အင်ဒို- အာရှ- ပစိဖိတ်ဒေသ၌ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒကြောင့် အဟန့်အတားဖြစ်စေခြင်း သို့မဟုတ် ကျဉ်းမြောင်းသော အမျိုးသားရေး ဝါဒကြောင့် သွေးကွဲနေသော ဘော်လကန်ဒေသသဖွယ် မဖြစ်စေရေး အား ထုတ်ရာတွင် နိုင်ငံအများအပြား ပါဝင်လာမည်ဟု ဗီယက်နမ်သမ္မတ ထရန် ဒိုင်ကွမ်းက အိန္ဒိယသို့ သွားရောက် လည်ပတ်စဉ် ပြောလိုက်သည်။
ဘော်လ်ကန်ဒေသသဖွယ်ဆိုသည်မှာ ၁၉ ရာစုက ယခင် အော်တိုမင်အင်ပါယာပြိုကွဲခြင်းကို ရည် ညွှန်းသော ပထဝီနိုင်ငံရေး ဝေါဟာရဖြစ်ပြီး အမေရိကန်နှင့်တရုတ်တို့ကဲ့သို့သော မဟာအင်အား ကြီးနိုင်ငံများ ပစိဖိတ်နှင့် အိန္ဒိယ သမုဒ္ဓရာများတွင် သြဇာတောင့်တင်းအောင်လုပ်ကိုင်နေသောကြောင့် အာရှတွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲရခြင်းကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်းသည် နှစ်နိုင်ငံဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မတ်လ ၃ရက်နေ့က အိန္ဒိယနိုင်ငံ သို့သွားရောက်လည်ပတ်နေခြင်းဖြစ်ပြီး အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများအသင်း- ASEAN တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ဆက်ဆံရေး အရှိန်အဟုန် မြင့်မားနေချိန်နှင့်လည်းတိုက်ဆိုင်နေသည်။
အိန္ဒိယနှင့် အာစီယံတို့သည် ဇန်နဝါရီလက ထိပ်သီးဆွေးနွေးပွဲတခုကို ကျင်းပခဲ့ပြီး ထိုအချိန်သည် အိန္ဒိယသမ္မတနိုင်ငံနေ့အခမ်းအနားကျင်းပနေချိန်နှင့်လည်းတိုက်ဆိုင်နေသဖြင့် နှစ်ဖက်ဆက်ဆံရေး မြင့်မားနေကြောင်းပြသနေသည်။
ထို ထိပ်သီး ဆွေးနွေးပွဲသို့ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် အခြား အာစီယံခေါင်း ဆောင်များ တက်ရောက်ခဲ့သည်။
အင်ဒို -ပစိဖိတ်ဒေသသည် သယံဇာတများနှင့် စဉ်ဆက်မပြတ်ပိုမိုတက်ကြွပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် သော အကျိုးစီးပွားခြင်း သဟဇာတဖြစ်သည့် အချက်အခြာဒေသတခုဖြစ်လာရန် ဘုံရည်မှန်းချက် တခုလိုကြောင်း အိန္ဒိယနိုင်ငံ ပညာရှင် အသိုင်းအဝန်းနှင့် တွေ့ဆုံရာတွင် ကွမ်းပြောသည်။
“ ဘုံ လုံခြုံရေး၊ စစ်နဲ့ ပဋိပက္ခတားဆီးရေးအတွက်နဲ့ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး လုံခြုံရေးဆိုင်ရာတွေစိန်ခေါ်မှုတွေကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ နိုင်ငံအားလုံးက ငြိမ်း ချမ်းမှု၊ တည်ငြိမ်မှုနဲ့ တရားဥပေဒေ စိုးမိုးမှု ထိန်းသိမ်းဖို့ ထိရောက်တဲ့ ယန္တရားတခုထူ ထောင်နိုင်မှာ သာလျှင် ဒီရည်မှန်းချက်ဟာ အောင်မြင်လာမှာဖြစ်တယ်” ဟုလည်းသူပြောသည်။
ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၁၇ ခုနှစ် လုပ်ငန်းစီမံချက်များ ထူထောင်ထားသည်။ ဗီယက်နမ်နိုင်ငံသည် ပိုမိုခိုင်မာသော ရုပ်ပိုင်းနှင့် စီးပွားရေး ဆက်ဆံမှုများ အထူးသဖြင့် ရေကြောင်း ဆက်ဆံမှုထူထောင်ရေးကို ထောက်ခံသည်။
နှစ်နိုင်ငံတို့သည် ပင်လယ်ရေကြောင်းလမ်းများထူထောင်ခြင်း၊ ဆိပ်ကမ်းခြင်း ပူးပေါင်းဆောင် ရွက် ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေကြောင်းသယံဇာတများ ရေရှည် အသုံးပြုနိုင် ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ပြီး ပင်လယ်ရပ်ခြား စီးပွားရေးတိုးတက်စေလိုကြသည်ဟု သမ္မတ ထရန်ဒိုင်ကွမ်း ကပြောသည်။
“၁၉၈၂ ခုနှစ် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်နှင့် ပင်လယ်ပြင်ဥပဒေ အပါအဝင် နိုင်ငံတကာ ဥပဒေတွေကို အခြေခံပြီး ရေကြောင်းစနစ်ကို ထိန်းသိမ်းဖို့နဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကျနော်တို့ အားထုတ်သင့်တယ်” ဟုလည်း သူဆိုသည်။
ထိုပြောဆိုချက်ကို သူက အသေးစိတ်ဆက်လက်ရှင်းပြခြင်းမရှိသော်လည်း တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံနှင့် နယ်နမိတ်အငြင်းပွားမှုကို ရည်ညွှန်းကြောင်း ထင်ရှားသည်။
ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံများအကြား စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ မကြာသေးမီက ပိုမိုကြီး ထွားလာသည်။ အိန္ဒိယနိုင်ငံသည် ဗီယက်နမ်တပ်များအား ရုရှားလုပ် ရေငုတ်သင်္ဘောများနှင့် ဂျက်လေယာဉ် များ အသုံးပြုနိုင်ရေးအတွက် လေ့ကျင့်ပေးနေပြီး အပိုအစိတ်အပိုင်းများရောင်းချပေးခြင်း၊ စစ်လက်နက်ကိရိယာ များပြုပြင်ပေးခြင်းနှင့် ဗီယက်နမ် ဆိပ်ကမ်းများသို့ အိန္ဒိယရေတပ်သင်္ဘောများ သွားရောက်ခြင်း အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်။
ကမ်းခြေစောင့်တပ်များပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို နှစ်နိုင်ငံအကြား ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်များ အကြွေးဝယ်ယူခွင့်ကိုလည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ သွားရောက်လည်ပတ်စဉ်အတွင်း ဗီယက်နမ် နိုင်ငံကို ပေးအပ်ခဲ့သည်။