ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း တအာန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တောင်ပိုင်းတပ်မတော် (RCSS/SSA) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ၂၆၀ ကျော် ပိတ်မိနေသည်ဟု သတင်းရရှိသည်။
TNLA နှင့် RCSS တို့သည် ကျောက်မဲမြို့နယ်အတွင်းရှိ အုံအွီး၊ ခွန်ကော်၊ တော့ဖယ်ရွာများအနီးတွင် မတ်လ ၁၀ ရက်မှစ၍ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် အရပ်သား ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိထားသည်။
စစ်ဘေးရှောင်များကို ကယ်ဆယ်ပေးနေသည့် ကျောက်မဲဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက တိုက်ပွဲများကြောင့် အုံအွီးရွာမှ ဒေသခံ ၁၅၀ ကျော်နှင့် တော့ဖယ်ရွာမှ ၇ ဦးတို့ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ခွန်ကော်ရွာမှ ၁၆၇ ဦးနှင့် တော့ဖယ်ရွာမှ ဒေသခံ ၁၀၀ ခန့်မှာ ပိတ်မိနေဆဲ ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
ဦးတင်မောင်သိန်းက “ပိတ်မိနေသူတွေ နေရေးထိုင်ရေး စားရေးသောက်ရေးကတော့ နည်းနည်းတော့ ခက်မယ်။ ရိက္ခာက ဆန်တွေတော့ ကျန်နိုင်ပါတယ်။ သို့သော် ရက်ကြာလာရင် သူတို့ ခက်ခဲနိုင်တယ်။ တခြား ချက်ပြုတ်စားသောက်တဲ့ ဟင်းသီး ဟင်းရွက်ကလည်း မရနိုင်ရင် ရှေရည်မှာ ဒုက္ခရောက်နိုင်တယ်” ဟု ပြောသည်။
လူမှုကယ်ဆယ်ရေးအသင်းများက ပိတ်မိနေသည့် အရပ်သားများကို ကယ်ထုတ်ရန် ကားများဖြင့် သွားသော် လည်း တိုက်ပွဲများနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်ရွံ့သဖြင့် ရှေ့ဆက် သွားမရဖြစ်နေကြောင်း၊ လက်ရှိတွင် ပဋိပက္ခ နယ်မြေအတွင်း ဝင်လာပြီး ကယ်ဆယ်ခွင့်ပြုရန် TNLA နှင့် RCSS တို့၏ တာဝန်ရှိသူ များထံ ခွင့်တောင်းထားသည်ဟု ဦးတင်မောင်သိန်းက ဆိုသည်။
RCSS ဘက်မှ အကူအညီတောင်းသည်ကို လက်ခံကြောင်း၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ ဝင်လာပါက လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း သဘောတူထားပြီး TNLA ဘက်ကို ယမန်နေ့ နေ့လယ်ပိုင်းမှ အဆက်အသွယ်ရ သဖြင့် ခွင့်ပြုချက် တောင်းထားဆဲ ဖြစ်သည်ဟု သိရသည်။
ပိတ်မိနေသည့် အရပ်သားများကို ကယ်ထုတ်ရမည့် လမ်းတလျှောက်တွင် နှစ်ဖက်တပ်ဖွဲ့များ၊ ပစ်ခတ်မှုများ ရှိနေသဖြင့် ကယ်ဆယ်ရေးသွားပါက ကယ်ဆယ်ရေးအဖွဲ့ဖြစ်ကြောင်း သိသာစေရန် လူနာတင်ယာဉ်များ ဖြင့် သွားမည်ဖြစ်ပြီး RCSS နှင့် TNLA တို့က ထွက်လာမည့် အရပ်သားများနှင့် လာကယ်မည့် အဖွဲ့များ မိုင်းအန္တရာယ် မရှိစေရန် လမ်းညွှန်ပေးရန် မေတ္တာရပ်ခံထားသည်ဟု ဦးတင်မောင်သိန်းက ပြောသည်။
အရပ်သားများကို ကယ်ဆယ်ရန် လမ်းကြောင်း သုံးလမ်းရှိပြီး တလမ်းမှာ ကျောက်မဲမြို့မှ ခွန်ကော်၊ တော့ဖယ် ရွာများကို တိုက်ရိုက်သွားနိုင်သည့် မြေသားလမ်းမကြီး၊ ဒုတိယလမ်းမှာ သီပေါမြို့၊ ဘော်ကြိုရွာဘက်မှ သွားရသည့် လမ်းဖြစ်ပြီး တတိယလမ်းမှာ အရပ်သားများကို မန်ခေါက်ကျေးရွာမှ တဆင့် မိုင်းငေါ့ လမ်းမ ဘက်သို့ ထွက်လာခိုင်းပြီး မိုင်းငေါ့ဘက်တွင် ကြိုရန် ဖြစ်သည်ဟု သိရသည်။
မြေပြင်တိုက်ပွဲ အခြေအနေများနှင့် ပတ်သတ်၍ TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်နှင့် RCSS ဘက်မှ ဒုဗိုလ်မှူးကြီး စိုင်းဦးတို့က တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း၊ တိုက်ပွဲများ ပြေလည်စေရန် နှစ်ဖက်ညှိနှိုင်းနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျနော်တို့ဘက်က စစ်ရှောင်တွေကို လမ်းဖွင့်ပေးထားပါတယ်။ သူတို့ (TNLA) ဘက်က ပေးမလာဘူးလို့ သိတယ်။ ကျနော်တို့ ဖွင့်ပေးတယ်ဆိုတာက လာကယ်တဲ့သူတွေက လွတ်လွတ်လပ်လပ် တက်လာလို့ ရတယ်။ ဟိုဘက် (TNLA) က ဖွင့်မပေးတာပဲ ရှိတယ်။ သူတို့ (TNLA) က ပေးမတက်လာတာ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရခြင်း ကလည်း TNLA ဘက်မှ RCSS တပ်ဖွဲ့ဝင်များရှိသည့်နေရာကို လာရောက်တိုက်ခိုက်ရာမှ စဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ တပ်မတော်နှင့် ပူးပေါင်းပြီး TNLA ကို စစ်ဆင်ရေးလုပ်သည်ဟူသည့် ပြောဆိုချက်မှာ စွပ်စွဲချက်သာ ဖြစ်ပြီး ယနေ့ထိ တပ်မတော်နှင့် ပူးတွဲလှုပ်ရှားခြင်း လုံးဝမရှိကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောဆိုသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က “အခုပိတ်မိနေတာ ကျနော်တို့ တအာန်းလူထုတွေ ဖြစ်တယ်။ ကျနော်တို့လည်း လွှတ်ချင်တယ်။ ဒါပေမယ့် တိုက်ပွဲကြားမှာ အန္တရာယ်များတယ်။ ပြီးခဲ့တဲ့ရက်က တော့ဖယ်ရွာကို ကျနော်တို့ အဖွဲ့ ဝင်ရောက်နိုင်တယ်။ ပိတ်မိနေတဲ့ရွာသားတွေကို လုံခြုံတဲ့ နေရာ ရွှေ့ပြောင်းခဲ့ပြီ။ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူး။ ဒဏ်ရာ ရတဲ့ ၄ ဦး ကိုလည်း ဆေးကုသပေးနိုင်တယ်” ဟု ပြောသည်။
ပိတ်မိနေသည့် တော့ဖယ်ရွာသားများကို ပစ်ခတ်မှုများ မကျရောက်နိုင်သည့် နေရာတွင် ပို့ပေးထားပြီ ဖြစ်သဖြင့် မစိုးရိမ်ရကြောင်း၊ ခွန်ကော်ရွာအတွင်း တိုက်ပွဲ မဖြစ်သဖြင့် ထိုရွာအတွင်းမှ ဒေသခံများမှာ စိုးရိမ်ရသည့် အခြေအနေ မရှိနိုင်ပါဟုလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။
TNLA နှင့် RCSS သည် ကျောက်မဲမြို့နယ်တွင်သာမက နမ္မတူမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွား နေပြီး တိုက်ပွဲဖြစ်ပွားရခြင်းမှာ RCSS က အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် TNLA နယ်မြေများအတွင်း ဝင်ရောက်အခြေချလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် မတ်လ ၁၇ ရက်က အရပ်သား ၁၀၀ ကျော် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရသည်။
RCSS တပ်ဖွဲ့ဝင်များက ယခုလပိုင်းအတွင်း တအာန်း (ပလောင်) ရွာသူရွာသားများ မြို့မှ စားနပ်ရိက္ခာများ ဝယ်ယူပါက တားမြစ်ခြင်းများ ပြုလုပ်ပြီး လူတဦးလျှင် အကန့်အသတ်ဖြင့်သာ သယ်ယူရန်၊ သယ်ယူလာသည့် စားနပ်ရိက္ခာများကိုလည်း စာရင်းများ ကောက်ယူကြောင်း၊ တအာန်း (ပလောင်) ရွာသားများ ရိုက်နှက်ခံရ သူများ နှင့် ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသူများ ရှိနေကြောင်း၊ တအာန်း (ပလောင်) ရွာများအနီး မိုင်းများ ထောင်သည်ဟုလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
ဖမ်းဆီးပြီး ပျောက်ဆုံးနေသည့် တအာန်းအရပ်သားများနှင့် ရိုက်နှက်ခံရပြီး လွတ်မြောက်လာသူများ ရှိနေကြောင်း၊ အရပ်သားများနှင့် တိုက်ရိုက် မေးမြန်းဆက်သွယ်ကြည့်နိုင်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။
ဧရာဝတီက ကျောက်မဲမြို့နယ်အတွင်းရှိ အရပ်သားများနှင့် တိုက်ရိုက်ဆက်သွယ်၍ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
RCSS သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဌာနချုပ်အခြေစိုက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသအချို့တွင် လှုပ်ရှားကာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လက်မှတ်ထိုးထားပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးနိုင်ရန် ညှိနှိုင်းဆဲ ဖြစ်သည်။
TNLA သည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ တပ်မတော်နှင့် ပဋိပက္ခများ မကြာခဏ ဖြစ်ပွား သဖြင့် တပ်မတော်က TNLA ကို လက်နက်ကိုင်လမ်းစဉ် စွန့်မှ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ပြောဆိုမှုများ ရှိထားပြီး ဆွေးနွေးမှု ပြေလည်ခြင်း မရှိကြသေးပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားသည့် TNLA က မြောက်ပိုင်းနှင့် တရုတ်-မြန်မာအခြေစိုက် အခြား တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နှင့် မဟာမိတ်ပြု၍ ဖွဲ့စည်းထားသည့် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ -FPNCC” တွင် ပါဝင်ကာ အစိုးရနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေး နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။
TNLA နှင့် RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၂၀၁၅ ခုနှစ်မှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နှစ်ဖက် ပြေလည် စေရန် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံဆွေးနွေးမှု တကြိမ်ပြုလုပ်ထားသည်။