ကျောင်းသား သမဂ္ဂတွင် တာဝန် ထမ်းဆောင်နေသည့် တပ်မတော် မိသားစုဝင်တဦးကို တပ်ရင်း ဌာနချုပ်တွင် ဆက်လက် နေထိုင်ခွင့် မပြုခြင်းနှင့် ပတ်သက်သည့် တပ်မတော် သတင်းထုတ်ပြန်ချက်အပေါ် ကာယကံရှင် ဖြစ်သူက ယနေ့ ပြန်လည် ရှင်းလင်းပွဲတရပ် ပြုလုပ်သည်။
ကာယကံရှင်ဖြစ်သူ ရူပဗေဒ ဒုတိယနှစ် ကျောင်းသား ကိုသက်မောင်မောင်သည် ပခုက္ကူ တက္ကသိုလ်တွင် တက်ရောက် နေသူဖြစ်ပြီး ပခုက္ကူ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်နေသူလည်း ဖြစ် သည်။
၎င်း၏ ဖခင်ဖြစ်သူ ဦးသက်နိုင်ဦးသည် ရေစကြိုမြို့ ခလရ ၂၅၆ တွင် တပ်ကြပ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူက ကိုသက်မောင်မောင် နှင့် မိခင် ဖြစ်သူကို ခေါ်ယူ တွေ့ဆုံ၍ ကိုသက်မောင်မောင် ၏ ကျောင်းသား သမဂ္ဂ တာဝန်ကို နုတ်ထွက်ရန် ပြောဆို ဆွေးနွေးခဲ့သော် လည်း ကိုသက်မောင်မောင်က ငြင်းဆိုခဲ့ကြောင်း သိရသည်။
ကိုသက်မောင်မောင်၏ ငြင်းဆိုချက်နှင့် ပတ်သက်ပြီး တပ်ရင်းအတွင်း နေထိုင်ခွင့်မပြုကြောင်း၊ တပ်မိသားစုဝင် သား သမီးများ အနေဖြင့် ကျောင်းသား သမဂ္ဂတွင် ပါဝင်ဆောင်ရွက်မှု မရှိစေရေး အကြောင်းကြားစာကို သက်ဆိုင်ရာ တပ်ရင်း က ထုတ်ပြန်ခဲ့သည်။
ယင်း ထုတ်ပြန်မှုနှင့် ပတ်သက်၍ ‘ကျောင်းသားသမဂ္ဂမှာ လုပ်ရင် တပ်မတော်က ဒီလိုဆက်ဆံတယ်’ ဟု ကိုသက်မောင်မောင် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်စာနှင့်အတူ မတ် ၁၁ ရက် နေ့တွင် ရေးသား ဖော်ပြမှု ပြုလုပ်ခဲ့သည်။
ထိုသို့ ရေးသားဖော်ပြခဲ့ပြီးနောက် တိုင်းနှင့်ပြည်နယ် တချို့မှ တက္ကသိုလ်သမဂ္ဂများ၏ ကန့်ကွက်ကြောင်း သဘောထား ထုတ် ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာ တချို့တွင်လည်း ရေးသားဖော်ပြခဲ့ကြသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အဆိုပါ ဖြစ်စဉ်များသည် တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရကြောင်းနှင့် ဖြစ်စဉ်အမှန်ကို တင်ပြသည့် ထုတ်ပြန်ချက် တစောင်ကို မတ်လ ၁၃ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ၂၀၁၈ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းတွင် အမှတ် ၂၅၆ ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူ အရာရှိ တဦး သည် ၎င်းတပ်ရင်းအတွင်း တက္ကသိုလ် တက်ရောက်လျက် ရှိသည့် မှီခိုသူ သား သမီးနှင့် အုပ်ထိန်းသူများအား တက္ကသိုလ်တွင် အေးချမ်းစွာ ပညာသင်ကြားရေး အတွက် ပညာပေး ဆွေးနွေးခဲ့ပြီး အမိန့် ညွှန်ကြားချက်များအား သိရှိ လိုက်နာရန် ရှင်းပြခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် သိရှိလိုက်နာမည် ဖြစ်ကြောင်း လက်မှတ် ရေးထိုးစေရာ တခြားသော ကျောင်းသား ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘများက လိုက်နာ ဆောင်ရွက်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် ကိုသက်မောင်မောင် နှင့် ၎င်း၏ မိခင် ဖြစ်သူတို့ တာဝန်ရှိ အရာရှိထံလာရောက်ပြီး လက်မှတ် ရေးထိုးစေခြင်းနှင့် ပတ်သက်၍ မချေမငံ ပြန်လည် မေးမြန်းခဲ့ကြောင်း၊ တပ်ရင်း ဌာနချုပ်မှ ချမှတ်ထားသည့် အမိန့်များကို မလိုက်နာနိုင်ကြောင်းနှင့် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း အတွင်း ဆက်လက်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်ဟု ဆိုသည်။
