ရိုဟင်ဂျာခေါ် ဘင်္ဂလီ ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် ပါဝင်ရေး မြန်မာ အစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး ရုံး(UNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရုံးများသို့ ဖိတ်ခေါ်စာပေးပို့ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အတည်ပြုခဲ့သည်။ အဆိုပါ အေဂျင်စီများက အဆိုပြုချက်နှင့် သဘောထား စာတမ်းတစောင်ဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပြီး မြန်မာအစိုးရက သုံးသပ်လေ့လာမှုများ ပြုလုပ်နေသည်။
မွတ်ဆလင် ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ယင်းသို့ ကုလသမဂ္ဂ အေဂျင်စီများနှင့် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာ အစိုးရတာဝန် ရှိသူများက မတ်လ ၁၄ ရက်နေ့တွင် နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
ဒုက္ခသည်များ ပြန်လည် လက်ခံရေးတွင် နောက်ဆုံးအကြိမ် စိစစ်ထားသည့် လူ ၈၀၀၀ ကျော်မှ ၃၇၄ ဦးကို လက်ခံရန် အဆင့်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ဦးမြင့်သူက ပြောသည်။
“အခုအချိန်က ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေမှာ ပါဝင်ဖို့ နဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အသိုင်းအဝိုင်း အားလုံးရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူဖြစ်စေမယ့် ဆောင်ရွက် မှုတွေ အကောင်အထည်ဖော် ရေးမှာ UNHCR နဲ့ UNDP ကို ဖိတ်ခေါ် ဖို့ သင့်တော်တဲ့ အချိန်လို့ ကျနော်တို့ ယူဆပါတယ်” ဟု ဦးမြင့်သူက ပြောသည်။
အဆိုပြုချက် အသေးစိတ် နှင့် ပတ်သက်၍ ကုလသမဂ္ဂ ကရော မြန်မာအစိုးရကပါ လူသိရှင်ကြားထုတ်ဖော် ပြောဆိုမှု မရှိ သော်လည်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူ Stanislav Saling က မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည့် အဆိုပြုစာတွင် “နိုင်ငံ တကာ စည်းမျဉ်းများနှင့် အညီ ဒုက္ခသည်များ လုံခြုံဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာ နှင့် မိမိသဘောဆန္ဒအလျှောက် ပြန် သွားရေးအတွက်” အခြေအနေများကို မြန်မာနိုင်ငံက ကူညီဖန်တီးပေးနိုင်မည့် နည်းလမ်းများကို အကြံပြုထားကြောင်း ပြောသည်။
ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို ၂ လအတွင်း အကောင်အထည်ဖော်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ၂၀၁၇ ခု နှစ် နိုဝင်ဘာလတွင် သဘောတူညီချက်တခု ရရှိခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ မစတင်ရသေးပါ။
ပြန်လာနိုင်မည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၇၄ ဦးကို သာ စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်း မြန်မာ အာဏာပိုင်များက မတ်လ ၁၄ ရက်နေ့တွင် ပြောသည်။ သက်ဆိုင်သူများနှင့် ပတ်သက်သည့် တိကျသေချာသော သတင်းအချက်အလက်များ ပေးအပ်ခြင်း မရှိသည့် အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အပြစ်တင်ခဲ့သည်။
အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ချုပ် ဦးဌေးလှိုင်က “ဘင်္ဂလားဒေ့ရှ်ဘက်က ဒီက ပေးလိုက် တဲ့ ပုံစံအတိုင်းမဟုတ်ဘဲ သူတို့ ပြုစုထားတဲ့ ပေးလိုက်တာ အိမ်ထောင်စု ၁၆၇၃ စု လူဦးရေ ၈၀၃၂ ဦးဖြစ်ပါ တယ်။ အဲဒီထဲမှာ ပြန်ပြီး စိစစ်တာ မနေ့ကအထိ အိမ်ထောင်စု ၉၃ စု စိစစ်ပြီးဖြစ်ပါတယ်။ လူဦးရေ ၄၅၆ ဦး စိစစ်ပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှု ထဲမှာ ပါဝင်နေတာ ၃ ဦး တွေ့ရှိရပါတယ်”ဟု ပြောသည်။
ဒုက္ခသည် ပြန်လည်လက်ခံနိုင်ရေးအတွက် မြေနေရာ ပြန်လည်ပြုပြင်နေမှုများကိုလည်း နိုင်ငံတကာမှ အထင်လွဲလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူများက ပြောသည်။
