ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဘဏ္ဍာနှစ် တနှစ်လျှင် တမြို့နယ်ကို ကျပ် သိန်း ၁ ထောင်စီ ဘတ်ဂျက် ချပေးခြင်းထက် မြို့နယ် အရွယ်အစားနှင့် ဒေသဖွံ့ဖြိုးမှု အလိုက်သာ ချပေးသင့်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ အကြံပြု တင်ပြသည်။
မတ်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက် နေ့တွင် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက လာရောက် ရှင်းလင်းရာ ယင်းကဲ့သို့ အကြံပြု ဆွေးနွေးခြင်း ဖြစ်သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက “ဖွံ့ဖြိုးရေး ရန်ပုံငွေ ခွင့်ပြုရာမှာ ဖွံ့ဖြိုးမှု နောက်ကျတဲ့ မြို့နယ်များကို လက်ရှိ ခွင့်ပြုငွေထက် ပိုမို တောင်းခံခွင့်ပြုဖို့၊ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်ပြီး ဘတ်ဂျက် များများ သုံးစွဲနိုင်တဲ့ တချို့ မြို့နယ်တွေကို အနည်းငယ်လျှော့ပြီး မဖွံ့ဖြိုးသေးတဲ့ မြို့နယ်တွေကို ပိုမို ခွဲဝေပေးဖို့ လိုအပ်ပါတယ်” ဟု အစီရင်ခံစာ ဖတ်ကြားစဉ် ထည့်သွင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူဦးရေ နည်းပါးသည့် မြို့နယ်များ ရှိသကဲ့သို့ လူဦးရေ များသည့် မြို့နယ်များလည်း ရှိသဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်များ ရှိနေသော်လည်း ရန်ပုံငွေ ခွဲဝေချထားရာတွင် မြို့နယ်တိုင်းကို တညီတည်း ချထားပေးကြောင်းလည်း ဦးမော်သန်းက ပြောသည်။
ထိုသို့ စာရင်းစစ်ချုပ်၏ အကြံပြုချက် အပေါ် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “မလိုအပ်ဘဲ သိန်း ၁ ထောင်ကို မကုန်ကုန်အောင် သုံးဖို့နေရာတွေ စဉ်းစား နေရမယ့်အစား မြေသား လမ်းတောင်မရှိတဲ့ ကျေးလက်ဒေသတွေကို ပိုပေးလိုက်ရင် သူတို့အတွက် ပိုအကျိုးရှိမယ်။ နေရာတိုင်းက အတူတူပဲ ဆိုပြီး စဉ်းစားလို့ အဆင်မပြေဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ရန် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ တမြို့နယ်ကို ကျပ်သိန်း ၁ ထောင်ဖြင့် မြို့နယ်ပေါင်း ၃၂၂ မြို့နယ်အတွက် ကျပ်သန်း ၃၂,၂၀၀ နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကောင်စီ သို့ ကျပ်သန်း ၈၀၀ ထောက်ပံ့ပေးခဲ့ကြောင်း စာရင်း စစ်ချုပ်က လွှတ်တော်တွင် ပြောသည်။
ပျဉ်းမနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က“တကယ်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ မြို့နယ်တွေမှာ တင်လိုက်လို့ ရမယ်ဆို ကောင်းပါတယ်။ တချို့ မြို့နယ်တွေ ကျတေ့ာလည်း ဒီ သိန်း တထောင်ကို ဘာလုပ်လို့ လုပ်ရ မှန်းကို မသိလို့ ရှာကြံပြီး လုပ်နေတဲ့ မြို့နယ်တွေလည်း ရှိတာပဲ။ ဒါကြောင့် ဒီအကြံပြုချက်က အန်မတန်ကောင်းပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခု တင်ပြသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ထပ်မံ ဆွေးနွေးလိုပါက မတ် ၁၆ ရက် နေ့တွင် အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။