တာဝန်ရှိသူများ အနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်၊ စည်းကမ်းများကို မလိုက်နာပါက တပ်ရင်း ဌာန ချုပ် တွင် ဆက်လက် နေထိုင်ခွင့်ပြု၍ မရတော့ကြောင်း ၎င်း၏မိခင် ရှေ့မှောက်မှာပင် တားမြစ်ခဲ့ကြောင်း၊ အရေးယူမှု နှင့် ပတ်သက်၍ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ကိုသက်မောင်မောင်၏ ဖခင်ထံအကြောင်းကြားရာ သဘောတူ သည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည့် အချက်လက်တချို့ လွဲမှားနေသည်ဟု ဆိုကာ ကာယကံရှင်ဖြစ်သူ ကိုသက်မောင်မောင်က မတ် ၁၅ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ Myanmar Now ရုံးခန်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကိုသက်မောင်မောင်က “သူတို့ဘက်က ပညာပေး ဆွေးနွေးခဲ့တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ဖော်ပြထားတဲ့စာရွက်မှာ ကျနော့် မိခင်ကို ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတာ ဖြစ်ပါတယ်။ သူတို့ ထုတ်ပြန်ထားတဲ့ မချေမငံ ပြန်လည်ပြောဆို တယ် ဆိုတာကလည်း ဒီလက်မှတ် ထိုးခိုင်းတာနဲ့ပတ်သက်ပြီး မသိတဲ့အတွက် ဘာကြောင့် လက်မှတ် ထိုးခိုင်းတာလဲ လို့ မေးတာကို ကျနော့်ကို မချေမငံ ပြန်လည်မေးတယ် ဆိုပြီး စွပ်စွဲထားတာ”ဟု ရှင်းပြသည်။
ဆက်လက်၍ ဖခင်ဖြစ်သူအနေဖြင့် ၎င်းအား တပ်ထဲတွင် မထားရန် သဘောတူသည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ သဘောတူခဲ့သည် ဆိုလျှင်လည်း ဖခင်၏ဆန္ဒမပါဘဲ အကြပ်ကိုင်၍ သဘောတူလိုက်ရခြင်းသာ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင် ဖြစ်စေကာမူ ၎င်းအနေဖြင့် တပ်ထဲဝင်ခွင့်ရရန် ကြိုးစားသွားမည် မဟုတ်ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် ဖခင်အပေါ် ထိခိုက်မှု ရှိလာမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။
“တပ်ထဲဝင်ခွင့်ရရေးက အဓိက မဟုတ်တော့ဘူး။ ကျနော့်ကို နှင်ထုတ်လိုက်တယ်။ ဒါပေမယ့် ကျနော် ကျောင်းသား သမဂ္ဂ ထဲကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူး။ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်” ဟု ၎င်းက ပြောသည်။
ပခုက္ကူ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ခိုင်မင်းက “တပ်မတော် အနေနဲ့ ကျောင်းသားသမဂ္ဂကို လက်မခံသေးဘူး ဆိုတာ လုံးဝကို ပေါ်လွင်သွားတယ်။ ဘာလို့လက်မခံတာလဲ။ လက်နက်တွေကိုင်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ တိုင်းပြည်အတွက် တထောင့်တနေရာကနေ တတ်စွမ်းသရွေ့ကူညီပံ့ပိုးနေတဲ့ အသင်းအဖွဲ့ တခုဖြစ်တယ်။ ဒါကို သူတို့ အနေနဲ့ လက်မခံသေးဘူးဆိုတာ စိတ်မကောင်းဖွယ် တွေ့မြင်ရတယ်”ဟု ပြောဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်တွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သိရှိ လိုက်နာနိုင်မှသာ တပ်တွင်း လိုက်ပါနေထိုင်ခွင့် ရရှိမည်ကို တပ်မတော်သား အားလုံးနှင့် မှီခိုသူများအားလုံး သိရှိ ကြပြီးဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ အသက်ခန္ဓာဖြစ်သောကြောင့် ကိုသက်မောင်မောင်နှင့် ပတ်သက် ၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်သည် တပ်မတော်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။