သတင်း

ဝန်ကြီးချုပ် လက်မှတ်အတု ပြုလုပ်၍ လိမ်လည်သည့် မှုခင်းသတင်းထောက် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ပုသိမ်မြို့တွင် မြေကွက်များချထားပေးမည်ဟုဆိုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ လက်မှတ် အတု ပြုလုပ်၍ လိမ်လည်ခဲ့သော မှုခင်းသတင်းထောက်တဦးအား ပုသိမ်မြို့မ ရဲစခန်းက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မှုခင်းရှုထောင့်အဖွဲ့မှ ထုတ်ပေးထားသည့်အထူးသတင်းထောက် ကတ် ကိုင်ဆောင်ထားသူ ဦးစိန်ထွန်း (ခေါ်) စိန်ထွန်းချေသည် နေစရာအိမ်မရှိသဖြင့် အိမ်ငှားနေရ သည့် ရခိုင်တိုင်းရင်းသား မိသားစုထံ မြေကွက်လပ်များအား ဝန်ကြီးချုပ်မှ ချထားပေးမည်ဟုဆိုကာ ငွေကြေး လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

“အလိမ်ခံရတဲ့ကောင်လေးက ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတော့ သူ့ဆီမှာ ဆိုင်ကယ်လာပြင်တာ သုံးလေးခါဆို တော့ တိုင်းရင်းသား အချင်းချင်းလည်း ဖြစ်တော့ ယုံသွားပြီး မြေကွက်အတွက် ပိုက်ဆံတွေပေးလိုက်တာ။ ပြီးခဲ့တဲ့ တပတ်ကမှ စာရွက်လာ ပေးတော့ လိမ်နေတာဖြစ်နိုင်တယ်ဆိုပြီး မသင်္ကာဖြစ်ပြီး စခန်းမှာအမှုလာဖွင့်တာ ပါ။ အဲဒါနဲ့ ကျနော်တို့ ချက်ခြင်း သွားဖမ်းတော့ သူ့အိမ်ကနေ မှုခင်းသတင်းထောက်ကတ် ၊ ဝန်ကြီးချုပ် လက်မှတ်ဆိုပြီးထိုးထားတဲ့ စာရွက်တွေ၊ နိုင်ငံတော် တံဆိပ် ပါတဲ့ တိုင်း အစိုးရရုံးစာပုံစံမျိုး စာရွက်တွေလည်း ဖမ်းမိခဲ့ တယ်” ဟု ပုသိမ်မြို့မရဲစခန်းမှ အကြီးတန်း ရဲ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

အသက် ၅၄ နှစ်အရွယ်ရှိ မှုခင်းသတင်းထောက် ဦးစိန်ထွန်းက ဝန်ကြီးချုပ် မန်းဂျော်နီက ပုသိမ်မြို့ ကြိုးတံတား အနီးရှိ ပေ ၅၀ x ၆၀ မြေကွက်များကို နေစရာမရှိသည့် တိုင်းရင်းသားများအား ချထား ပေးရန်စီစဉ်နေသည် ဟု ပြောဆိုကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ မြေကွက် အတွက် ငွေများ အကြိမ်ကြိမ် တောင်းခံခဲ့ရာ ငွေကျပ် ၂၅ သိန်း ပေးခဲ့ ရကြောင်း လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်ထက်တွင်လည်း ချထားပေးတော့မည်ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးစာအတုများပြသကာ လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အလိမ်ခံရသူမိသားစုမှာ သံသယရှိသည့်အတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးသို့ မြေပေးမိန့် စာရွက် စာတမ်း များပြသ၍ သွားရောက် စုံစမ်းရာ ရုံးစာအတုများဖြစ်နေကြောင်း သိရှိရသည့်အတွက် မတ်လ ၁၅ ရက် ညပိုင်း တွင် ပုသိမ်မြို့မ ရဲစခန်း၌ အမှုဖွင့်ခဲ့ရာ ဦးစိန်ထွန်းအား သွားရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ လက်မှတ်အတုများ၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ရုံးစာအတုများပြုလုပ်၍ လိမ်လည် မှုဖြင့် မှုခင်းရှုထောင့်ဌာနမှ အထူးသတင်းထောက် ဦးစိန်ထွန်း (ခ) စိန်ထွန်းချေအား ပုသိမ်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး ပြစ်မှုနံပတ် ၁၃၇ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု)၊ ၄၆၈ (လတ်မှတ် အတု၊ ရုံးစာအတုပြုလုပ်မှု) တို့ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading