ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ညအချိန် အပြင်ထွက်သည့် အမျိုးသမီးများကို ပစ်မှတ်ထား၍ ဆိုင်ကယ်ဖြင့် လိုက်လံ လုယက်မှုများ ကျူးလွန် နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညပိုင်းက ပုသိမ်တက္ကသိုလ်လမ်းထိပ်ရှိ ဗန္ဓုလ ပန်းခြံအနီးတွင် အမျိုး သမီးနှစ်ဦးကို လူငယ် နှစ်ဦးက ဓားထောက်ကာ ဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့သလို၊ မတ်လ ၁၁ ရက် နေ့ ညပိုင်းကလည်း ပုသိမ်ရေပေါ်ဈေးမှ ဆိုင်ကယ် ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြန်လာသည့် အမျိုးသမီး ၂ဦးကို အမျိုးသား ၃ဦး မောင်းနှင်လာသည့် ဆိုင်ကယ်က ကျော်တက်ပြီး ဖုန်းနှင့်ငွေ ထည့်ထားသော ပိုက်ဆံအိတ် တလုံးအား ဆွဲယူထွက်ပြေး မောင်းနှင်ခဲ့သည်။
အလားတူ မတ်လ (၂) ရက်နေ့ကလည်း ပုသိမ်မြို့၊ ဘန့်ဘွေးကုန်းလမ်းတွင် အသက် ၁၇ နှစ် အရွယ် လူငယ်သုံးဦးက အမျိုးသမီး နှစ်ဦး ထံမှ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယက်မှု ကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးအရေးယူထားခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်မြင့်မိုရ်တင့်က “ဒုစရိုက်သမားတွေက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး လုယက်တဲ့ကိစ္စက စိုးရိမ်စရာပါပဲ။ ညဘက် အလုပ်က ပြန်သူတွေ၊ ဈေးရောင်း ဈေး ဝယ် မဖြစ်မနေ သွားရတဲ့ အမျိုးသမီး တွေအတွက် အရမ်းစိုးရိမ်စရာ ကောင်းပါတယ်။ ရဲတပ်ဖွဲ့အနေ နဲ့ ဒုစရိုက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဖို့လိုသလို အမျိုး သမီးတွေ အနေနဲ့လည်း အပြင်သွားရာမှာ ဒုစရိုက်သမားတွေ ပစ်မှတ် မဖြစ်စေဖို့ လုံခြုံရေးသတိနဲ့ သွားစေချင်ပါတယ်” ဟု ဆိုသည်။
ထို့အတွက် ဧရာဝတီတိုင်းရဲတပ်ဖွဲ့အနေဖြင့် ဒေသလုံခြုံရေးအတွက် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း များဖြင့် ဆောင်ရွက် နေပြီး ဆိုင်ကယ်စီးကာ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်သူများကိုလည်း စစ်ဆေးအရေးယူနေကြောင်းနှင့် မှုခင်း ကျဆင်းရေးအတွက် ပညာပေးဟောပြောမှုများ ဆောင်ရွက်နေကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
“ကျနော်တို့အနေနဲ့ မှုခင်းကျဆင်းရေး ပညာပေးဟောပြောရာမှာ ဆိုင်ကယ် ရှေ့ခြင်းထဲမှာ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ မထည့်ဖို့၊ အမျိုးသမီးတွေအနေနဲ့ ညပိုင်းတွေမှာ တယောက်ထဲ အပြင်မသွားဖို့၊ မဖြစ်မနေ အပြင်သွားရမယ်ဆိုလည်း အဖိုးတန်ပစ္စည်းတွေ ဝတ်စားမသွားဖို့၊ ငွေကြေးအများအပြား ကိုင်ဆောင် သွားလာတာတွေ မလုပ်ဖို့ ဟောပြော ပညာပေးမှုတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။
လုယက်မှုကျူးလွန်ပြီး ဖမ်းဆီးခံရသည့် အသက်အရွယ်များမှာ အသက် ၁၅ နှစ်မှ ၂၅ နှစ် အတွင်းရှိ လူငယ်များ ဖြစ်ပြီး တချို့မှာ တရားရုံးမှ အသက်မပြည့်သေးသဖြင့် ခံဝန်ဖြင့် မိဘကို ပြန်အပ်ကာ ဆက်လက် တရားရင်ဆိုင်နေဆဲ သူများ လည်း ထပ်မံလုယက်မှု ကျူးလွန်မှုများရှိနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“လူငယ်တွေကျူးလွန်တာ များတယ်ဆိုတာက သူများဖုန်းကိုင်တာတွေ့ရင် သူတို့လည်းကိုင်ချင်တယ်။ နောက်ထပ် အရက်သောက်တာတို့၊ KTV သွားရင်း ဆိုင်က ကောင်မလေးတွေနဲ့ တွဲဖြစ်တော့ ငွေလို နေကြလို့ ကျူးလွန်တာများတယ်။ ဒါက ကျနော်တို့ စစ်ဆေးချက်အရ သိရတာကို ပြောပြတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဆက်လက်ရှင်း ပြသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဇန်နဝါရီလမှ မတ်လအထိ လုယက်မှု ၆ မှုဖြစ်ပွားခဲ့ရာ ပုသိမ်မြို့တွင် ၃ မှု၊ မအူပင်မြို့တွင် ၂ မှုနှင့် ညောင်တုန်မြို့တွင် ၁ မှုဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။