ရခိုင်မြောက်ပိုင်းအရေး နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြစ်တင်ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေခဲ့ပြီး မြန်မာ့တပ်မတော်က မွတ်ဆလင် အသိုင်းအဝိုင်း အပေါ် လူမျိုးဖြုတ် သုတ်သင်ခြင်းနှင့် အလားတူသော ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းများက စွပ်စွဲခဲ့သည်။
“ဒီတိုင်း လုပ်သမျှအားလုံး လက်ပိုက်ကြည့်ပြီးတော့ ခံမယ့် လူစားတွေ မဟုတ်ဘူး။ ခံစရာ အကြောင်းလည်း မရှိဘူး။ ခံတဲ့ လူမျိုးလည်း မဟုတ်ဘူး။ သူတို့ပြောတာတွေ အားလုံးကို လက်ပိုက်ကြည့်ပြီး အားလုံးဟာ မှန်တယ်လို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်ကတော့ ကာကွယ်စောင့်ရှောက်ရမှာပဲ။ ကိုယ့်နိုင်ငံက လွတ်လပ်တဲ့နိုင်ငံဆိုတာ သိထားဖို့ လိုတယ်”ဟု UEHRD ညှိနှိုင်းရေးမှူး ဒေါက်တာ အောင်ထွန်းသက်က မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
UEHRD ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေး စီမံကိန်း (Union Enterprise For Humanitarian Assistance, Resettlement and Development in Rakhine) ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ကော်မတီ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေး၊ ညှိနှိုင်းရေးမှူး ဒေါက်တာ အောင်ထွန်းသက်နှင့် ပြန်ကြားရေးအရာအဖြစ် ဦးကျော်မြိုင်တို့ ပါဝင်သည်။
မြန်မာ ခေါင်းဆောင်တချို့ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC)သို့ တင်ရန်၊ ပဋိပက္ခများ ရှိနေသည် ရခိုင် မြောက်ပိုင်းကို R2P (Res ponsible to Protect) လုပ်ရမည်ဟု ပြောဆိုချက်များကို ကျော်လွှားနိုင်မည့် စွမ်းဆောင်မှု မြန်မာတွင် ရှိပါသလားဆိုသည့် သတင်းထောက်တဦး၏ မေးခွန်းကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက“သေချာလား၊ လုပ်နိုင်မလားဆိုတဲ့ မေးခွန်း ဘယ်တော့မှ မမေးပါနဲ့။ ကိုယ့်နိုင်ငံအတွက် ကိုယ့်တာဝန်ကတော့ လုပ်ရမှာပဲ။ သူတို့ စွပ်စွဲတာတွေ မမှန်ကန်ဘူးဆိုတာကို ပြည်တွင်းမှာရော၊ ပြည်ပမှာရော စွပ်စွဲတာတော့ စွပ်စွဲတာပေါ့။ R2P လုပ်ချင်တဲ့သူကလည်း လုပ် မှာပဲ။ ကိုယ်လုပ်နိုင်တာတွေကို ကိုယ့်ဘာသာလုပ်ဖို့ တာဝန်ရှိပါတယ်”ဟု ပြောသည်။
ရခိုင်ဖြစ်စဉ်ကို စဉ်းစားရာတွင် အပိုင်း ၃ ခု ရှိရာ ပထမပိုင်းတွင် ရဲစခန်း ၃၀ ကျော် အတိုက်ခံရခြင်း၊ ဒုတိယပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက လက်တုန့်ပြန်ခြင်းနှင့် တတိယပိုင်းတွင် အစိုးရက ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ ရှိသော်လည်း မီဒီယာများသည် အပိုင်း ၂ ကိုသာ အဓိကထား ဖော်ပြနေကြသည်ဟု UEHRD ညှိနှိုင်းရေးမှူးက ဆိုသည်။
အပိုင်း ၂ ကို ဖော်ပြသည်ကို လက်ခံပြီး အပိုင်း ၂ နှင့် ၃ ကိုလည်း သတိထားသင့်ကြောင်း၊ ယခုကဲ့သို့ ထိလွယ်ရှလွယ် ကာလတွင် အားလုံး စည်းစည်းလုံးလုံးနှင့် ပြန်လည် တုန့်ပြန်သင့်ကြောင်း၊ နိုင်ငံတကာမှ ဖန်တီးနေသည့် Narrative (ဇာတ်လမ်း) များ ရှိသလို မြန်မာတွင်လည်း ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြောင်း ၎င်းက ထောက်ပြသည်။
အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမူ “ဆရာ ဒေါက်တာ အောင်ထွန်းသက် ပြောသွားတာတွေက UEHRD ရဲ့ Respond ပါ။ အစိုးရရဲ့ တုန့်ပြန်ချက် မဟုတ်ပါဘူး။ အစိုးရ သဘောထားက ကျနော်တို့ လုပ်နိုင်အောင် လုပ်ရမယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောသလိုပဲ။ ပျော့ပြောင်းတာ ပျော့ညံတာ မဟုတ်ဘူး။ ညှိနှိုင်းတာက အရှုံးပေးတာ မဟုတ်ဘူး”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။