ဦးကိုနီလုပ်ကြံခံရမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ကြောင်း ခိုင်မာသည့် အထောက်အထားများကို တရားလိုဘက်က တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်း ဖမ်းဆီး ခံထားရသည့် ဇေယျာဖြိုးနှင့် အောင်ဝင်းဇော်တို့က ယနေ့ ရုံးချိန်းအပြီးတွင် ထောက်ပြ ပြောဆိုလိုက်သည်။
ပြန်ခေါ်သက်သေအားလုံး စစ်ပြီးသော်လည်း ၎င်းတို့အနေဖြင့် မည်သည့် ကဏ္ဍတွင်မှ မပါဝင်ကြောင်း၊ ပတ်သက်ခြင်း မရှိကြောင်း ဇေယျာဖြိုးက ရုံးချိန်းအပြန်တွင် ပြောဆိုသွားသည်။
အောင်ဝင်းဇော် ကလည်း “ဘာမှ မပတ်သက်ပါဘူးဆိုတာ ပြောနေရင်း ပါလာတယ်၊ အခုလည်း သိသာနေပါပြီ” ဟု ဆို သည်။
ယနေ့ရုံးချိန်တွင် အမှုမှ နောက်ဆုံး ပြန်ခေါ်သက်သေအဖြစ် ဇေယျာဖြိုး၏ ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦးအား စစ်ဆေး မေးမြန်း ခဲ့ရာ တရားလိုပြ သက်သေအဖြစ် အမှုတွင် ကြည်လင်း အသုံးပြုခဲ့သည့် လက်နက်များနှင့် အောင်ဝင်းဇော် ပတ်သက် နေကြောင်း၊ ဦးကိုနီအား လုပ်ကြံရန် ဇေယျာဖြိုးက ငွေ ကျပ်သိန်း ၁ ထောင် ပေးခဲ့ကြောင်း စသည့် စွပ်စွဲမှု များ အပေါ် မည်သည့်သက်သေကမျှ ထွက်ဆိုမှု မရှိဟု အောင်ဝင်းဇော်၏ ရှေ့နေ ဦးအောင်ခိုင်ကလည်း ပြောသည်။
ဦးအောင်ခိုင်က “ပြန်ခေါ်သက်သေတွေ ကုန်ပြီဆိုတော့ ကျနော်တို့ဘက်ကို စစ်တော့မယ်၊ ဘာကြောင့် အပြစ်မရှိဘူး ဆိုတာ ကို ရှင်းရတော့မယ်။ သေနတ်တွေက အောင်ဝင်းဇော်နဲ့ ပတ်သက်မှုရှိတာ မတွေ့ရကြောင်း အမှုစစ် ကိုယ်တိုင် ထွက်ဆို ပြီးပြီ။ တရားခံတွေ ပြစ်မှုကျူးလွန်ကြောင်း အထောက်အအထား သက်သေတွေကို ဒီနေ့ စစ်ခဲ့တဲ့ ဘယ် သက်သေ ကမှ မထွက်ဆိုခဲ့ဘူး။ ရဲတွေကလည်း တရားခံတွေရဲ့ ထွက်ဆိုချက်ပဲ ထွက်တယ်။ ကျနော်က အောင်ဝင်းဇော် နဲ့ အောင်ဝင်းထွန်း အတွက်ပဲ ပြောတာ။ ကျနော့်အမှုသည် နှစ်ယောက်ကိုတော့ ဒီအမှုမှာ ပါဝင် ပတ်သက် ကြောင်း ထွက်တဲ့ လူသက်သေလည်း မရှိဘူး၊ စာရွက်စာတမ်း အထောက်အထားလည်း မရှိဘူး”ဟု ပြောပြသည်။
ယင်းအမှု ရုံးချိန်း အကြိမ် ၅၀ တွင် တရားလိုသက်သေ ၈၀ နှင့် ပြန်ခေါ်သက်သေ ၃၇ ဦးတို့ကိုု စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး လာမည့်မတ်လ ၂၂ ရက်နေ့ ရုံးချိန်းမှစတင်ကာ တရားခံပြ သက်သေများ တရားရုံးသို့ တင်သွင်းရမည် ဖြစ်ကာ ဖမ်းဆီး စွဲချက်တင် ခံထားရသူများအား စတင်စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
အမှုတွင် သက်သေများ၏ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး အများအားဖြင့် ကျေနပ်မှုရှိသော်လည်း ရဲမှူး တင်မောင် ဆွေ ၏ ထွက်ဆိုုချက်များ အပေါ် ကျေနပ်မှုမရှိကြောင်းနှင့် စွဲချက် တင်ထားသူများ၏ ငြင်းဆိုချက်များ အပေါ် ဆက်လက် ဖော်ထုတ် ရမည်ဖြစ်ကြောင်း တရားလို အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
