံကိန်း ညှိနှိုင်းရေးမှူး မအိဖြူအေးတို့ နှစ်ဦးထံမှ ၁ သောင်းကျပ်တန် ငွေစက္ကူအတု ၃၂ ရွက်ကို သိမ်းဆည်းရမိခြင်းဖြစ်သည်။
ကျည်တောင်ကန် နယ်မြေ ရဲစခန်းမှ ရဲအုပ်ကျော်မင်းထူးက “နေမင်းရောင်ခြည် အသေးစား ငွေရေးကြေးရေး လုပ်ငန်းက ငွေကိုင် ကောင်မလေးက ၁ သောင်းတန်တွေကို ကာလာပရင်တာနဲ့ မိတ္တူဆွဲပြီး ရွာကို ပိုက်ဆံသွားချေးတဲ့ အဖွဲ့ထဲကို ထည့်ပေးလိုက်တာ။ ရွာသားတွေက ပိုက်ဆံတွေ အတုမှန်း သိလို့ပြောတော့ သတင်းရတာနဲ့ သွားဖမ်းကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကုမ္ပဏီသည် ပျဉ်းမနားမြို့ ပတ်ဝန်းကျင်နားရှိ ကျေးရွာများမှ တောင်သူလယ်သမားများကို နှစ်စဉ် ငွေချေးသည့် လုပ်ငန်း လုပ်ကိုင်နေသည်မှာ ၃ နှစ် ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။
“အကုန်လုံး လက်ဝယ်ဖမ်းမိထားတာ ၁၂၇ ရွက်ရှိတယ်။ အခု အမှုဖွင့်ထားတယ်။ ကွင်းဆက် တရားခံ တွေကို ဆက်လက်ဖော်ထုတ် သွားမှာပါ” ဟု ရဲအုပ်ကျော်မင်းထူးက ဆက်ပြောသည်။
ထိုသို့ပြစ်မှု ကျူးလွန်သူများကို မြန်မာနိုင်တော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/ ၁၀၆ နှင့် ပုဗ္ပသီရိ မြို့နယ်၊ ကျည်တောင်ကန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။