သတင်း

ဒီမိုကရေစီအစိုးရက ပြည်သူများ ဆန္ဒမပြရဲအောင် လုပ်နေဟု တပ်မတော် စွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသည့် ဒီမိုကရေစီအစိုးရ၏ ဆောင်ရွက်ချက်သည် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမပြရဲအောင် လုပ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင် က ပြောသည်။

ယခု ပြင်ဆင်မည့် အချက်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရာတွင် ပြုလုပ်မည့် အစီအစဉ် ခန့်မှန်းလူဦးရေ၊ ခန့်မှန်း ကုန်ကျစရိတ်နှင့် ကုန်ကျခံရမည့် ပုဂ္ဂိုလ်အဖွဲ့အစည်းတို့ကို တင်ပြရမည် ဖြစ်ပြီး အကယ်၍ မရိုးဖြောင့်သည့် သဘောဖြင့် မမှန်မကန် ဖော်ပြခဲ့လျှင် ထောင်ဒဏ် ချမှတ်နိုင်သည် အထိ အရေးယူနိုင်ရန် ပြင်ဆင်လာကြောင်း လွှတ်တော်တွင်း ဆွေးနွေးမှုများအရ သိရသည်။

ဗိုလ်မှူးချုပ် မောင်မောင် က “အခုပြင်လိုက်မယ့် ပုဒ်မတွေအရဆိုရင် ဆန္ဒပြမယ့်သူတွေကို ထောက်ပံ့မယ့် သူတွေကို အရေးယူမယ်။ ဆန္ဒပြသူတွေကို ချုပ်ခြယ်မယ့် ထိန်းသိမ်းမယ့် ထိန်းချုပ်လာတဲ့ ပုဒ်မတွေ ပါလာတယ်။ ရှင်းရှင်းပြောရင်တော့ ဆန္ဒပြမယ့် သူတွေကို ဆန္ဒမပြရဲအောင် လုပ်မယ့် သဘောတွေ ပါတယ်” ဟု လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ပြည်သူလူထုက ဒီမိုကရေစီစနစ်သို့ သွားချင်နေချိန်တွင် ယခင်က လွပ်လပ်စွာ ဆန္ဒပြခွင့် ပြုခဲ့ပြီးမှ ပြန်လည်ချုပ်ခြယ်မည့် အနေအထားမျိုး ရှိလာသောကြောင့် ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှု မရှိသည့် ယခု ဥပဒေကို ကန့်ကွက်ရန် တပ်မတော်သား ကိုယ်စားလှယ် ၆၀ ခန့်က လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ဒါတွေက ပြည်သူလူထုရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီမှာလည်း မဟုတ်ဘူး။ အဲဒါကြောင့် ပြည်သူလူထုကိုယ်စား တပ်မတော်သားတွေ က ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီအောင် ပြန်ပြီးတော့ တင်ပြတဲ့သဘောပါ။ ဒီမှာ တပ်မတော်က အများကြီး ဘာကြောင့်ပါလဲဆိုရင် NLD ကအများကြီး အနိုင်ရထားတာ။ ဆိုတော့တခြား အတိုက်အခံ ပါတီတွေမှာ ဆွေးနွေးရမယ့် ဦးရေက သိပ်မရှိဘူး” ဟု ဗိုလ်မှူးချုပ် မောင်မောင် က ပြောသည်။

ယခု ဥပဒေကြမ်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီးခြားလမ်းညွှန်ချက် မပေးသော်လည်း တပ်မတော်၏ မူဝါဒများ အတိုင်းရပ်တည် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် ယခုဥပဒေကို NLD အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဥပဒေ၏ရည်ရွယ်ချက်မှာ ဆန္ဒပြသူများကို ဥပဒေနဲ့ အညီအကာအကွယ်ပေးရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း အထက်ပါ တပ်မတော်သားအဖွဲ့ခေါင်းဆောင်က ပြောသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ကမူ ယခုဥပဒေကြမ်းကို ဝင်ရောက်ဆွေးနွေးမည့် တပ်မတော်သား ကိုယ်စားလှယ် များပြားလွန်းသဖြင့် လျော့ချပေးနိုင်ခြင်း ရှိ၊ မရှိကို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရကြောင်း ပြောသည်။

“လွှတ်တော်ထဲမှာ အလုပ်လုပ်ရတာ လွယ်အောင် ဝင်ညှိပေးနိုင်တာပဲ ရှိတယ်။ ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်ရဲ့ အယူအဆ ပြောင်းအောင်တော့ လုပ်မပေးနိုင်ဘူး။ ဥပဒေကြမ်း ကော်မတီက လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါ ပိုအဆင်ပြေအောင် ပူးပေါင်း ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံတာပဲ ရှိပါတယ်” ဟု ဦးထွန်းထွန်းဟိန် က ပြောသည်။

ထိုမေတ္တာရပ်ခံချက်ကို တပ်မတော်သား ကိုယ်စားလှယ်များက စဉ်းစားဦးမည်ဟု သဘောတူခဲ့ကြောင်း၊ တပ်မတော်ကမူ လူ ၆၀ လုံးဝင်ရောက် ဆွေးနွေးရန် လျာထားကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။

ယခုဥပဒေကို ပြင်ဆင်သည့် ဥပဒေအား မပြဌာန်းသင့်ကြောင်း တင်ပြသည့် အစုအဖွဲ့ထဲတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါသလို၊ အရပ်သား ကိုယ်စားလှယ်များလည်း ပါကြောင်း၊ အခြားအစုအဖွဲ့များမှာ ဥပဒေတပုဒ်ချင်းစီအလိုက် ပြင်ဆင်လိုသူများ ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီက ပြောသည်။

အာဏာရ NLD ပါတီကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေကို ပြင်ဆင်ရခြင်း ဖြစ်ကြောင်းပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က မတ်လ ၉ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။

၎င်းက “ဒီဥပဒေကို သေချာလေ့လာကြည့်ရင် ရိုးရိုးသားသား ဆန္ဒပြချင်သူ အတွက်ဘာမှ ပြဿနာမှမရှိဘူး။ သို့သော်လည်း အမှောက် အဖျက်ပယောဂ လေးတွေ ပါလာတယ်ဆိုရင်တော့ ဒါမျိုးကို တိုင်းပြည်ရဲ့အကျိုးအတွက် လုပ်သင့်တာ လုပ်ရမှာပေါ့”ဟု ထိုစဉ်က ပြောဆိုခဲ့ဖူးသည်။

မတ်လ ၈ ရက်နေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ယခုဥပဒေကြမ်းကို မဲခွဲ၍ အတည်ပြုနိုင်ခဲ့ပြီး နောက်တရက်တွင် ပြည်သူ့ လွှတ်တော်က ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့ရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သဘောထား မှတ်ချက်ကို ချက်ချင်းတင်ပြခဲ့ပြီးနောက် ဆွေးနွေးလိုသည့် ကိုယ်စားလှယ် ၈၀ ခန့် စာရင်းပေးထားသည်ဟု သိရသည်။

ယင်းငြိမ်းစုစီ ဥပဒေထပ်တိုး ပြင်ဆင်မှုနှင့် ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့စည်းများနှင့် တက်ကြွလှုပ်ရှားသူ ပြည်သူတချို့၏ ကန့်ကွက် ဆန္ဒပြမှုများနှင့်လည်း ရင်ဆိုင်နေရသည့် အခြေအနေတွင် ရှိနေသည်။

“ဒီမိုကရေစီစနစ် ရောက်ပြီးတော့မှ ဆိုရှယ်လစ်ခေတ်ကလည်း ဆန္ဒပြလို့ မရဘူး။ တပ်မတော် အစိုးရလက်ထက်မှာလည်း သိပ်လွတ်လွတ် လပ်လပ် ပြလို့ မရဘူး။ ဒီမိုကရေစီ စနစ်ရောက်ပြီ။ ဒီမိုကရေစီ စနစ်ကို ကြိုက်ပါတယ်လို့ သွားမယ်ဆိုတဲ့အခါမှာ လွတ်လွတ် လပ်လပ် ဆန္ဒပြတာကို အရင်တုန်းက ခွင့်ပြုခဲ့ပြီးအခုမှ ပြန်ချုပ်ချယ် တားဆီးတာတွေ ဖြစ်လာတယ်”ဟု ဗိုလ်မှူးချုပ် မောင်မောင် က ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading