လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်၍ မီတာ စနစ် ၄ မျိုး ခွဲခြား သတ်မှတ်ကောက်ခံသွားမည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ လစဉ်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ယင်းစနစ်ကို အသုံးပြုရခြင်းမှာ လျှပ်စစ်မီး မရရှိသေးသည့် ကျေးလက်နေပြည်သူများ လျှပ်စစ်မီး စတင်အသုံးပြုနိုင်ရန် အတွက် ထိုသို့ကောက်ခံရခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က “ဧပြီ ၁ ရက်နေ့မှာ စပြီး အကောင်အထည်ဖော်မယ်။ လုပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ် ရတဲ့သူနဲ့ မရတဲ့သူ အချိုး ကြည့် မယ်ဆိုရင် ရတဲ့သူ အချိုးက ၄၀ ရာခိုင်နှုန်း၊ မရတဲ့သူ အချိုးက ၆၀ ရာခိုင်နှုန်း။ အခု သွားမယ့် ပုံစံ အတိုင်းဆိုရင် အဲဒီ ၆၀ ရာခိုင်နှုန်းဟာ မကြာခင် လျှပ်စစ်မီးရမယ်” ဟု ရှင်းပြသည်။
လျှပ်စစ်မီး သုံးစွဲသူ ပြည်သူများ အနေဖြင့်လည်း ယင်းမီတာ အမျိုးအစား ၄ မျိုးထဲမှ နှစ်သက်ရာ မီတာကို ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခု သတ်မှတ်မည့် မီတာ ၄ မျိုးမှာ တပိုင်တနိုင် ကျေးလက်နေ ပြည်သူများ နှုန်းထား အနည်းငယ် ဖြင့် အသုံးပြုနိုင်မည့် မီတာ၊ မြို့ငယ်လေးများ အတွက် အိမ်သုံး မီတာ၊ အဲကွန်းပါ အသုံးပြုသည့် မြို့ကြီး များအတွက် မီတာနှင့် လုပ်ငန်းသုံး မီတာဟူ၍ ဖြစ်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာ တမျိုးတည်းကိုသာ အသုံးပြုနေရာ လျှပ်စစ်မီး ရောက်ရှိနေသော် လည်း မီတာပုံးများ တပ်ဆင်နိုင်ခြင်းမရှိသည့် ပြည်သူများ ရှိနေကြောင်း၊ မီတာတမျိုးတည်း ဖြစ်သည့် အတွက် ရွေးချယ်စရာ မရှိ၍ အိမ်တအိမ်တွင် မီးတပွင့်သာ သုံးမည့် သူကလည်း ယင်းမီတာပုံးကိုသာ ဝယ်ယူရခြင်းဖြစ်၍ မလိုအပ်သည့် အပိုငွေများ ဆုံးရှုံးနေရာ ယခုကဲ့သို့ စိတ်ကြိုက်ရွေးချယ်နိုင်မည့် မီတာ စနစ် ၄ မျိုးကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ရှင်းပြသည်။
“ကျနော်တို့ နိုင်ငံမှာ အခုမှ လျှပ်စစ်ကို စသုံးမယ့် သူတွေက ၆၀ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ သူတို့က လျှပ်စစ်ကို စရတာနဲ့ အင်မတန်တဲ့ ဈေးကြီးတဲ့ နှုန်းနဲ့ ထိပ်တိုက်တွေ့ရမှာပါ။ ဒါကို ပြန်သုံးသပ်ခြင်းဖြင့် ကျေးလက်နေ ပြည်သူဟာ မီတာ အဲဒီလောက် အကြီးကြီး မလိုတဲ့ အတွက် ဒီစနစ်ကို အသုံးပြုရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ အသုံးပြုနေသည့် တမျိုးတည်းသော လျှပ်စစ်မီတာ တပ်ဆင်မည် ဆိုပါက ၁ သိန်း ကျော် ကုန်ကျပြီး ဓာတ်တိုင် ရှိသည့်နေရာနှင့် ဝေးလျှင် မီးကြိုးဝယ်ယူရသည့် ပမာဏများသဖြင့် ၅ သိန်းဝန်ကျင် ကုန်ကျစရိတ် ရှိမည်ဖြစ်သည်။
ကျေးလက်နေ ပြည်သူများ တပိုင်တနိုင် လျှောက်ထားနိုင်မည့် မီတာ နှုန်းထားမှာ နှစ်သောင်းခွဲနှင့် သုံးသောင်းကြား ဖြစ်နိုင်ချေရှိပြီး တနိုင်ငံလုံး အနေဖြင့် သက်ဆိုင်ရာ လျှပ်စစ်မီတာရုံးများတွင် သွားရောက် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
“ကယားပြည်နယ်မှာဆို မီးရောက်နေပြီ။ မီတာဖိုး မတတ်နိုင်လို့ အိမ်တွေက မီးမဆွဲကြသေးဘူး။ အဲဒီလိုမျိုးတွေ အတွက် ဦးစားပေးပြီး လုပ်တာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံတွင် အဓိက လျှပ်စစ်အရင်းအမြစ်ဖြစ်သည့် လောပိတရေအားလျှပ်စစ်ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့သော်လည်း လျှပ်စစ်မီးအပြည့်အဝ မရရှိသေးသည့်အတွက် ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်း သားဒေသများရှိ မြစ်များ ချောင်းများတွင် ရေကာတာများ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ် ယူရန် ပြုလုပ်နေမှုများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၄ သန်းကျော်သာ လျှပ်စစ်မီးရရှိ နေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသဖြင့် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demand Forecast ) အရ (၂၀၂၀-၂၀၂၁)ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့်လိုအပ်မည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်ခန့်သာရှိ နေဆဲဖြစ်သည်။
လက်ရှိတွင် ထုတ်လုပ်နိုင်သည့် မဂ္ဂါဝပ်မှာ ၃၂၀၀ ခန့်သာ ရှိပြီး ဓာတ်ငွေ့သုံး စက်ရုံ LNG ၄ ရုံ တည်ဆောက် ကာ မဂ္ဂါဝပ် ၃၀၀၀ ကျော် ထုတ်လုပ်ပါက လျှပ်စစ်ဓာတ်အား ၂ ဆ တိုးမြင့်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။