ဦးခင်မောင်ဌေးက “မကျေနပ်တာကတော့ ရဲမှူး ဦးတင်မောင်ဆွေပဲ၊ ဇေယျာဖြိုး တခုခုမေးလိုက် ဟုတ်ပါတယ်လို့ ဖြေ လိုက်၊ ပင်နယ်တီ ကန်ခိုင်းသလို ဖြစ်နေတယ်။ ဇေယျာဖြိုးနဲ့ပတ်သက်တဲ့ သက်သေခံချက် ဘာမှမရှိဘူးဆိုရင် ဘာဖြစ်လို့ တရားခွင်ပေါ် တင်လာတာလဲ။ လူတယောက်ကို တရားစွဲ တင်နိုင်လောက်တဲ့ သက်သေခံချက်မရှိဘဲနဲ့ တရားစွဲတင် လာတယ်ဆိုရင် ဒီလူဟာ တော်တော်ကို ဆိုးဆိုးဝါးဝါးနိုင်တဲ့သူလို့ ပြောလို့ရပါတယ်။ အစတုန်းက ဖြူ တယ်၊ အခုမှ မည်းတယ် ဆိုရင် ခင်ဗျားတို့ရော ဘယ်လိုနေမလဲ” ဟု ရဲမှူး၏ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး ဝေဖန်သည်။
အမှုတွင် ဇေယျာဖြိုးနှင့် တရားခံပြေးကြေညာထားသူ အောင်ဝင်းခိုင်တို့ကြား စီးပွားရေးအရ ဆက်နွှယ်မှု မရှိကြောင်း သက်သေ ထွက်ဆိုချက်များ ရှိနေသော်လည်း လုပ်ကြံမှု ဖြစ်ပွားပြီးချိန်တွင် အောင်ဝင်းခိုင်က ဇေယျာဖြိုးပိုင်ဆိုင်သည့် ရုံးခန်း သို့ သွားရောက်ကာ စာရွက်စာတမ်းများအား မည်သည့်အတွက်ကြောင့် မီးရှို့ခဲ့သည်ကို တရားလို အကျိုးဆောင် ရှေ့နေများက မေးခွန်းထုတ်ခဲ့သည်။
အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဌေးက “အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ စီးပွားရေးအရ အဆက်ဆံမရှိဘဲနဲ့ ငွေကြေး အပေးအယူကြောင့် တရားခွင်ပေါ်ကို တင်လာပြီဆိုရင် တခြား အကြောင်းအရာ ဘာရှိမှာလဲဗျ။ ငွေကြေး အပေးအယူ ရှိနေတယ်၊ စီးပွားရေးကြောင့် မဟုတ်ဘူး၊ မိတ်ဆွေချင်း ချေးငှားတာ မဟုတ်ဘူးဆိုုရင် သေချာတဲ့ အနေအထားကို ရောက်သွားပါလိမ့်မယ်။ အဖြေဟာ တိတိကျကျ ကွဲကွဲပြားပြား ထွက်သွား ပါလိမ့်မယ်” ဟု ပြောသည်။
ဖမ်းဆီးထားသူများအား တရားခွင်အတွင်း စစ်ဆေးရာတွင် ကိုယ်တိုင်စစ်မေးခွင့် ရရှိရေးအတွက်လည်း တရားလို အကျိုးဆောင်ရှေ့နေများက ရှေ့နေချုပ်ရုံးနှင့် ခရိုင် တရားသူကြီးတို့ထံ တင်ပြထားပြီး မေးမြန်းခွင့် ပြုမပြုကို မသိရ သေးကြောင်းလည်း ၎င်းက ပြောသည်။
အမှုတွင် လုပ်ကြံသူ ကြည်လင်းနှင့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး တို့ကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင် သည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် စွဲချက်တင်ထားပြီး အောင်ဝင်းထွန်း တဦးတည်းကိုသာ တရားခံကို လက်ခံမှုပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်၍ တရားရုံးက အာမခံပေးထားသည်။
ကြည်လင်း တဦးတည်း အနေဖြင့် လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းကို သတ်မှု ပုုဒ်မ ၃၀၂ (၂) ဖြင့်လည်း စွဲချက် တင် ခံထားရသည်။
သီးခြားအနေဖြင့် ကြည်လင်းနှင့် အောင်ဝင်းဇော် တို့ကို လက်နက်များနှင့် ပတ်သက်ပြီး ၁၈၇၈ ခုနှစ် လက်နက် အက် ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် စွဲချက်တင်ခဲ့သည်။
အဆိုပါ စွဲချက်များနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူများက ရန်ကုန်တိုင်း လွှတ်တော်ချုပ်ရုံးသို့ စွဲချက်ပြင်ဆင်ချက် လျှောက်ထားခဲ့ပြီး လာမည့် မတ်လ ၁၉ ရက်နေ့တွင် ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။