ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီသည် အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက် နေသော် လည်း ဘာသာရေးကို ခုတုံးလုပ်စားနေသည့် နိုင်ငံရေးပါတီတခု မဟုတ်ကြောင်း ပါတီ ခေါင်းဆောင်တချို့က နေပြည်တော် တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုသည်။
“ကျနော်တို့က ယုံကြည်ကိုးကွယ်ရာ ဘာသာကို နက်ရှိုင်းစွာ ယုံကြည်ကိုးကွယ်ခြင်းသာ ဖြစ်ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်စားတဲ့ နိုင်ငံရေး ပါတီထဲမှာ ပြည်ခိုင်ဖြိုးပါတီ မပါပါဘူး။ သို့သော် ကိုယ့်ဘာသာကို ကိုးကွယ်ယုံကြည်တဲ့ အထဲ မှာတော့ ပြည်ခိုင်ဖြိုးပါတီ ပါပါတယ်”ဟု ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးလှသိန်းက ပြောသည်။
ဗုဒ္ဓဘာသာကို ကြံ့ခိုင်ရေးပါတီက ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ဗုဒ္ဓဘာသာကို ဝိသေသ ထူးခြားသည့် ဘာသာတခုအဖြစ် အသိအမှတ်ပြုပြီး ဖြစ်၍ အခြေခံ ဥပဒေ၏ ပြဌာန်းချက်အတိုင်း ပါတီက လိုက်နာ ဆောင်ရွက်နေကြောင်း ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်များက ပြောဆိုကြသည်။
ယင်းပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း ၎င်းတို့ပါတီ၏ ဘာသာရေးဆိုင်ရာ မူဝါဒမှာ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို အားပေးကြောင်း၊ အမျိုးဘာသာ သာသနာကို အားပေးကြောင်း၊ အမျိုးဘာသာ သာသနာထက် အမျိုးသားရေး စရိုက် လက္ခဏာများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမည်ဆိုသည်မှာ ပါတီ၏ မူဝါဒ ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ နိုင်ငံရဲ့ ထူးခြားတဲ့ နိုင်ငံရေး သမိုင်းက ရှိခဲ့တယ်။ ကျနော်တို့ ယဉ်ကျေးမှု သမိုင်းကို နိုင်ငံသား အားလုံးမှာ ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ နိုင်ငံသားမှန်ရင် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန် ရှိတယ်။ ကျနော်တို့ ခင်ဗျားတို့မှ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မထိန်းသိမ်းရင် ဘယ်သူကလာပြီး ထိန်သိမ်းမှာလဲ”ဟု ၎င်းက မတ်လ ၁၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းထုတ်သည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဦးဆောင် အဖွဲ့ဝင် စာရေးဆရာ မောင်သွေးချွန်ကမူ ယခု အချိန်တွင် ကြံ့ခိုင်ရေး ခေါင်းဆောင်များ အမျိုးချစ်ပြနေခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိုချင်၍ ဖြစ်နိုင်ကြောင်း၊ ကြံ့ခိုင်ရေးသည် ၎င်းတို့ အာဏာရစဉ်ကတည်းက အမျိုးဘာသာကို စောင့်ရှောက်ခဲ့ပါက “မဘသ” ပေါ်လာစရာပင် အကြောင်း မရှိကြောင်း၊ အမျိုး ဘာသာအတွက် NLD ပါတီ၊ ကြံ့ခိုင်ရေး ၂ ခုစလုံး အားကိုး၍ မရကြောင်း ပြောဆို သည်။
သို့သော် ကြံ့ခိုင်ရေးပါတီ အာဏာရစဉ်က လူ့အခွင့်အရေး လှုပ်ရှားသူများ ကန့်ကွက်ခဲ့သည့် မျိုးစောင့် ဥပဒေ ၄ ခုကို ပြဌာန်း နိုင်ခဲ့ကြောင်း၊ မျိုးစောင့်ဥပဒေများ ပြဌာန်းရေး လက်မှတ်ထိုး တောင်းဆိုသည့် လူဦးရေ ၄ သန်း၏ လက်မှတ် နှင့် ပြဌာန်းနိုင်ခဲ့ခြင်း ဖြစ်ရာ လူထု ထောက်ခံမှု ရရှိရေးအတွက် နိုင်ငံရေး တည်ဆောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မဘသ က ၂၀၁၂ ခုနှစ် မသီတာထွေးကိစ္စ နောက်ပိုင်း ရခိုင်အရေး၊ ဘင်္ဂါလီအရေး တို့ကို သတိပေးခဲ့သော်လည်း မည်သူမျှ လက်မခံဘဲ အမုန်းစကားများ ဖြန့်ချိသူအဖြစ်သာ တံဆိပ်ကပ်ခံခဲ့ရကြောင်း မဘသအဖွဲ့ ဦးဆောင်သူ တချို့ က ပြောသည်။
မောင်သွေးချွန်က “အဲဒီတုန်းကတော့ ကျနော်တို့ကို အမုန်းစကားလေး ဘာလေးနဲ့ ပြောကြတယ်။ အခု နိုင်ငံတော် အစိုးရ ကိုယ်တိုင်လည်း ကုလသမဂ္ဂမှာ သွားပြီး အမေရိကန်နဲ့ ဆန့်ကျင်ဘက်တွေ ပြောကုန်ပြီ။ ဦးဇော်ဌေး (အစိုးရ ပြောခွင့်ရသူ) ဆိုရင်လည်း ဒီမိုကရေစီ မကောင်းကြောင်းတွေ ပြောလာပြီ။ ဒီမိုကရေစီကို ဘယ်သူမှ စိတ်မဝင်စား တော့ ဘူး ဆိုတာ ထုတ်ဖော်လာပြီ။ တို့က ဒါတွေကို အစောကြီး ကတည်းက ပြောတာ” ဟု ပြောဆိုသည်။
