တရား လွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ ကြည်လင်းသည် လူဝင်မှုကြီးကြပ်ရေး (လဝက) အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခံထားရသည့် ပြစ်ဒဏ်မှ လွတ်မြောက်ပြီ ဖြစ်သည့် အတွက် ယနေ့ မြောက်ပိုင်းခရိုင် တရားရုံး ရုံးချိန်းသို့ အရပ်ဝတ်ဖြင့် ရုံးထုတ်သည်ကို တွေ့ရသည်။
ကြည်လင်းအား မင်္ဂလာဒုံမြို့နယ် လဝက ဦးစီးမှူးရုံးမှ တရားလို လုပ်ပြုလုပ်၍ တရား စွဲဆိုခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ် တနှစ် ကျခံစေရန် မင်္ဂလာဒုံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကြည်လင်း အနေဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကတည်းက ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ နယ်စပ် ထွက်ပေါက် မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တရားဝင် ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် ထွက်ခွာခဲ့သော် လည်း ပြည်တွင်း သို့ တရားဝင် ပြန်လည် ဝင်ရောက်ခြင်း မရှိသည့်အတွက် လဝက ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အရေးယူခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ကြည်လင်းအနေဖြင့် ဦးကိုနီအား လုပ်ကြံမှုအတွက် အမြင့်ဆုံး သေဒဏ်ချမှတ်နိုင်သည့် ပုဒ် ၃၀၂(၁)(ခ) ၃၄ ဖြင့်စွဲချက် တင် ခံထားရသည့်အပြင် အငှား ယာဉ်မောင်း ဦးနေဝင်းအား ပစ်ခတ်ခဲ့သည့် အတွက်လည်း ပုဒ် ၃၀၂(၂) ဖြင့် စွဲချက်တင် ခံထားရ သည်။
ထိုပြင် လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် လက်နက်များနှင့် ပတ်သက်၍လည်း ကြည်လင်းအား ၁၈၇၈ ခုနှစ် လက်နက် အက်ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) တို့ဖြင့် မြောက်ပိုင်း ခရိုင် တရားရုံးက စွဲချက်တင်ထားသည်။
ယင်း စွဲချက်များ အတွက် မတ်လ ၁၆ ရက်တွင် ကြည်လင်းကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကြည်လင်းသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံ သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်။