တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ RCSS နှင့် TNLA တို့၏ တိုက်ပွဲကြား ပိတ်မိနေသည့် ကွန်ကော် နှင့် တော့ဖယ် ကျေးရွာ သား ၄၀၀ ကျော်ကို ကယ်ထုတ်ရေး လူမှုရေးအဖွဲ့များ ကြိုးပမ်းနေသော် လည်း မိုင်းအန္တရာယ်ကြောင့် မကယ်ထုတ်နိုင်ပဲ ဖြစ်နေကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ မတ်လ ၁၃ရက်နေ့က ကျောက်မဲမြို့နယ် ကွန်ကော်နှင့် တော့ဖယ်ရွာအနီး တိုက်ပွဲဖြစ်ပွားရာ တော့ဖယ်ရွာအတွင်း လက် နက်ကြီးကျည် ကျ၍ ဒေသခံ ၂ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိပြီး အိမ် ၆လုံး မီးလောင်ကျွမ်းသွားကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာန က မတ် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲကြား ပိတ်မိနေသူများ အပါအဝင် ဒဏ်ရာရသူများ ကယ်ထုတ်နိုင်ရေး ကျောက်မဲ၊ သီပေါ၊ နောင်ပိန် စသည့် ဒေသများမှ လူမူကယ်ဆယ်ရေးအသင်းများက လူနာတင်ကား ၁၂ စီးဖြင့် သွား သော်လည်း မိုင်း အန္တရာယ်ကြောင့် ကယ် ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။
“ မနေ့က တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲကြား ပိတ်မိနေတဲ့ ကွန်ကော်နဲ့ တော့ဖယ်ရွာ အတွင်းက ဒေသခံတွေ ကို ကယ် ထုတ်ဖို့ ကျနော်တို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေ သွားကြတယ်။ အဲဒီမှာ နှစ်ဖက် လက်နက်ကိုင်တွေက မသွားခိုင်း ဘူး။ မိုင်းတွေ မြှုပ်ထားတယ်။ မသွားပါနဲ့လို့ တားတော့ မသွားနိုင်ခဲ့ဘူး။ ကျောက်မဲနဲ့ ၇ မိုင်လောက်အထိပဲ တက်နိုင်တယ်။ အဲဒီနေရာက ၁၃ မိုင်လောက် ဝေး တယ်။ အခုထိ မကယ်ထုတ်နိုင်သေးဘူး”ဟု ၎င်းက ပြောသည်။
ထို ကျေးရွာ ၂ ရွာတွင် လူဦးရေ ၄၀၀ ကျော်ရှိပြီး တရွာလျှင် အိမ်ခြေ ၁၀၀ ဝန်းကျင်စီ ရှိနိုင်ကြောင်း ဦးစိုင်းထွန်းဉာဏ်က ဆိုသည်။
ယနေ့တွင်လည်း ကျောက်မဲမြို့နယ် ၊ မန်ပန်ကျေးရွာအနီး RCSS နှင့် TNLA တိုက်ပွဲဖြစ်ပွား နေခြင်းကြောင့် အနီးအနားရှိ အုံအွီးကျေးရွာမှ ဒေသခံ ၁၀၀ ကျော်ကို ကျောက်မဲ၊ နောင်ပိန်မှ လူမှုကယ်ဆယ် ရေးအသင်းအဖွဲ့များက သွားရောက် ခေါ် ဆောင်နေရကြောင်း သိရသည်။
ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များအတွင်း RCSS နှင့် TNLA တို့အကြား တိုက်ပွဲများမှာ မတ်လ ၁၀ ရက်နေ့ ကတည်း စတင်ကာ ယနေ့တိုင် နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်သည်။
RCSS ၏ တရားဝင် သတင်းဌာနဖြစ်သော Tai Freedom က မတ် ၁၆ ရက်တွင် ဖော်ပြချက်တွင် မတ် ၁၀ ရက်မှ ၁၅ ရက်အတွင်း ထိတွေ့ တိုက်ပွဲ အကြိမ် ၄၀ခန့် ရှိခဲ့ကြောင်း ဆိုသည်။
နှစ်ဘက်တိုက်ပွဲကြောင့် နမ္မတူမြို့နယ်အတွင်းရှိ နားတီး၊ပန်ကွပ်၊နားဆိုင်း၊ပန်လော၊ပန်ဆော့ စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀ ကျော် တိုက်ပွဲရှောင်နေကြရကြောင်း နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွတ်တော်ကိုယ်စားလှယ် နန်းစံနွမ်က ဆိုသည်။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဘက် တာဝန် ရှိသူများကို ဆက်သွယ် သော်လည်း ဖုန်းကိုင် ဆောင် ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရပေ။
သို့သော် Tai Freedom ၏ မတ် ၁၆ ရက်က ဖော်ပြမှုတွင် ထိုတိုက်ပွဲကြောင့် RCSS နှင့် TNLA ကြား တွေ့ဆုံ ရန် ညှိနှိုင်းထားမှုကို ယာယီဖျက်သိမ်းနိုင်ဖွယ်ရှိသည်ဟုလည်း ဆိုထားသည်။
RCSS နှင့် TNLA အကြား တိုက်ပွဲသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် နယ်မြေ အငြင်းပွားရာ မှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ပြေလည်မှု မရသေးပဲ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့ကြခြင်း ဖြစ်သည်။ည္။