အပူချိန်မြင့်မားရာမှ ဖြစ်ပေါ်လာမည့် မိုးတိမ်တောင်များကြောင့် စိုက်ဆင်းလေပြင်း တိုက်ခတ်နိုင်သဖြင့် မိုးတိမ်တောင် မြင်လျှင် လေပြင်းကျရောက်နိုင်သည့် အရိပ်လက္ခဏာ ရှိမရှိ သတိပြုရှောင်ရှားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးထားသည်။
မိုး/ဇလ မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က “မိုးကြိုကာလ ဧပြီလမေလတို့မှာ စိုက်ဆင်းလေပြင်းတွေက လာတတ်တယ်။ အဲဒါကြောင့် ကျနော်တို့လည်း ကြိုတင် ကာကွယ်ရေးတွေ လုပ်နေတယ်။ မြန်မာ အလယ်ပိုင်းလို လေပြင်း တိုက်တတ်တဲ့ ဒေသတွေမှာ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်တဲ့နေရာတွေ ရှိရမယ်ဆိုပြီး ကြိုတင် ကာကွယ်ရေးတွေလည်း လုပ်နေတယ်။ မနှစ်ကရော တနှစ်ကရောကြောင့် လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေက ရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
စိုက်ဆင်းလေပြင်း လက္ခဏာများ အနေဖြင့် ရုတ်တရက် တိမ်မည်းလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက်ခြင်း၊ အပူထဲတွင် လေအေးကိုခံစားရခြင်းနှင့် မိုးသီးမုန်တိုင်းတို့ကို သတိထားရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
နှစ်စဉ် မတ်၊ ဧပြီနှင့် မေလများတွင် နွေရာသီကာလ အပူချိန်မြင့်မားရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်းမိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၂၄ နာရီလုံး သတိပြုရမယ့်ကိစ္စ မဟုတ်ပါဘူး။ မွန်းလွဲပိုင်း ညနေပိုင်းလေးတွေမှာ မိုးတိမ်တောင်တွေ ဖြစ်လာပြီဆိုရင် မိုးရွာတော့မှာကို ကြိုတင်ရှောင်ရှားလို့ရတယ်။ ရှောင်ရှားရမယ့် အချိန်ကလည်း တခြားသဘာဝဘေးတွေလို အကြာကြီးမ ဟုတ်ဘူး။ နာရီဝက် ၄၅ မိနစ်လောက်ပဲ ကြာတာမို့လို့ သတိပြု ရှောင်ရှားရင် သဘာဝဘေးအန္တရာယ်က ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါတယ်” ဟု ဦးကျော်မိုးဦး က ဧရာဝတီသို့ ပြောသည်။
ယခုလအတွင်း ရှမ်းပြည်နယ်၌ လေပြင်းတိုက်ခတ်မှုအချို့ရှိခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် စိုက်ဆင်းလေပြင်းတိုက်ခတ်မှု အန္တရာယ်ရှိနေသဖြင့် ယင်းကိုသတိပြုရန် ၎င်းက တိုက်တွန်းသည်။
ဖေဖော်ဝါရီလ ၂၅ ရက်၌ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်တွင် ရုတ်တရက် လေပြင်း ကျရောက်မှုကြောင့် လုံးစန့် အလက ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ လိုက်ပါလာသည့် စက်လှေတိမ်းမှောက်ခဲ့ပြီး လူပေါင်း ၁၈ ဦးအနက် ၉ ဦးကိုသာ ဆယ်ယူကယ်တင်နိုင်ခဲ့ကာ ကျန်လူအားလုံး အသက်ဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က တနိုင်ငံလုံး အတိုင်းအတာဖြင့် မိုးကြိုကာလအတွင်း စိုက်ဆင်းလေပြင်း ၇၆၁ ကြိမ် တိုက်ခတ်ခဲ့ရာတွင် အိမ်ခြေ ၄၁၆၂၃ ထိခိုက်ပျက်ဆီးမှုရှိကာ အိမ်ထောင်စု ၁၆၉၄၀ နှင့် လူဦးရေက ၅၂၆၉၃ ကျော် ဘေးသင့်ခဲ့ပြီး ၅၄ ဦးသေဆုံးကာ ဒဏ်ရာရသူ ၄၀ ခန့်ရှိခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
လေပြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားရခြင်းမှာ ပညာပေးမှု အားနည်းခြင်းကြောင့် သက်သက် မဟုတ်ဘဲ ပြည်သူလူထုကိုယ်တိုင်ကလည်း သိရက်နှင့် လျစ်လျူရှိမှုများရှိနေကြောင်းနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှသာ ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ အောင်မြင်မည် ဟုဆိုသည်။
“ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ အသိပညာများများ ပေးဖို့လိုတယ်။ နောက်တချက်က ကျနော်တို့ နိုင်ငံက LDC (ဖွံ့ဖြိုးမှု အနည်းဆုံး) နိုင်ငံဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးသူတွေ များတဲ့အခါကျတော့ ဒီလိုမျိုးရာသီဥတု ဖြစ်စဉ်တွေမှာ ရှောင်ရှားရမယ် ဆိုတာ သိပေမယ့် ဝမ်းရေးအတွက် ဂရုစိုက်မှု အားနည်းတဲ့ အတွက်လိုက်ပါဆောင်ရွက်မှု အားနည်း တာတွေ ရှိပါတယ်။ လူထုပူးပေါင်းဆောင်ရွက်မှသာ သဘာဝဘေးကို ကာကွယ်နိုင်မယ့် အနေအထားရှိပါတယ်” ဟု ဦးကျော်မိုးဦးက ဆိုသည်။
မုတ်သုံမဝင်ချိန်အထိ စိုက်ဆင်းလေပြင်း အန္တရာယ် ကြိုတင်ကာကွယ်ရန် အိမ်များကို ခိုင်ခံ့အောင် ပြင်ဆင်ထားခြင်း၊ အိမ်နှင့် နီးကပ်နေပြီးလဲပြိုနိုင်သော သစ်ပင်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားခြင်းများ ပြုလုပ်သင့်ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက အကြံပြုထားသည်။
မိုးကြိုကာလတွင် စိုက်ဆင်းလေပြင်း အန္တရာယ်နှင့် ကြုံတွေ့နိုင်ခြေရှိသည့် တိုင်းနှင့်ပြည်နယ် ၆ ခုဖြစ်သည့် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိကျေးရွာပေါင်း ၁၃၈ ရွာရှိအိမ်ခြေ ၇ ထောင်ကျော်အတွက် လေပြင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံချက်အဖြစ် အသိပညာပေးခြင်း၊ ကာကွယ်ရန် နည်းပညာပေးခြင်းတို့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။