သတင်း

ဖာပွန်မှာ စစ်ရေးတင်းမာ၊ ဒုက္ခသည် ၂ ထောင် စစ်ရှောင်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်ဘက်မှ အင်အားဖြည့်တင်းကာ တပ်လှုပ်ရှားမှုနှင့် ဒွန်တွဲသည့် လမ်းဖောက်လုပ်ရေးကြောင့် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခဲ့ပြီး ကျေးရွာ ၁၄ ရွာမှ လူထု ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ ထုတ်ပြန်သည်။

ယင်းသည် မတ်လ ၁၅ ရက်နေ့ နေ့ခင်းပိုင်းတွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကမမောင်းမြို့နယ်ခွဲရှိ ဝါသိုးခို ကျေးရွာ အနီးတွင် KNU လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မြန်မာ့ တပ်မတော်မှ တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး နောက်ဆက်တွဲ ထုတ်ပြန်ချက်ဖြစ်သည်။

“အခြေလေး ပြန်ကျတာမှ သိပ်မကြာသေးဘူး။ အပစ်အခတ်ရပ်စဲရေးပြီးမှ သူတို့ကလည်း ပြန်ပြီးတော့ လယ်တွေ၊ ယာတွေလုပ်တာ။ အခုလိုဖြစ်တော့ သူတို့လည်း ပြန်ပြီးတော့ ထွက်ပြေးတာပေါ့။ ရိက္ခာတွေက ရွာမှာ ချန်ထားခဲ့တယ်။ တပ်က ရုတ်တရက်ဝင်လာတော့ နိုင်သလောက်သယ်ပြီးတော့ တောထဲမှာ သွားဝင်ပုန်းနေကြတယ်။ ခုတော့ ရိက္ခာ လာပြန်ယူလို့ရှိရင်လည်း တပ်မတော်ဘက်က ရဲဘော်တချို့က ပစ်ခတ်မှုတွေရှိမှာကိုလည်း သူတို့မှာ စိုးရိမ်ကြောက်လန့်မှုတွေ ရှိတယ်။ ရိက္ခာပြဿနာ၊ ကျန်းမာရေး ပြဿနာ၊ ဆေးဝါး ပြဿနာ နောက်ပြီး ကလေးတွေရဲ့ ပညာရေးပဲ အခုလောလောဆယ်က စာမေးပွဲစစ်တဲ့အချိန်ရောက်ပြီဆိုတော့ စာမေးပွဲလည်း မစစ်အားဆိုတော့ ကလေးတွေရဲ့ ပညာရေးလည်း ထိခိုက်တာပေါ့” ဟု ဒု ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက ဧရာဝတီ သို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မတ်လ ၄ ရက်နေ့မှ စတင်၍ အနည်းဆုံး ၈ ကြိမ် မြင်တွေ့ခဲ့ရပြီးဖြစ် သည့် KNLA တပ်မဟာ ၅ ထိန်းချုပ်ရာ ဒေသတွင် ဖြစ်သည်။

KNLA ၏ နိုင်ငံရေး အဖွဲ့ဖြစ်သော KNU က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အပြန်အလှန် သဘောတူညီချက်နှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် လွန်ခဲ့သော ၅ နှစ်မှ စ၍ မတ်လ အစောပိုင်းအထိ အဆိုပါ ဧရိယာတွင် တိုက်ပွဲများ မရှိသလောက် နည်းပါးခဲ့သည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ယုံကြည်မှုတည်ဆောက်ရေးကို လက်တွေ့ ပြသသည့် အနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းခြင်း၊ လမ်းဖောက်လုပ်ရေးလုပ်ငန်းအတွက် စေလွှတ်ထားသော စစ်မဟာဗျူဟာ ကွပ်ကဲရေးဌာနချုပ်များနှင့် လက်အောက်ခံ တပ်ရင်းများကို ပြန်လည် ရုတ်သိမ်းမှုများ ပြုလုပ်ရန်နှင့် စစ်ဘေးရှောင် ကရင် ပြည်သူလူထုများ နေရပ် ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး လုံခြုံမှု အာမခံချက်ပေးရမည်ဟု KNU က တောင်းဆိုထားသည်။

“NCA တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများ အပါအဝင်၊ ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား နှစ်ဖက်စစ်ရေးတင်းမာမှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရသော စစ်ဘေးရှောင်ပြည်တွင်း နေရပ်စွန့်ခွာသူ လူထုများအတွက် လူသားခြင်း စာနာထောက်ထားသော အထောက်အကူများ ပေးအပ်ရန် အတွက်လည်း တောင်းဆိုပါသည်”ဟုလည်း KNU က ထုတ်ပြန်ချက်တွင် ရေးသည်။

ဒေသခံများ၏ အဆိုအရ မြန်မာ့တပ်မတော် တပ်မ ၂၂ လက်အောက်ခံ တပ်ဖွဲ့များ နှင့် KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့များ ထိတွေ့မှုဖြစ် ပွားခဲ့ပြီး နေ့လည် ၁ နာရီ ဝန်းကျင်၌ ပေါ်ပေါက်ခဲ့သော ပစ်ခတ်မှုက ၁၅ မိနစ်ကြာမြင့်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)အတွင်းရေးမှူး ဖဒို စောရွှေမောင်က ထိတွေ့မှုနှင့် ပတ်သက်၍ JMC သို့ နေ့လည် ၁ နာရီ ၂၀ မိနစ်တွင် အကြောင်းကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာ့တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က KNLA ထိန်းချုပ်ဧရိယာ အတွင်းရှိ ရပ်နားထားသော လမ်းဖောက်လုပ်ရေး လုပ်ငန်းတခုကို ပြန်လည်စတင်လာခြင်းနှင့် ပတ်သက်၍ KNLA တပ်မဟာ ၅ က မတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီသို့ တိုင်ကြားစာတစောင် ပေးပို့ခဲ့သည်။

KNLA က အဆိုပါစာတွင် ဒေသခံများက ထိုလမ်းကြောင်းကို အသုံးချခြင်း မရှိကြသည့်အတွက် တပ်မတော်၏ လမ်း တည် ဆောက်ရေးများ ပြန်လည်စတင်မည့် အစီအစဉ်သည် ၎င်းတို့ ထိန်းချုပ် နယ်မြေကို တိုးချဲ့ရန် ရည်ရွယ်သည့် စစ်ဆင်ရေးများအတွက် ပြင်ဆင်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လုပ်ရပ်က တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ၏ အခန်း ၂ အပိုဒ် (၈) နှင့် အခန်း ၃ အပိုဒ်(က) ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း KNLA တပ်မဟာ ၅ က ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။

၎င်းတို့အဖွဲ့က NCA စည်းမျဉ်းစည်းကမ်းများနှင့် အညီ လက်နက်ကိုင် အဖွဲ့ ၂ ခုလုံးမှာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြဿ နာကို ဆွေးနွေးခဲ့ကြောင်း ဖဒိုစောရွှေမောင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading