ယခုနှစ်သင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ သိရသည်။
YCDC အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) တာဝန်ရှိသူ တဦးက “ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်းပေါ်က ကမ္ဘာအေးဘုရားလမ်းနဲ့ အင်းလျားလမ်းကြားကိုတော့ ခွင့်မပြုပေးဘူး။ ကျန်တဲ့နေရာ တွေမှာ မဏ္ဍပ်တွေ ခွင့်ပြုပေးမယ်။ အခု လျှောက်လွှာ စထုတ်ပေးနေပြီ။ ကျနော်တို့က တဆင့်ခံ လုပ်ပေးတာဖြစ်တယ်။ စည်ပင်က စာရင်းလုပ်ပေးတာပဲ ရှိတယ်။ မဏ္ဍပ်ကတော့ စီးပွားဖြစ်တွေလည်း ဒီနှစ် ခွင့်ပြုတယ်”ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ရေကစားမဏ္ဍပ် ခွင့်ပြုပေးမည့် နေရာများမှာ ဝေဇယန္တာလမ်းတလျှောက် ဖျော်ဖြေရေး မဏ္ဍပ် ၅ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၆ ခု၊ ပါရမီလမ်း တလျှောက်တွင် ဖျော်ဖြေရေး မဏ္ဍပ် ၂ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ မင်းဓမ္မ လမ်း (ပါရမီလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းကြား) တွင် ဖျော်ရေးမဏ္ဍပ် ၂ ခု၊ ကျိုက်ဝိုင်းဘုရား လမ်းတွင် ဖျော်ဖြေ ရေး မဏ္ဍပ် ၄ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆ ခု ဖြစ်သည်။
ထို့ပြင် ပြည်လမ်း (ကျိုက်ဝိုင်းဘုရားလမ်းမှ ဗိုလ်ချုပ်လမ်းကြား) တွင် ဖျော်ဖြေရေး မဏ္ဍပ် ၆ ခု၊ ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ် ၁၀ ခု၊ တက္ကသိုလ် ရိပ်သာလမ်းရှိ ပြည်လမ်းမှ အင်းလျားလမ်း ကြား၊ ကမ္ဘာအေး ဘုရားလမ်းမှ ဆရာစံလမ်းကြား တို့တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ စက်မှု ၁ လမ်းရှိ ကမ္ဘာအေး ဘုရားလမ်းမှ ဆရာစံ လမ်းကြားတွင် ဖျော်ဖြေ ရေး နှင့် ရေကစားမဏ္ဍပ် ၂ ခု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗိုလ်ချုပ်လမ်း (ပြည်လမ်းမှ ဗိုလ်တထောင် ဘုရားလမ်းကြား) တွင် ဖျော်ဖြေရေးမဏ္ဍပ် ၂ ခု၊ ဖျော်ဖြေရေးနှင့် ရေကစား မဏ္ဍပ် ၂ ခု၊ အနော်ရထာလမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဘုန်းကြီးလမ်းကြား) တွင် ဖျော်ဖြေရေးမဏ္ဍပ် ၂ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၄ ခု၊ မဟာဗန္ဓုလ လမ်း (ဘုန်းကြီးလမ်းမှ ဗိုလ်တထောင် ဘုရားလမ်းကြား)တွင် ဖျော်ဖြေရေး နှင့် ရေကစား မဏ္ဍပ် ၄ ခု၊ ကုန်သည်လမ်း (ဗိုလ်တထောင်ဘုရားလမ်းမှ ဆူးလေ ဘုရားလမ်းကြား) တွင် ဖျော်ဖြေရေး နှင့် ရေကစားမဏ္ဍပ် ၃ ခုတို့လည်း ပါရှိသည်။
