သတင်း

မြန်မာအလုပ်သမားများ၏ ကလေးများကို ထိုင်းက ၁၀ နှစ်နေထိုင်ခွင့် ကတ်ထုတ်ပေးမည်

Want create site? Find Free WordPress Themes and plugins.

ထိုင်း အလုပ်သမားဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ဥပဒေသစ်အရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ် သမားများ၏ အသက် ၅ နှစ်ပြည့် ကလေးငယ်များကို ၁၀ နှစ်နေထိုင်ခွင့် ကတ်ပြားများ ထုတ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ပြင်ဆင်ဖြေလျှော့သည့် ဥပဒေကို ထိုင်းအလုပ်သမား ဝန်ကြီးဋ္ဌာနက ယခုလထဲတွင် ထုတ်ပြန်လိုက်ရာမှာ ကလေးငယ်များနှင့် ပတ်သက်သည့် ဥပဒေတရပ် ပါရှိ လာခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က ပြောသည်။

ဦးအောင်ကျော် က “အသက် ၅ နှစ်ကနေ အထက် ထိုင်းနိုင်ငံမှာ မွေးလာတဲ့ ကလေးတွေအားလုံးကို ၁၀ နှစ်ခံ အသိအမှတ်ပြု ကတ်တွေ ထုတ်ပေးခြင်းအပေါ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲကို ကြိုဆိုတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ ၈ နှစ်လောက် ကလေးကို သွားလုပ် မယ်ဆိုရင် ၁၈ နှစ်အထိ သူနေထိုင် ခွင့်ရသွားမယ်။ အဲဒီကာလအတွင်းမှာ မည်သည့် အာဏာပိုင် အဖွဲ့ အစည်းကမှ ဖမ်းဆီးငွေညှစ်ခြင်း လုပ်လို့မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အသက် ၅ နှစ်နှင့် အထက် ရှိပြီဖြစ်သော ၎င်းတို့၏ ကလေးကို ခေါ်၍ သက် ဆိုင်ရာ မြို့နယ်ရှိ စည်ပင်သာယာဋ္ဌာနရုံးသို့ ရုံးဖွင့်ရက်များတွင် သွားရောက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရပြီး စည်ပင်သာယာ နယ်နမိတ် အပြင်က ဖြစ်လျှင် သက်ဆိုင်ရာ မြို့နယ်ရုံးကြီး တွင်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားရောက်လုပ်ဆောင်ရာတွင် ကလေးမွေးစဉ်အခါက ထုတ်ပေးထားသော မွေးစာရင်းနှင့် အတူ မိဘများ အနေဖြင့် ၎င်းတို့ ကိုင် ဆောင်ထားသော တရားဝင် နေထိုင်လုပ်ကိုင်ခွင့် စာရွက်စာတမ်း မိတ္တူများပါရှိရန်လိုအပ်ကြောင်းနှင့် ဝန်ဆောင်ခ ထိုင်းဘတ် ၆၀ (ကျပ် ၂ ထောင်ကျော်) ကုန်ကျမည် ဖြစ်ကြောင်းသိရသည်။

အရွယ်မရောက်သေးသည့် ကလေးငယ်များသည် မိဘနှင့် အတူ နေထိုင်ခွင့်ရှိသည်ဆိုသည့် ထိုင်းဥပဒေ အရ ခံစားခွင့်ရခြင်း ဖြစ်ပြီး မြန်မာအလုပ်သမားများ၏ ကလေးငယ်များ ယခုကဲ့သို့ ၁၀ နှစ်သက် တမ်း ရှိ နေထိုင်ခွင့် ကတ်ပြားများ ရရှိလျှင် ထိုအချက်ကို အခွင့်ကောင်းယူ၍ အလုပ်သမားများအပေါ် ငွေညှစ်တတ်သော အာဏာပိုင်တချို့လက်မှ လွတ်မြောက်မည့် လက္ခဏာ ဖြစ် ကြောင်း ဦးအောင်ကျော် က ထောက်ပြသည်။

“အကျင့်ပျက်လာဘ်စားတဲ့ ထိုင်းအာဏာပိုင်များဟာဆိုရင် ကလေးငယ်တွေ အရွယ်ရောက်လာလို့ရှိရင် အထောက်အထား တစုံတရာ အတင်းတောင်းပါတယ်။ မပြနိုင်လို့ရှိရင် ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ရှိပါတယ်” ဟု ဦးအောင်ကျော် က ဆိုသည်။

ထိုင်းအစိုးရက ကလေးများနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ရွှေ့ပြောင်း အလုပ်သမား ကလေးငယ်များ အတွက် ကောင်းမွန်သော ပြဋ္ဌာန်းချက်များဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များကို ၁၀ နှစ် နေထိုင်ခွင့် ကတ်ပြားများ လုပ်ပေးမည့် အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း (FED) ၏ ဒါရိုက်တာ ဦးထူးချစ် က ပြောသည်။

“ခုလိုမျိုး ကလေးတွေ အကုန်လုံးက ၁၀ နှစ်ခံကတ် သို့တည်းမဟုတ် တခြား တရားဝင် အသိအမှတ် ပြုတဲ့ကတ် တခုခု ထုတ်ပေးတယ် ဆိုရင်တော့ ကလေးတွေရဲ့ အနာဂတ် ပညာရေး အတွက် အများကြီး အကျိုးရှိမယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ ကလေးငယ်တိုင်း ထိုင်းကျောင်းတက်ခွင့်ရှိကြောင်း ၂၀၀၆ ခုနှစ်ကတည်းက ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အချို့ သော ခရိုင်များ၊ ဒေသများတွင် ထိုဥပဒေသည် သက်ရောက်မှုမရှိ ကြောင်း၊ ထိုနေရာများရှိ ကျောင်းအချို့သည် ကလေးငယ် များကို မည်သည့် လက်မှတ်မှ မရှိလျှင် လက်မခံဟု ငြင်းဆိုခဲ့မှုများကိုလည်း ကြုံတွေ့ခဲ့ဖူးကြောင်း ဦးထူးချစ် က ရှင်းပြသည်။

ထိုင်းအစိုးရက တရားမဝင် အလုပ်သမား ပပျောက်ရေး အတွက် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားအားလုံး ၂၀၁၈ ခုနှစ်တွင် တရားဝင် MOU နှင့် လာရောက် လုပ်ကိုင် သူများဖြစ်ရ မည်ဟုဆိုကာ ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ကြီးလေး သည့် ပြစ်မှု၊ ပြစ်ဒဏ်များ ပါဝင်သည့် ရွှေ့ပြောင်း အလုပ်သမား ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းလိုက်သည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံအတွင်းရှိ သောင်းနှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမား များ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်များမှတဆင့် ပြည်တော်ပြန် ကုန်ပြီးနောက် ထိုင်း အသေးစားလုပ်ငန်းတချို့ ရပ်ဆိုင်းခဲ့ရသည်။

ထိုအခြေအနေဖြစ်ပွားပြီးနောက် ထိုင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းအစိုးရကို ရွှေ့ပြောင်း အလုပ်သမားအရေးနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့် ဥပဒေအသစ်ကို ဖြေလျှော့ပေးရန် ဝိုင်းဝန်း တောင်းဆိုခဲ့ကြသဖြင့် အစိုးရအနေဖြင့် ပြစ်မှု၊ ပြစ်ဒဏ်များကို လျှော့ပေါ့ လိုက်ရာတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ ၁၀ နှစ် နေထိုင် ခွင့်ကတ် ရရှိရေး လည်း ပါဝင်လာခြင်းဖြစ်သည်။

ထိုင်းအစိုးရက ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရွှေ့ပြောင်း အလုပ်သမားနှင့် ပတ်သက်သည့် ဥပဒေတွင် တရားမဝင် အလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များ အနေဖြင့် စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရှင် အနေဖြင့် အလုပ် သမားတဦးလျှင် ဘတ် ၄ သိန်း (ကျပ် သိန်း ၁၄၀) ခန့်၊ သို့မဟုတ် ဘတ် ၈ သိန်း (ကျပ် သိန်း ၃၀၀) ခန့် ပေးဆောင်ရမည် ဖြစ်ပြီး လုပ်သား အနေဖြင့်လည်း ဒဏ်ငွေအားဖြင့် ဘတ် ၂၀၀၀ မှ ဘတ် ၁ သိန်း သို့မဟုတ် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ် ၂ ရပ်လုံး ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်။

ထိုဥပဒေနှင့် ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာန အနေဖြင့် ပြန်လည်ဖြေလျှော့ချက်များ အရ တရားမဝင် အလုပ်သမား တဦးမိလျှင် ယခင်က အလုပ်ရှင် အတွက် ပြဋ္ဌာန်းထားသော ဘတ် ၄ သိန်းမှ ၈ သိန်း ပြစ်ဒဏ်ကို ဘတ် ၁ သောင်းမှ တသိန်းထိ လျှော့ချပြီး အလုပ်သမားပြစ်ဒဏ်ကိုလည်း ယခင်က ဘတ် ၂ ထောင်မှ ၁ သိန်းထိ ပြဋ္ဌာန်းချက်ကိုလည်း ဘတ် ၂ ထောင်မှ ၁ သောင်းထိ လျှော့ချပေးခဲ့ကြောင်းသိရသည်။

အလုပ်သမားအတွက် ချမှတ်ထားသော ထောင်ဒဏ် ၅ နှစ်ကိုတော့ ပြင်ဆင်ဖြေလျှော့သည့် အထဲတွင် မပါသေးသော်လည်း ဆက်လက် ချေဖျက်ပေးရန်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသား စုစု ပေါင်း ၄ သန်းခန့်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားပြီး ထိုပမာဏ၏ ရာခိုင်နှုန်း အများစုသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းသိရသည်။

၎င်းရွှေ့ပြောင်းလုပ်သားများမှ မွေးဖွားထားသော ကျောင်းနေအရွယ် ကလေးများမှာလည်း သိန်းနှင့်ချီ၍ ရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက်နေသူများက ခန့်မှန်းပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading