ဟူးကောင်းချိုင့်ဝှမ်း တနိုင်းဒေသရှိ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၏ တပ်ရင်း ၁၄ ၏ “နမ်ဗျူ” စခန်းကို တပ်မတော် ဘက်မှ ထိုးစစ်ဆင်လာခြင်း ကြောင့် ဆုတ်ခွာပေးလိုက်ရသည်ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “တပ်မတော်ဘက်က စစ်ကြောင်းတွေ တအားထိုး လာတဲ့အတွက် နမ်ဗျူကနေ ကျနော်တို့ ရှောင် ပေးလိုက်တယ်။ ဒီလ မတ် ၉ ရက်က ဆုတ်ပေးလိုက်ရတာ ထင်တယ်။ ကျနော် လည်း ခရီးထွက် နေတော့ အဲဒီရက်ပဲ ဖြစ်မယ် ထင်ပါတယ်” ဟု ပြောသည်။
အဆိုပါ နမ်ဗျူသည် ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ (တနိုင်းဒေသ) တွင် တည်ရှိပြီး KIA ၏ တပ် ရင်း ၁၄ က စခန်းချလှုပ်ရှားနေသည့် နေရာဖြစ်ပြီး ရွှေ၊ ပယင်း၊ ကျောက် စသည့် အဖိုးတန် ရတနာများ အဓိ က ထွက်ရှိ သော ဒေသဖြစ်ကြောင်း တနိုင်းဒေသခံ ဦးတူးဆန်က ပြောသည်။
“နမ်ဗျူမှာက အခု ကျနော်တို့ ခေတ်စားနေတာက ရွှေ၊ ပယင်းပေါ့။ အဲဒါကတော့ ကမ္ဘာတောင် ကျော်သွားတာ ကျနော်တို့ ကြားနေရတာ။ နမ်ဗျူကို တပ်မတော်ဘက်က သိမ်းလိုက်တာ ၂ ပတ်လောက်ရှိပြီ။ KIA ရင်း ၁၄ ဌာနချုပ်ကလည်း လူမှု ကွန်ရက်မှာလည်း သူတို့ ပြောထားတယ်။ သူတို့ ခဏလေး ရှောင်ပေးတာပေါ့။ အဲဒီလို မျိုး ကြားနေရတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် KIA အကြား တနိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း၊ သို့သော် တပ်ရင်း ၁၄ ဘက်တွင် လက်နက်ကြီးသံများ နေ့တိုင်း ကြားနေသည်ဟုလည်း ဦးတူးဆန်က ပြောသည်။
“အခု လောလောဆယ်တော့ တနိုင်းပတ်ဝန်းကျင်လောက်တော့ ဘာအသံမှ မကြားဘူး။ ရင်း ၁၄ ဘက်မှာ တော့ နေ့တိုင်း လက်နက်ကြီးသံတွေ ကြားနေရတာ။အဲဒီလောက်ပါပဲ။ တခြား ထူးထူးခြားခြားတော့ ကျနော်တို့ လည်း မသိရတော့ဘူး လေ။ အရမ်းဝေးသွားတော့။ တနိုင်းနဲ့တော့ တော်တော်တော့ ဝေးတယ်”ဟု ၎င်းက ဆိုသည်။
တပ်မတော်သည် နမ်ဗျူကို ထိန်းချုပ်လိုက်ပြီးနောက် နမ်ဗျူကျေးရွာနှင့် နမ်ခံကျေးရွာများတွင် တပ်စွဲထားကာ နယ်မြေ ရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း တနိုင်းဒေသခံများက ပြောသည်။
“လောလောဆယ်တော့ တိုက်ပွဲ မဖြစ်သေးဘူး။ ဒါပေမယ့် တိုက်ပွဲ ပြန်ဖြစ်ဖို့ရှိတယ်။ စစ်ရေး အခြေအနေက တင်းမာနေ ဆဲပဲ။ တနိုင်း၊ ဆွမ်ပရာဘွမ်၊ မံစီ အဲဒီဘက်တွေမှာ စစ်ရေး တင်းမာနေတယ်။ တပ်မတော်က စစ်ကြောင်းတွေ တအား ချထားတယ်”ဟု KIA မှ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း KIA ၏ တပ်မဟာ(၁) လှုပ်ရှားနေ သော ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသတွင် စစ်ရေး တင်းမာနေ သကဲ့သို့ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း ၂၇ နှင့် ၁၂ လှုပ်ရှားသော မံစီမြို့နယ်အတွင်းမှာလည်း စစ်ရေး တင်းမာနေခြင်းကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်ခြေရှိ သည်ဟု ၎င်းက ပြောသည်။
တပ်မတော်နှင့် KIA တို့အကြား ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ တနိုင်း၊ ဆွမ်ပရာ ဘွမ်၊ မံစီ စသည့် မြို့နယ်များအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြသည်။
ထို တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တရုတ်နိုင်ငံ၊ တာလီမြို့၌ တပ်မတော် ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှု ရယူနိုင် ခြင်း မရှိခဲ့ကြောင်း သိရသည်။