လတ်တလော နိုင်ငံရေး အခြေအနေများအရ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရ၊ လွှတ်တော် တို့၏ ဒီမိုကရေစီ ဗိုလ်ကျ အနိုင်ကျင့်ခံရသလို ဖြစ်နေကြောင်း အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)က ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်တွင်း ဆောင်ရွက်ချက်များ ကန့်သတ်ခံရခြင်း၊ အစိုးရထံသို့ အကြံပြုချက်များကိုလည်း မသိကျိုးကျွံ ပြုခဲ့ခြင်း တို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်က ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အတ္တစွဲများသည် ယနေ့ ပြည်သူများ၏ လိုအပ်ချက်များကို မျက်ကွယ်ပြုနေပြီလားဟု မေးခွန်းထုတ်ရမလို ဖြစ်နေ ကြောင်း ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောသည်။
“ဒီကနေ့ စကားနဲ့ပြောရင်တော့ ဒီမိုကရေစီ ဗိုလ်ကျ အနိုင်ကျင့်ခံရသလို ဖြစ်တာပေါ့”ဟု ဦးပိုက်ထွေးက သတင်းစာ ရှင်းလင်းပွဲတွင် မှတ်ချက်ချသည်။
မတ် ၁၅ ရက်နေ့ တွင် သတင်းစာ ရှင်းလင်းပွဲကို ကြံ့ခိုင်ရေးပါတီမှ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဦးပိုက်ထွေး၊ ဦးလှသိန်း၊ ဒေါက်တာ နန္ဒလှမြင့်၊ ဒေါက်တာ ပွင့်ဆန်းနှင့် ဦးသိန်းထွန်းဦးတို့က ဦးဆောင် ပြုလုပ်ခဲ့ပြီး လက်ရှိ အစိုးရ၏ ဆောင်ရွက် ချက်များကို ဝေဖန်မှု ပြုလုပ်ခဲ့ကြသည်။
“လွှတ်တော်ထဲမှာ ပါတီတွေရဲ့ ဆောင်ရွက်တာတွေ မရဘူး။ ဒါကို ခင်ဗျားတို့လည်း သိတယ်။ လွှတ်တော်အတွင်းမှာ ကျနော်တို့ နိုင်ငံရေး ပါတီက နိုင်ငံသူနဲ့ နိုင်ငံသားတွေရဲ့ အကျိုး မေးခွန်းတွေ မေးမြန်းတယ်။ အကြောင်းပြချက် မျိုးစုံနဲ့ ကန့်သတ်မှုတွေ ရှိတယ်။ အဆိုတွေကျတော့လည်း လွှတ်တော်တွင်းအင်အား အသာစီးရရှိမှု အပေါ်မှာ အခွင့်ကောင်း ယူပြီးတော့မှ ကျနော်တို့ မဲခွဲ ဆုံးဖြတ်မှုနဲ့ တားဆီးခံခဲ့ရတယ်”ဟု ဦးပိုက်ထွေးက ပြောသည်။
လွှတ်တော်သည် အားကိုးမရဘဲ အစိုးရ၏ မသိကျိုးကျွံ ပြုခြင်းများ၏ အကျိုးဆက်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ဖြစ်ပွားလျက် ရှိသည့် ပြဿနာများ၊ စီးပွားရေး ကျဆင်းမှု၊ အခြေခံ လူတန်းစားများ၏ ဆင်းရဲ ဒုက္ခရောက်မှု၊ ရာဇဝတ်မှု များပြားလာမှု၊ တရား ဥပဒေ စိုးမိုးရေး ပျက်ယွင်းလာမှုနှင့် တိုင်းရင်းသား မဟုတ်သည့် လူမျိုးခြား၊ ဘာသာ ခြား များ ဝင်ရောက် ခြေရှုပ်လာမှုတို့ ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။
အာဏာရ NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူတဦးဖြစ်သည့် မုံရွာအောင်ရှင်က ဒီမိုကရေစီ စနစ်တွင် ဗိုလ်ကျ အနိုင်ကျင့် သည် ဆိုသော စကားလုံးကို လက်မခံနိုင်ကြောင်း၊ ဒီမိုကရေစီတွင် ဗိုလ်ကျခြင်း မရှိဘဲ ကျင့်စဉ်အရ အများစု၏ သဘော ထားကို အနည်းစုက လိုက်လျောခြင်း၊ အနည်းစု၏ သဘောထားကို အများစုက လေးစားရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“တကယ်တန်း ဗိုလ်ကျအနိုင်ကျင့်ခဲ့တာက သူတို့ အာဏာ သိမ်းပြီးကတည်းက ဗိုလ်ကျလာတာပါ။ ကျနော်တို့ လက်ထက်ကျမှ ဗိုလ်ကျ အနိုင်ကျင့်တယ်ဆိုတဲ့ စကားလုံးကို သုံးတာက ကျနော်တို့ အနေနဲ့က တော်တော်ကို ဟသတပုဒ်လိုပဲ ထင်ပါတယ်။ တကယ် ဗိုလ်ကျ အနိုင်ကျင့်ခဲ့တာ ဘယ်သူလဲ”ဟု ၎င်းက မေးခွန်းပြန်ထုတ်သည်။
၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လွှတ်တော်ထဲတွင်လည်း ယခုလို ဆောင်ရွက်ချက်များ ရှိကြောင်း၊ ယခုအချိန်ရောက် မှ ပြောနေသည်မှာ သဘာဝ မကျဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ရန် လိုလိမ့်မည်ဖြစ်ကြောင်း NLD က ဆို သည်။
၎င်းတို့ အစိုးရလက်ထက်က နိုင်ငံပိုင် မီဒီယာ၊ နိုင်ငံပိုင် သတင်းစာ မရှိသင့်ကြောင်း ပြောဆိုခဲ့သော်လည်း NLD အာဏာရသည့်အခါ နိုင်ငံပိုင် မီဒီယာ မဟုတ်ဘဲ ပါတီပိုင် မီဒီယာတခု သဖွယ် အသုံးချနေခြင်းမျိုးကို တွေ့ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဒုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဦးပိုက်ထွေးက ပြောသည်။
“ပြည်သူလူထုကို အသိပေးထိုက်တဲ့ သတင်းတွေကို မှန်ကန်စွာ၊ ရိုးသားစွာ ဖော်ပြမှု မရှိဘဲနဲ့ အင်္ဂလိပ် သတင်းစာ၊ မြန်မာ သတင်းစာ များမှာ အင်္ဂလိပ် သတင်းစာမှာ ရေးတော့ တမျိုး၊ မြန်မာ ဘာသာပြန်တော့ တမျိုးနဲ့ ဒီလို ရေးသား ဖော်ပြ ဖြန့်ချိနေတာဟာ တော်တော် ရင်လေးဖွယ် ကောင်းတယ်”ဟုလည်း ၎င်းက မှတ်ချက်ချသည်။
၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ အနီးတွင် နိုင်ငံပိုင် ရုပ်သံ၊ သတင်းစာတို့မှ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မိန့်ခွန်း ပြောဆိုချက် များ၊ NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်တို့၏ ပြောဆိုချက်များ ထည့်သွင်းခဲ့ခြင်းကို ကြံ့ခိုင်ရေးပါတီက ဝေဖန်ခြင်း ဖြစ်ပြီး အစိုးရ ပြန်ကြားရေး ဝန်ကြီးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ဖြစ် သည်။
“ဒီမိုကရေစီ အစိုးရ ပြည်သူနဲ့အတူလို့ ပြောနေသော အစိုးရသည် ဒီကနေ့ ဘယ်လိုတွေ ဖြစ်နေပြီလဲလို့ ခင်ဗျားတို့ သတင်းမီဒီယာများက ထောက်ပြဖို့ ဝေဖန်ဖို့ ကောင်းနေပြီလို့ ကျနော် ပြောချင်ပါတယ်”ဟု ဦးပိုက်ထွေးက ပြောသည်။
၎င်းတို့ ကြံ့ခိုင်ရေးပါတီမှ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားများ သည့် အပွင့်ဆိုင် အမည်တပ်၍ တွေ့ဆုံမှုများ ရှိခဲ့သလို နိုင်ငံရေးပါတီများနှင့်လည်း အခါအခွင့်သင့်သလို တွေ့ဆုံ၍ သဘောထားများ ရယူခဲ့ကြောင်း၊ ပါတီ အကျိုးထက် နိုင်ငံတော် အကျိုးအတွက် အလေးပေးပြီး မတူတာသည်များ ဘေးဖယ်ထား၊ တူသည်များကို လက်တွဲလုပ်မည်ဟုဆို ကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ပြော သည်။
ဦးပိုက်ထွေးက“အခု ကျနော်တို့အားလုံးရဲ့ အထွတ်အထိပ် ဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီးကို အလေးထား တင်ပြခဲ့ သော် လည်းပဲ ယနေ့အချိန်ထိ သမ္မတကြီးထံကနေပြီးတော့ စိုးစဉ်းမျှ အကြောင်းပြန်ကြားခြင်း တုံ့ပြန်ဆောင်ရွက်ခြင်း များကို မတွေ့ရှိရတာကတော့ ဝမ်းနည်းပါတယ်”ဟု ပြောဆိုသည်။
လက်ရှိတွင် ကြံ့ခိုင်ရေးပါတီသို့ ရွာလုံးကျွတ် ပါတီဝင်မှုများ ရှိလာသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ပါတီဝင်ဦးရေ ၃ သောင်းကျော် တိုးပွားလာကြောင်း၊ ပါတီဝင်အင်အားမှာ တနိုင်ငံလုံးတွင် ၅ သန်းကျော်ရှိကြောင်း ယင်းပါတီမှ ဒေါက်တာ နန္ဒာလှမြင့်ကလည်း ပြောသည်။
“ကျနော်တို့ ပါတီရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ပါတီရဲ့ အတွင်းရေးပဲ ဘယ်ပါတီကမှ ဘာလုပ်နေတယ် ဆိုတာကိုတော့ ပြောရိုး ထုံးစံ မရှိဘူး”ဟု ပါတီ စီးပွားရေးနှင့် ပတ်သက်၍ ဧရာဝတီ၏မေးခွန်းကို ၎င်းက တုံ့ပြန်သွား သည်။