စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စည်းကမ်းသတ်မှတ်ကာလ ၄ နှစ်ပြည့်သည်အထိ အမှန်တကယ် လုပ်ကိုင်းခြင်း မရှိသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်သိမ်းဆည်းရန် ခရိုင်၊ မြို့နယ်အလိုက် အထူးအဖွဲ့များ ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သံယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့အား တာဝန်ယူထားသူ ဝန်ကြီး ဦးကမ်ဇာမုံ က ပြောသည်။
အထူးအဖွ့ဲများ အနေဖြင့် မြေပြင်တွင် စီမံကိန်းများ အကောင် အထည်ဖော်မှုမရှိဘဲ မြေယာလက်ဦးမှု ရယူကာ ဈေးကစားမှုများ အပေါ် အဓိကထား စစ်ဆေးသွားမည်ဖြစ်ပြီး မြေယာများအား အမှန်တကယ် လုပ်ကိုင်လိုသူများထံ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ဝန်ကြီး ဦးကမ်ဇာမုံ က “တတိုင်းလုံးအနေနဲ့ လုပ်ငန်းမလုပ်ဘဲရှိနေတဲ့ မြေတွေက ဧကထောင်ချီတယ်၊ ကျနော်တို့က ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ထားတယ်၊ မြေယာလိုအပ်ချက်တွေက အများကြီးရှိတယ်၊ အမှန်တကယ်လုပ်ကိုင်မယ့် ရင်းနှီးမြုပ်နှံသူတွေကို ပြန်ပေးမှာပါ” ဟု ပြောသည်။
ခရိုင်၊ မြို့နယ် အလိုက်ဖွဲ့စည်းလိုက်သည့် ပြန်လည်စစ်ဆေးရေး အထူးအဖွဲ့များတွင် အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လျှက်ရှိပြီး လယ်ယာမြေဥပဒေနှင့် အညီ ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေဘိုခရိုင်မှ ပြန်လည်စစ်ဆေးရေး အထူးအဖွဲ့ဝင် ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုုးကျော်သူက ပြောသည်။
ဦးမိုုးကျော်သူ က “လုပ်ကိုင်ခွင့် ယူထားပြီး အကောင်အထည် မဖော်တာတွေ များနေလို့ မဖြစ်မနေ ဒီအဖွဲ့တွေ ဖွဲ့ပြီး လုပ်ဆောင်တာပါ၊ လုပ်ကိုင်ခွင့် ကိုင်ထားပြီး မြေဈေးကစားမှုတွေကြောင့် လက်ရှိပေါက်ဈေးတွေက တကယ် ရင်းနှီးမြုပ်နှံသူတွေကို အခက်အခဲဖြစ်စေတယ်၊ ဒါတွေကိုပြေလည်စေဖို့ပါ” ဟု လယ်ယာမြေပြန်လည် စိစစ်ရေးလုပ်ငန်းစဉ်ကို ရှင်းပြသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၃၁ တွင် လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုခွင့် ရရှိပြီးနောက် ၆ လ အတွင်း သတ်မှတ် နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးမှု မရှိလျှင် သော်လည်းကောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၎င်းမြေအား ပြန်လည် သိမ်းယူနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား အသုံးပြုခွင့် ရရှိထားသူအနေဖြင့် ခွင့်ပြုထားသည့် လုပ်ငန်းအမျိုး အစားအား ၄ နှစ်အတွင်း သတ်မှတ်ချက် အတိုင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်နှင့် တည်ငြိမ်အေးချမ်းမှုမရှိသည့် အခြေအနေကြောင့် ကုန်လွန်သွားသည့် အချိန်းကာလအား ဗဟိုကော်မတီမှ ပြင်ဆင် သတ်မှတ်ပေးနိုင်ကြောင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေတွင် ပြဌာန်းထားသည်။
စက်မှုဇုန် စီမံကိန်းများတွင် ပေ ၆၀ x ပေ ၈၀ မြေကွက်တကွက်လျှင် သိန်းထောင်ချီ ပေါက်ဈေးရှိနေသည့် အတွက် အမှန်တကယ် ရင်းနှီးမြုပ်နှံလိုသူများမှာ အခက်အခဲရှိနေပြီး အစိုးရအနေဖြင့် စီမံကိန်း မလုပ်ဆောင်သည့် မြေများအား ပြန်လည်စိစစ်ကာ ချထားပေးနိုင်မည်ဆိုပါက ရင်းနှီးမြုပ်နှံမှုများလည်း ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ဦးမိုုးကျော်သူက ပြောသည်။