သတင်း

ကျောက်မဲတွင် RCSS နှင့် TNLA တိုက်ပွဲ ဖြစ်ပွား၍ ဒေသခံတချို့ ဒဏ်ရာရ သေဆုံးမှု ရှိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် တော့ဖေ (တောဖယ်ရွာ) ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့ရာ ဒေသခံ တချို့ ထိခိုက် သေဆုံးမှု ရှိကြောင်း သိရသည်။

RCSS နှင့် TNLA တို့သည် တော့ဖေ ကျေးရွာတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရွာရှိ စေတီကုန်းတွင် တပ်စွဲထားသော RCSS တပ်ဖွဲ့မှ ရွာအတွင်းရှိ လူနေအိမ်များအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက မတ် ၁၄ ရက် တွင် ထုတ်ပြန်သည်။

ထိုပစ်ခတ် တိုက်ခိုက်မှုတွင် လူနေအိမ် ၆ လုံး ထိမှန်၍ မီးလောင်ခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည် ဟုလည်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် ပြောကြားထားသည်။

၂၀၁၈ ခုနှစ် မတ် ၁၃ ရက်က RCSS နှင့် TNLA ကြား ကျောက်မဲမြို့နယ် ကွန်ကော် (ခွန်ကော်) အုပ်စု၊ တော့ဖေရွာအနီး တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံတချို့ သေဆုံး ၍ တချို့ ဒဏ်ရာရရှိခဲ့သလို နေအိမ်များလည်း မီးလောင်သွား ခဲ့ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် ကလည်း ပြောသည်။

“အခု ဒီနေ့ (မတ် ၁၅) နေ့လယ် လောက်မှာ မြို့ပြင်ကနေ လက်နက်ကြီး အသံတွေ ၄၊ ၅ ချက် ကြားနေရတယ်။ တိုက်ပွဲ ဖြစ်တုန်းပဲ။ လူလည်း သေတယ်။ အိမ်လည်း မီးရှို့ခံရတယ်ဆိုတော့ အိမ်ဘယ်နှလုံး မီးရှို့သလဲ၊ ဘယ်သူ ဘယ်ဝါက ရှို့လဲ၊ ဘယ်လိုမျိုး အနေအထားရှိလဲ ဆိုတာ အခုချိန်ထိ ကျနော်တို့ သတင်း အတိအကျ မကြားရဘူး” ဟုလည်း ၎င်းက ပြောဆို သည်။
အဆိုပါ တိုက်ပွဲကြားသို့ ကျောက်မဲမြို့နယ်ရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက လူနာတင်ကား ၁၀ စီးဖြင့် သွား ရောက် ၍ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ခေါ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း ဦးစိုင်းထွန်းဉာဏ်က ဆက် ပြော သည်။

မတ် ၁၄ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် တော့ဖေ ကျေးရွာ တွင် RCSS နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားကြောင်း သိရသည်။

RCSS ဘက်မှ အမည်မဖော်လိုသူ စစ်ဒေသမှူး တဦးက “ကျနော်တို့ ပစ်တာ မဟုတ်ပါဘူး။ TNLA ဘက်က ပစ်တာပါ။ ကျနော်တို့ ဗီဒီယို မှတ်တမ်းတောင် ရိုက်ထားတာ ရှိပါတယ်” ဟု ပြောသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS က ကျောက်မဲမြို့နယ် ကွန်ကော်အုပ်စု တော့ဖေ ကျေးရွာအား TNLA တပ်ဖွဲ့မှ မတ် ၁၃ ရက် က မီးရှို့ဖျက်ဆီးခဲ့သည်ဟု RCSS ပိုင် Tai Freedom သတင်းဌာနမှ တဆင့်လည်း မတ် ၁၄ ရက်တွင် ထုတ်ပြန် ပြောကြား ခဲ့သည်။

ကွန်ကော် ကျေးရွာနှင့် တော့ဖေ ကျေးရွာသည် ပလောင် တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ကျောက်မဲ-နမ့်စန် နယ်စပ်၌ တည်ရှိသည်ဟုလည်း Tai Freedom တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ် စသည့် ဒေသများအတွင်း RCSS နှင့် TNLA တို့သည် ၂၀၁၈ ခုနှစ် မတ် ၁၀ ရက်မှ မတ်၁၄ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုတိုက်ပွဲများကြောင့် နမ္မတူမြို့နယ် အတွင်းသို့ ပန်ကွပ်၊ နားဆိုင်း၊ နားတီး၊ ပန်လော၊ မန်ဝါ၊ ပန်ဆော့ စသည့် ကျေးရွာ များမှ ဒေသခံ ၈၀၀ ကျော် တိုက်ပွဲ ရှောင်နေကြရကြောင်း နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစံနွမ်က ပြောသည်။

RCSS နှင့် TNLA တို့ကြား နယ်မြေ အငြင်းပွားမှု ဖြစ်ရာကနေ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ၂၀၁၈ ခုနှစ် မတ် ၁၄ ရက်အထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြခြင်း ဖြစ်သည်။

RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်ပြီး TNLA သည် NCA လက်မှတ်ထိုးနိုင်ခြင်း မရှိသေးသော အဖွဲ့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading