၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲ ဖြစ်သည့် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ပြည်ထဲရေး ဝန်ကြီးဌာနမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြောင်းရွေ့နိုင်ရေး အစီအစဉ် “လတ်တလော အစီအစဉ် မရှိသေး”ဟု သမ္မတရုံး လူမှုရေးနှင့် ယဉ်ကျေးမှု ဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ပြည်သူ့လွှတ်တော်သို့ပြန်ကြားစာပေးပို့ခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားချက်မှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ဦးလင်းလင်းဦးက ၃ လကျော်က မေးမြန်းခဲ့သည့် “ကြယ်ပွင့်မပြ” မေးခွန်းတခုကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“ကြယ်ပွင့်မပြ” မေးခွန်းဆိုသည်မှာ လွှတ်တော် ဥက္ကဌမှတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တိုက်ရိုက်မေးမြန်းရခြင်း ဖြစ်ပြီး ယင်းမေးခွန်းများသည် အများဆုံး ၁ လခန့်အထိ ကြာမြင့်တတ်သော်လည်း ယခုမေးခွန်းမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သို့ အဖြေမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ရောက်မှသာ ရရှိခဲ့ကြောင်း တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။
ဦးလင်းလင်းဦးက“သမ္မတက အုပ်ချုပ်ရေး အကြီးအကဲ ဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြောထားလို့ အုပ်ချုပ်ရေးဌာနတခု ဖြစ်တဲ့ ထွေ/ အုပ်ကို သမ္မတရဲ့ အုပ်ချုပ်မှုအောက်၊ သမ္မတရုံးရဲ့ အုုုပ်ချုပ်မှုအောက်ကို ထည့်လို့ရမလားဆိုတာ မေးကြည့်တာ”ဟု ဧရာဝတီသို့ ပြောသည်။
ထိုကဲ့သို့ ပြောင်းလဲနိုင်ပါက အခြေခံ ဥပဒေဘောင်အတွင်းမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတခု ဖြစ်လိမ့်မည် ဖြစ်ပြီး သမ္မတရုံးအောက်တွင် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ပိုပြီး ထိထိမိမိ ဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အစိုးရအဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ်တဦး အနေဖြင့် အကြံပြုခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လကလည်း ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် ဌာန ၅ ခုကို တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များ လက်အောက်သို့ ထည့်သွင်းမည်ဟု စီစဉ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ယင်းအမိန့်ကို ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
ယခုတခေါက်တွင်လည်း သမ္မတရုံးသည် တနိုင်ငံလုံးကို လွှမ်းခြုံ၍ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများကို ချမှတ် ဆောင်ရွက်ရ၍ နိုင်ငံတကာ ကိစ္စများကိုပါ ကျယ်ပြန့်စွာ ပါဝင်ပတ်သက်ရ၍ သင့်တော်မှု မရှိသေးကြောင်း ကိုယ်စားလှယ်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည့် စာရွက်တွင် ဖော်ပြထားသည်။
ထို့ပြင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ဖွဲ့စည်းပုံအားဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်အထိ ရှိသည့် ဦးစီးဌာနတခု ဖြစ်၍ ၎င်း ဦးစီးဌာနကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ခံ ဖြေကြားရမည့် ကြားခံ ဝန်ကြီးဌာန မထားဘဲ သမ္မတရုံးမှ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ပါက နိုင်ငံ၏ အမြင့်ဆုံးရုံးတခု၏ တာဝန်နှင့် လုပ်ငန်းသဘာဝအရ သင့်တော်မှု မရှိဟု အကြောင်းပြသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမတ် ဦးဇေယျာသော်က“ဒီကိစ္စက အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ ကျနော်တို့ ကတော့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရမှာပဲ။ သမ္မတရုံး အောက်မှာ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ပြည်ထဲရေး အောက်မှာ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကျနော်တို့ အနေနဲ့ တာ ဝန်ယူရတဲ့ မဲဆန္ဒနယ် အတွင်းမှာတော့ အတတ်နိုင်ဆုံးတော့ လက်တွဲပြီးတော့ ဆောင်ရွက်ရမှာပဲ”ဟု ပြောသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသည် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်လိုက် ရှိရာ တိုင်းနှင့် ပြည်နယ် အတွင်းရေးမှူးများသည် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ လက်အောက်တွင်သာ ရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံဝန်ထမ်း ဖြစ်ရမယ်ဆိုတာ ပါတယ်။ ရွေးကောက်ပွဲနဲ့ မဲပေးရွေးနိုင်ရင်တော့ အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဝန်ထမ်းကတော့ ထူးထူးခြားခြား ပြောင်းမှာ မဟုတ်ဘူး။ အခုလည်း ပြည်ထဲရေး ဝန်ကြီးဌာနက လွှတ်တော်က မေးခွန်းတွေကို အစိုးရအဖွဲ့ နဲ့ ညှိနှိုင်းပြီးတော့မှ လာဖြေလို့ ရတာလေ”ဟု ၎င်းက ပြောသည်။
မြို့နယ်၊ ခရိုင်၊ တိုင်း အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကဲ့သို့ ပြည်သူက တိုက်ရိုက် ရွေးချယ်သူများ ဖြစ်သင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၈ တွင် မြို့နယ်၊ ခရိုင် အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများ တာဝန်ပေးအပ်ရမည် ဆိုသော်လည်း ပြည်သူလူထုက ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ပေး၍ ရကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“အခုက အစိုးရ ဝန်ထမ်းတွေ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုရင် အုပ်ချုပ်ရေးမှာ ရပ်/ကျေးကနေ တိုင်းနဲ့ ပြည်နယ် အဆင့် အထိ ပြည်သူက တိုက်ရိုက် ရွေးကောက် တင်မြောက်တဲ့သူတွေ ဦးဆောင်ဖို့ လိုတယ်။ အဲဒီလို ဦးဆောင်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ တာဝန်ရှိတယ်”ဟု ၎င်းက ပြောသည်။
၁၉၆၂ ခုနှစ်၊ တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်တွင် တပ်မတော်က ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ အပါအဝင် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့သလို ၁၉၇၇ ခုနှစ်တွင်မူ ထွေ/အုပ် ကို နိုင်ငံတော်ကောင်စီက လွှဲပြောင်းရယူခဲ့ဖူးသည်ဟု သမ္မတရုံး၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။