ရန်ကုန်မြို့၏ မြို့ပြ မြေပုံသည် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု မရှိသဖြင့် မြေပုံအသစ် ပြန်လည် ရေးဆွဲမှု ပြုလုပ် နေကြောင်း မြေပုံ ရေးဆွဲမှု စီမံကိန်း (Mapping Project) ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းလွင်ဦး က ပြောသည်။
“လက်ရှိ ရှိနေတဲ့ မြေကြီး မြေပုံတွေရဲ့ အခြေအနေနဲ့ YCDC အပါအဝင် သုံးစွဲနေတဲ့ မြေပုံတွေက တကယ်တမ်း ကြည့် မယ် ဆိုရင် နှစ်ပေါင်းများစွာက ဖြစ်တဲ့အတွက် ကိုက်ညီမှုမရှိပါဘူ။ ဒါကို ကိုက်ညီမှုရှိအောင် စတင် ရည်ရွယ်ချက် ထားပြီး ဆောင်ရွက်ခဲ့တဲ့ ပရောဂျက် ဖြစ်ပါတယ်”ဟု ဦးသန်းလွင်ဦးက ရှင်းပြသည်။
ရန်ကုန် မြေပုံ အသစ် ပြန်လည်ရေးဆွဲခြင်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီ ဖြင့် ဆောင်ရွက်နေပြီး ထူးခြားချက် အနေဖြင့် လက်ရှိ မြေပြင် အခြေအနေများ အပြင် သက်တမ်းရင့် အ ဆောက် အအုံများ၏ အမြင့်ပုံများ ပါရှိမည်ဖြစ်သည့် 3D Mapping Project တခုဖြစ်သည်ဟုလည်း ဆိုသည်။
မတ်လ ၁၄ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြေပ ုံရေးဆွဲရေး လုပ်ငန်း၏ ပထမအကြိမ် ဆွေးနွေးပွဲတွင် ဦးသန်းလွင်ဦးက ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်း (Yangon Mapping Project ) ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင် ရေးဆွဲခဲ့ပြီး စီမံကိန်း တခုလုံး ပြီးစီးမှု ကာလကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သည့် ဖေဖော်ဝါရီနှင့် မတ်လ ခန့် တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
JICA မှ ရေးဆွဲထားသော ရန်ကုန်မြို့ပြ မြေပုံသစ်အား လာမည့် မေလမှ စတင်၍ မြို့နယ်တခုချင်းစီ အလိုက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC )သို့ လွှဲပြောင်းပေးမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဦးသန်းလွင်ဦးက “Yangon Mapping Project ဆောင်ရွက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရန်ကုန်တိုင်း ဧရိယာ အ တွင်းမှာ မြို့နယ်ပေါင်း ၄၅မြို့နယ်ရှိပါတယ်။ အလားတူ အဲဒီ အထဲမှာ စည်ပင်သာယာနယ် နိမိတ်က ၃၃ မြို့နယ် ရှိပါတယ်။ ဒီထဲမှာရှိနေတဲ့ မြေတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ ကိုယ့်စည်ပင်သာယာ နယ်နိမိတ်ထဲမှာတင် သုံးစွဲနေတဲ့ စကေးတွေက ကွာခြားမှု ရှိပါတယ်။ အလားတူ စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာလည်း သုံးနေတာတွေလည်း ကွာခြား ပါတယ်”ဟု ပြောသည်။
ယင်းသို့ ကွာခြားနေမှု မကိုက်ညီမှုများ ရှိနေသဖြင့် တိကျမှန်ကန်သည့် စာရင်းဇယားများနှင့် မြေပုံများ ရရှိစေရန် အတွက် ပြန်လည် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ထိုသို့ မြေပုံကို မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် အနာဂတ်တွင် မြို့ပြနှင့် ပတ်သက်သည့် စီမံကိန်းများ ရေးဆွဲ လုပ်ဆောင်ရာတွင် အထောက်အကူ ဖြစ်နိုင်မည် ဖြစ်ကြောင်း YCDC မှ သိရသည်။
Yangon Mapping Project သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များထဲမှ ဆောင်ရွက်ချက် ၁ ခု ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ ဂျပန် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြေပုံရေးဆွဲခြင်းကို အကူအညီတောင်းခဲ့သော စီမံကိန်းတခု ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
“ဒီစီမံကိန်းက ရန်ကုန်တိုင်းအတွက် ဘက်စုံအသုံးဝင် အကျိုးရှိမယ့် စီမံကိန်း တခုလည်း ဖြစ်ပါတယ်။ အခု စီမံကိန်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ တခုလုံးရဲ့ ပထမဆုံး ဆောင်ရွက်နေတဲ့ မြေပုံရေးဆွဲရေး စီမံံချက် တခုဖြစ်တယ်” ဟု မြို့တော်ဝန်က ပြောသည်။
မြေပုံ စီမံကိန်းသည် မြို့ပြဖွံ့ဖြိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းသွယ်များ ဆက်သွယ်သော စနစ်၊ မြို့ပြနှင့် အမျိုးသား စီမံကိန်းများ၊ အခြေခံ အဆောက်အအုံကဏ္ဍ၊ အိမ်ရာ ဖ့ွံဖြိုးရေး၊ လျှပ်စစ်ကဏ္ဍ စသည့် ကဏ္ဍအသီးသီးတွင် အကျိုးရှိရှိ အသုံးချနိုင်မည့် စီမံကိန်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
ဂျပန်နိုင်ငံ Yangon Mapping Project လေ့လာရေး အဖွဲ့မှ ဌာနေ ကိုယ်စားလှယ် Junichi Koseki က “ရန်ကုန်မြို့ ဘက်စုံ ဖွံ့ဖြိုးရေး အတွက် တိကျမှန်ကန်တဲ့ မြေပုံ မရှိခဲ့တာကြောင့် ဒီမြေပုံကို မြန်မာအစိုးရက တောင်းဆိုတဲ့ အတွက် ကျနော်တို့က ဒီမြေပုံကို ရေးဆွဲတာ ဖြစ်ပါတယ်။ မြေပုံ ထုတ်လုပ်မှုမှာ Auto Photo ထုတ်လုပ်မှာဖြစ်တယ်။ ရန်ကုန် မြို့တော် ဘက်စုံဖွံ့ဖြိုး ရေး အတွက် ဌာနအသီးသီး ကဏ္ဍ အသီးသီးမှာ အရမ်းကို အသုံးတည့်တဲ့ အရာတခု ဖြစ်တဲ့ အတွက် Auto Photo မြေပုံ ကို မိတ်ဆက်ပေးပြီးတော့ ကဏ္ဍ အသီးသီးမှာ အသုံးဝင်နိုင်အောင် ဆောင်ရွက်မှာ ဖြစ် တယ်”ဟု ပြောသည်။
မြေပုံ ရေးဆွဲရာတွင် နှစ်နိုင်ငံ မြေပုံရေးဆွဲရေး လုပ်ငန်းကော်မတီ၏ ဂျပန်ကုမ္ပဏီများ ဖြစ်သည့် Asia Air Survey ၊ Pasco Corporation နှင့် Kokusai Kogyo ကုမ္ပဏီတို့မှ ငွေကြေး အကုန်ကျခံကာ လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ကုန်ကျစရိတ် အသေးစိတ်ကို ပြောကြားနိုင်ခြင်း မရှိကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။