ပုဇွန်တောင် လမ်းမကြီး အထက်/အောက် (ဗန္ဓုလတံတားမှ ကြက်ဘဲဈေးကြား) တွင် ဖျော်ဖြေ ရေး မဏ္ဍပ် ၂ ခု၊ ဖျော်ဖြေ ရေး နှင့် ရေကစားမဏ္ဍပ် ၄ ခု၊ သံသုမာလမ်း (ကြက်ဘဲဈေးမှ ဝေဇယန္တာလမ်းကြား) တွင် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁ ခု၊ ကြည့်မြင်တိုင် (ပြည်လမ်းမှ ကမ်းနားလမ်းကြား) တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၀ ခု စုစုပေါင်း ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ထုတ်ပြန်ထားသည်။
သို့သော် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်မပြုသော လမ်းများမှာ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့ဖြစ်သည်ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
“သင်္ကြန်ကိစ္စက တိုင်းအစိုးရက အဖွဲ့တွေ ခွဲပြီး စီစဉ်တာဖြစ်တယ်။ ကျနော်တို့ စည်ပင်ဘက်က တဆင့်ခံ လုပ်ပေးရတာ။ အဲဒီအတွက် ပြောလို့မရဘူး။ လျှောက်လွှာဖောင်တွေ မတ်လ ၉ ရက်နေ့က စပြီးထုတ်ပေးတယ်။ မတ်လ ၂၅ ရက်မှာ ဖောင်ပိတ်မှာ ဖြစ်တယ်”ဟုလည်း ၎င်းက ပြောသည်။
လက်ရှိတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်အတွက် လျှောက်လွှာ ၁၈ စောင်ခန့်ကို မဏ္ဍပ် ဆောက်လုပ်မည့် သူများက လာရောက် ထုတ်ယူထားကြောင်း၊ ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများအနေဖြင့် ဖျော်ဖြေရေးမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ဟူ၍ မဏ္ဍပ်အမျိုးအစား ခွဲခြား လျှောက်ထားနိုင်၍ မီးပွိုင့်လမ်းဆုံမှ ပေ ၃၀၀ အကွာတွင် ဆောက်လုပ် ရမည်ဖြစ်ပြီး မဏ္ဍပ်တခုနှင့် တခုသည် ပေ ၂၀၀ ခြား၍ ဆောက်လုပ်ရမည်ဟုလည်း ဆိုသည်။
ထို့အပြင် ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများသည် သတ်မှတ် စည်းကမ်းချက် ၄၅ ချက်နှင့် အညီ မိသားစု မဏ္ဍပ်များ၊ ကုမ္ပဏီအစုလိုက် စုပေါင်းရေကစား မဏ္ဍပ်များ၊ ဆုပေးမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ခွင့်ပြုပေးနိုင်ရေး အတွက် မတ်လ ၂၅ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ထောက်ခံချက်များနှင့်အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း စီးပွားဖြစ် ဖျော်ဖြေရေးမဏ္ဍပ် လျှောက်ထားသူ ဒေါ်အေးအေးက “မနှစ်က စီးပွားဖြစ် မဏ္ဍပ်တွေကို ခွင့် မပြုဘူး ဆိုပေမယ့်။ သင်္ကြန်နားနီးတော့ ခွင့်ပြုတာပါပဲ။ ကျမတို့ တခြားနေရာမှာ ကွင်းငှားပြီးတော့ သွားလုပ်ရတာပဲ။ ဒီနှစ် တော့ ခွင့်ပြုတယ်ဆိုတော့ မဏ္ဍပ်တွေ ပြန်ဆောက်ကြတယ်။ အခုက ကျမတို့က မဏ္ဍပ်ဆောက်ဖို့ တင်ထားပြီးပြီ၊ နောက် ထပ် တရက်၊ နှစ်ရက်နေရင် ပါမစ်ကျမယ်”ဟု ဧရာဝတီသို့ ပြောသည်။
မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်ကို နှစ်စဉ်နှစ်တိုင်း သင်္ကြန်နားနီးသည့် ဧပြီလ ၇ ရက်နှင့် ၈ ရက်ပိုင်းမှသာ ချပေးလေ့ရှိပြီး ယင်းအချိန်မှသာ မဏ္ဍပ်များကို စတင်ဆောက်လုပ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“နှစ်တိုင်း ကျမတို့က သင်္ကြန်နားကပ်မှ ဆောက်ရတယ်။ ပါမစ်ကတော့ နည်းနည်းတော့လိုက်ရတာပေါ့။ ပိုင်တဲ့သူနဲ့ အဲဒီလို ဝင်ရတယ်။ မနှစ်ကတော့ ပျော်ပွဲရွှင်ပွဲသဘောမျိုး ကွင်းထဲမှာ သွားလုပ်ရတယ်။ မနှစ်က လမ်းမပေါ်မှာ မဏ္ဍပ် ခွင့်မပြုဘူး ဆိုလို့ လုပ်ရတာ။ ဒီနှစ်က တခုပဲ၊ စည်ပင်မြေပေါ်မှာ မဏ္ဍပ် မဆောက်ရဘူး ဆိုတော့ ပုဂ္ဂလိကပိုင် မြေငှား ပြီးတော့ မဏ္ဍပ်ဆောက်ရမယ်။ မြေနေရာ အခက်အခဲ ရှိနိုင်တယ်” ဟုလည်း ဒေါ်အေးအေးက ဆိုသည်။
စည်ပင်မြေပေါ်တွင် ဆောက်လုပ်ခွင့်ကို စည်ပင်က ငြင်းဆိုလိုက်သောကြောင့် လက်ရှိတွင် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ် ဆောက်ရန် ခြံ၊ မြေနေရာ ငှားရမ်းခမှာ နေရာအနေအထားလိုက်၍ ကျပ်သိန်း ၄၀၀၊ ၅၀၀ အထိ အစားစား မြင့်တက် နေကြောင်း မဏ္ဍပ် ဆောက်လုပ်မည့် သူများက ပြောသည်။
ဆောက်လုပ်ခွင့် ရရှိသူများ အနေဖြင့် မဏ္ဍပ်အကြီး (အလျားပေ ၁၂၀ မှ ၁၅၀ ၊ အကျယ် ပေ ၄၀၊ အမြင့် (၈+၁၂ ) ပေ) အတွက် အာမခံ စပေါ်ငွေ ကျပ် သိန်း ၂၀၀ (၂၀,၀၀၀,၀၀၀)၊ မဏ္ဍပ်အလတ် (အလျားပေ ပေ ၅၀ မှ ပေ ၁၀၀၊ အကျယ် ပေ ၃၀၊ အမြင့် (၆+၁၂) ပေ) အတွက် အာမခံ စပေါ်ငွေကျပ် သိန်း ၁၀၀ (၁၀,၀၀၀,၀၀၀) ပေးသွင်းရမည် ဖြစ်ကြောင်း YCDC အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ထုတ်ပြန်ထားသည်။
မဏ္ဍပ်ဆောက်လုပ်ရန် ခွင့်ပြုချက် ရရှိသူမှ အခြားသူသို့ ငှားရမ်းခြင်း၊ လွဲပြောင်းရောင်းချခြင်း လုံးဝမလုပ်ရကြောင်း၊ ကိုယ်တိုင် ဆောက်လုပ်အသုံးပြုရမည် ဖြစ်ကြောင်း၊ အကယ်၍ လိုက်နာခြင်းမရှိလျှင် စပေါ်ငွေ ပေးသွင်းထားသော ငွေထဲမှ မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကိုလည်းကောင်း မဏ္ဍပ်အလတ် အတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေး အဖြစ် ပေးဆောင်ရမည်ဟု မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူများ လိုက်နာမည့် စည်းကမ်း ချက် များတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် မဟာသင်္ကြန်တွင် ရန်ကုန်မြို့တွင်း၌ မဏ္ဍပ်ကြီး ၁၇ ခုနှင့် မဏ္ဍပ်အလတ် ၅ ခု၊ မဏ္ဍပ် စုစုပေါင်း ၂၂ ခုတို့ကို ခွင့်ပြုခဲ့ပြီး ပြည်လမ်းတွင် မဏ္ဍပ်အများဆုံး ချထားပေးခဲ့သည်။