ဧရာဝတီတိုင်း ဒေသကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနား အတွက် ကုန်ကျစရိတ်များကို ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရ ဘဏ္ဍာ ငွေတွင် ထည့်သွင်း ရေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မတ်လ ၁၄ရက်နေ့က စတင်ကျင်းပသည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒဿမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ချင်းအမျိုးသားနေ့ ကျင်းပရေးနှင့် ပတ်သက်၍ ကျောင်းကုန်း မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်းက ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ချင်းတိုင်းရင်းသားတွေရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို ပိုမိုအားပေးထိမ်းသိမ်းရေး ဆောင်ရွက်ရန် ကိစ္စများအတွက် သင့်လျော်တဲ့ ဘဏ္ဍာငွေ လျာထားချက်တွေကို တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ ၁၃ နဲ့ အညီ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှာ ထည့်သွင်း လျာထားပြီး ကူညီပံ့ပိုးပေးသွားပါမယ်” ဟု စံမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ချင်းအမျိုးသားနေ့အခမ်းအနားများကို ဧရာဝတီတိုင်းရှိ ချင်းတိုင်းရင်းသားများက ဦးဆောင်၍ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကြံခင်းနှင့် မြန်အောင်မြို့ များတွင် တလှည့်စီ ကျင်းပခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျရောက်သည့် နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့အခမ်းအနားကို တိုင်းဒေသကြီးအဆင့် အခမ်းအနားအဖြစ် ပုသိမ်မြို့တွင် ပထမဆုံး ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပရာတွင် ဒေသခံ ချင်းတိုင်းရင်းသားများထံမှ ကောက်ခံရရှိငွေများ၊ ဧရာဝတီတိုင်း အစိုးရနှင့် လွှတ်တော်အဖွဲ့၏ လှူဒါန်းမှုများ၊ အလှူရှင်တို့၏ လှူဒါန်းမှုများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ချင်းအမျိုးသားနေ့တွေကို ဧရာဝတီတိုင်းမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ အခက်အခဲတွေ အများကြီး ကြားထဲက ကျင်းပခဲ့ကြတယ်။ အခု ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသ ကြီး ဘတ်ဂျက်ထဲမှာ တရားဝင် ထည့်သွင်းပေးမယ်ဆိုတော့ နောင်နှစ် ချင်းအမျိုးသားနေ့တွေကို စိတ်အေးချမ်းသာစွာ ကျင်းပနိုင်မှာ ဖြစ်လို့ အတိုင်းမသိကို ဝမ်းသာရပါတယ်။ ကျနော်တို့ ချင်းလူမျိုး တွေအပေါ် စေတနာထားတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ နာယက ဆလိုင်းမြတ်သူက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူနှင့် ငပုတောမြို့နယ်များတွင် ချင်းတိုင်း ရင်းသား အများဆုံး နေထိုင်ကြကာ မအူပင်၊ မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်နှင့် ဧရာဝတီတိုင်းရှိ တခြား သော ဒေသများ တွင်လည်း ချင်းတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေအားဖြင့် နှစ်သောင်းကျော်ရှိကြောင်းချင်း အမျိုးသားနေ့ ကျင်းပရေးကော်မတီထံမှ သိရသည်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၌ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ချင်းမျိုးနွယ် ကိုယ်စားလှယ်ပေါင်း ၅၀၀၀ ကျော် စုဝေး၍ သူကြီးမျိုးရိုး အစဉ်အဆက် အုပ်ချုပ်သည့်စနစ်အား လူထုဆန္ဒဖြင့် ပယ်ဖျက် ခဲ့သည့် နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်၍ ယနေ့တိုင် ချင်းတိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အခမ်းအနားများ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။