သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်း ခံရမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူ့တွင် ကင်းလွတ်ခွင့် ရှိနေ၍ ဖြစ်ကြောင်း ရှေ့နေချုပ် ခရစ်ယာန် ပေါ်တာ Christian Porter က ပြောဆိုလိုက်သည်။
ယင်းသို့ ပြောကြားခြင်းသည် ဖက်ဒရယ် တရားသူကြီးဟောင်းတဦး အပါအဝင် သြစတြေးလျ ရှေ့နေ ၅ ဦးက ဒေါ်အောင်ဆန်းစုကြည်ကို “ရိုဟင်ဂျာများ နှင့် မြန်မာနိုင်ငံမှ ဘာသာရေး လူနည်းစု များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” အတွက် အကြောင်းပြကာ တရားစွဲရန် မဲလ်ဘုန်းမြို့ ရာဇဝတ် တရားရုံးသို့ လျှောက်လွှာတစောင် တင်သွင်းခဲ့အပြီး နောက်ဆက်တွဲဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဩစတြေးလျ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ဆစ်ဒနီမြို့သို့ ရောက်ရှိနေသည်။
The Guardian သတင်းစာ၏ ပေးပို့ချက်များအရ လျှောက်လွှာတင်သွင်းခဲ့ပြီးနောက်တွင် သြစတြေးလျ ရှေ့နေချုပ် ခရစ်ယာန် ပေါ်တာက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသော အမှုသည် ဆက်လက်ဆောင်ရွက်၍ မရနိုင်ကြောင်း ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အဝ ကင်းလွတ်ခွင့် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေ (customary international law )အရ နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက နိုင်ငံခြားမှာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခြင်းက ကင်းလွတ်ခွင့် ရှိပါတယ်။ ဒါကို အမြဲ လေးစားလိုက်နာရပါတယ်။ သူတို့ကို ဖမ်းဆီးလို့ မရနိုင်ပါဘူး၊ ထိန်းသိမ်းလို့ မရပါဘူး သို့မဟုတ် တရားရုံးကို ဆင့်ခေါ်လို့မရပါဘူး” ဟု ခရစ်ယာန်ပေါ်တာက The Guardian ကို ပြောသည်။
မဲလ်ဘုန်းမြို့ မှ ဖက်ဒရယ်တရားသူကြီးဟောင်းတယောက် ဖြစ်သည့် ရှေ့နေ Ron Merkel QC၊ နိုင်ငံတကာ ရှေ့နေများဖြစ် သည့် Marion Isobel နှင့် Raelene Sharp၊ ဆစ်ဒနီမြို့မှ လူ့အခွင့်အရေး ရှေ့နေများဖြစ်သည့် Alison Battisson နှင့် Daniel Taylor တို့က မတ်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် မဲလ်ဘုန်းမြို့ ရာဇဝတ်တရားရုံး၌ ပုဂ္ဂိုလ်ရေးအရ တရားစွဲဆိုရန် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးစေသော “သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် ကျေးရွာများကို ရည်ရွယ်ချက် ရှိရှိ မီးရှို့ခြင်းများ” အပါအဝင် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများကို “လူမျိုးတုံးသတ်ဖြတ်ခြင်း၏ လက္ခဏာ အားလုံးပါဝင် နေသည်”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြောဆို ခဲ့သည်။
ယင်းသို့ “လူဦးရေ တရပ်ကို နှင်ထုတ်ခြင်း သို့မဟုတ် ဖိအားပေး ပြောင်းရွှေ့စေခြင်း” အတွက် “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု” အတွက် နှုတ်ဆိတ်နေသော ဒေါ်အောင်ဆန်းစုကြည်အား အလိုတူအလိုပါဟုပါ စွပ်စွဲမှုများ ရှိလာသည်။
တရားစွဲသည့် ရှေ့နေများက ထုတ်ပြန်သည့် ကျေညာချက်တစောင်တွင် “ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမိန့်အာဏာနဲ့ သြဇာကို အသုံးပြုဖို့ ပျက်ကွက်ခဲ့တာက သံသယဖြစ်စရာပါ။ အလား တူပဲ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေက ရိုဟင်ဂျာတွေကို သူတို့အိမ်ကနေ နှင်ထုတ်ခဲ့တာ၊ အတင်းပြောင်းရွှေ့ခဲ့တာကို ခွင့် ပြုခဲ့ပါတယ်” ဟု ဖော်ပြထားသည်။
တရားစွဲဆိုရန် လျှောက်ထားခြင်းက အားလုံးအကျုံးဝင်သည့် တရားစီရင်ပိုင်ခွင့် နိယာမ (principle of universal jurisdiction) ပေါ်တွင် မူတည်နေသည်။ ထိုနိယာမမှာ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ စစ်ပွဲရာဇဝတ်မှုနှင့် လူသား မျိုး နွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှု ကဲ့သို့သော နိုင်ငံတကာ ဥပဒေအရ အလွန်ကြီးလေးသော ရာဇဝတ်မှုများ အတွက် သီးသန့် ခွင့်ပြုထားခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံသည် ထိုနိယာမကို အသိအမှတ်ပြုသည့် နိုင်ငံဖြစ်ပြီး သြစကြေးလျ တရားရုံးများကို အလွန်ကြီးလေးသည့် နိုင်ငံတကာ ရာဇဝတ်မှုများကို စွပ်စွဲခံသူက မည်သည့် နိုင်ငံသား ဖြစ်စေ သို့မဟုတ် ကျူးလွန်သည့်နေရာက မည်သည့်နေရာတွင် ဖြစ်စေ တရားစွဲဆိုမှုများကို စစ်ဆေးကြားနာခွင့်ပြုထားသည်။
သို့သော်လည်း သြစတြေးလျနိုင်ငံတွင် အားလုံးအကျုံးဝင်သည့် တရားစီရင်ပိုင်ခွင့် တခု ဆောင်ရွက်ရန် ရှေ့နေချုပ်၏ သဘောတူညီချက် လိုအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ်နှင့် မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။