သို့သော် မဘသက ဒီမိုကရေစီကို အပြစ်မတင်ခဲ့ကြောင်း၊ ဒီမိုကရေစီကြောင့် မဘသ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ဆန္ဒပြ ခွင့်၊ မျိုးစောင့် ဥပဒေများ ပြဌာန်းခွင့်နှင့် သာသနာကို ကာကွယ်စောင့်ရှောက်ခွင့်သည် ဒီမိုကရေစီ၏ အသီးအပွင့်များ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း “သူတို့ကြံ့ခိုင်ရေးက အာဏာလည်း မရရော သူတို့လုပ်တဲ့ နိုင်ငံရေး က အလွန်တရာမှ မျိုးချစ်တယ်ဆိုပြီး လုပ်ပြလာတယ်။ မျိုးချစ်တာလည်း သူတို့ပဲ။ အချုပ်အခြာ အာဏာကို ကာကွယ်ချင်တာလည်း သူတို့ပဲ။ ဖွဲ့စည်းပုံကို ကာကွယ်ချင်တာလည်း သူတို့ပဲ။ အသက်ပေးလို့တောင် ကာကွယ်မယ် ပေါ့။ အဲဒါတွေက တကယ့်တကယ်ကျတော့ လက်တွေ့မကျဘူး” ဟု ဝေဖန်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ယင်းစာအုပ်ထဲတွင် နိုင်ငံရေး အလို့ငှာ ဘာသာရေးကို အသုံးမချနှင့်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် ကြံ့ခိုင်ရေးသည် ၂၀၁၂ ခုနှစ်မှ ယခုအချိန် ထိ ဘာသာရေးကို အသုံးချခဲ့ သည်ဟု အစ္စလမ် ဘာသာဝင် တဦးဖြစ်သူ ဦးထွန်းကြည်က ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် ဘင်္ဂါလီအမတ် ၂ ဦးဖြစ်သော ဦးရွှေမောင် နှင့် ဦးအောင်ဇော်ဝင်း တို့ ပါတီတွင်းသို့ ရောက်ရှိလာပုံကို ဧရာဝတီ သတင်းဌာနက မေးမြန်းရာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ၎င်းတို့ အနေဖြင့် ယင်းကိစ္စကို တိတိကျကျ မသိကြောင်း ပြောဆိုသည်။
“ကျနော်တို့သိတာ ဘာလဲဆိုတော့ ၂၀၁၅ မှာ ကျနော်တို့ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် တာဝန်ပေး တဲ့ အချိန်မှာ အဲဒီပုဂ္ဂိုလ်တွေက တသီးပုဂ္ဂလနဲ့ ဝင်ပြိုင်မယ် ဆိုပြီးတော့ သူတို့ရဲ့ သဘောဆန္ဒအရ ဆုံးဖြတ်သွားတာ ကို သိလိုက်တယ်”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
လက်ရှိ အချိန်တွင် ၎င်းတို့ပါတီမှ အမတ်ဟောင်းများ ဖြစ်ကြသည့် ဦးရွှေမောင်ကို ဘူးသီးတောင် ရဲစခန်းက အကြမ်း ဖက် မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ဦးအောင်ဇော်ဝင်းကိုမူ ပြီးခဲ့သည့်လက အကြမ်းဖက် သမားများကို ကူညီ အားပေးမှုဖြင့် ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။
“ဒီ ARSA အဖွဲ့ကို ထောက်ပံ့မှုနဲ့ ဦးအောင်ဇော်ဝင်းကို ဖမ်းတဲ့ကိစ္စသည် သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဆောင်ရွက်ချက်တွေလို့ပဲ မြင်တယ်။ ဒါကြောင့် နိုင်ငံသား တယောက်အနေနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်ရင် ဥပဒေနဲ့အညီ အရေးယူခံရတဲ့ အပေါ်မှာ ကျနော်တို့ ဘာမှ ပြောစရာ မရှိဘူး”ဟု ကြံ့ခိုင်ရေး ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့် က ဆိုသည်။
ထို့ပြင် ၎င်းတို့ ပါတီ အစိုးရဖြစ်စဉ်ကလည်း မွတ်စလင်နှင့်မြန်မာ ပဋိပက္ခများတွင် မပါဝင်ခဲ့ကြောင်း၊ ဗလီ ဖျက်သူ လည်း တဦးတယောက်မှ မရှိကြောင်း၊ ခရစ်ယာန်ဘာသာနှင့်လည်း ပြဿနာ မရှိကြောင်း ကြံ့ခိုင်ရေး ခေါင်းဆောင် များက ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “အမျိုးသားရေး ဆိုတာ မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်နေကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ ပါရမယ်။ အဲဒီလောက်ကို မျက်နှာ မမူဘဲနဲ့ ကွက်ကွက်ကလေးနဲ့ အတ္တတွေ လွှမ်းခြုံ ထားတဲ့ မျိုးချစ်စိတ်၊ အတ္တကို ရှေ့တန်းတင်ထားတဲ့ အမျိုးသားရေးဆိုရင် ဒါမျိုးကတော့ ဘယ်ပါတီ၊ ဘယ် အဖွဲ့ အစည်း ကိုမှ လက်ခံနိုင်စရာ မရှိဘူး” ဟု ပြောဆိုသည်။