သတင်း

“လစ်ဘရယ် မဟုတ်ဘူး။ အမျိုးသားရေး ဝါဒီတွေလို့ တံဆိပ်ကပ်ချင်ရင်လည်း ကပ်” ဟု ကြံ့ခိုင်ရေး ဥက္ကဌ ပြော

Want create site? Find Free WordPress Themes and plugins.

အတိုက်အခံ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အမျိုးသားရေးပါတီ တရပ်အဖြစ် ဆက်လက် ရပ်တည်ရန် ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်၍ အမျိုးသားရေးဝါဒီများဟု တံဆိပ်ကပ်ပါကလည်း ဂရုစိုက်မည် မဟုတ်ကြောင်း ယင်းပါတီ ဥက္ကဌ ဦးသန်းဌေးက ပြောသည်။

မတ်လ ၁၈ ရက်နေ့က “ရွှေပြည်တော်သို့ ဆုံမှတ်” ပရဟိတအသင်းက ဦးဆောင်၍ နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတဟောင်း ဦးသိန်းစိန် ကန်တော့ပွဲသို့ တက်ရောက်လာသူများကို အခမ်းအနား မစတင်မီ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံသားတယောက် ဖြစ်လာရင် မိမိဘာသာ၊ မိမိလူမျိုး၊ မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာ၊ သာသနာအတွက် ရှေ့ဆုံးတန်းကနေ ကာကွယ်ရမယ်။ ကျနော်တို့က လစ်ဘရယ် မဟုတ်ပါဘူး။ အမျိုးသားရေး ဝါဒီတွေလို့ တံဆိပ်ကပ်ချင်ရင်လည်း ကပ်။ ၁၃၅ မျိုးသော ပြည်ထောင်စု မြန်မာနိုင်ငံသားများရဲ့ ကောင်းကျိုးနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် မြင့်တင်ပေးတဲ့ ပါတီ ဖြစ်ရပါမယ်”ဟု ဦးသန်းဌေးက ပြောသည်။

“ရွှေပြည်တော်သို့ ဆုံမှတ်”သည်လည်း အမျိုးသားရေး အဖွဲ့တခုဖြစ်၍ အသိအမှတ်ပြုကြောင်း၊ ၎င်းတို့ ပါတီသည်လည်း အမျိုးသား အကျိုးစီးပွားကို ပါတီ၏ မူဝါဒတခု အဖြစ် ခံယူပြီး တိုင်းပြည်၏ အချုပ်အခြာ အာဏာ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးတို့ ဆက်လက် ထမ်းရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် အစပျိုးခဲ့သည့် ဗုဒ္ဓကလျာဏယုဝ အသင်း (YMBA)၊ ထို့နောက် ထပ်မံပေါ်ပေါက်လာသည့် GCBA တို့သည်လည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်၍ လွတ်လပ်ရေး ရရှိအောင် အားထုတ်ခဲ့သည့် အဖွဲ့များ ဖြစ်ကြောင်းလည်း ပြောသည်။

၎င်းက “ဘယ်တော့မှ မဖောက်ပြန်ဘူး ဖောက်ပြန်ခဲ့လို့ ရှိရင် လစ်ဘရယ် ဒီမိုကရေစီလို့ ဆိုပြီး အတူယှဉ်တွဲနေထိုင်ဖို့ ပြောပေမယ့် တသက်လုံးက ပိုင်ဆိုင်လာတဲ့ အချုပ်အခြာ အာဏာတော့ ဆုံးရှုံးခံလို့ မဖြစ်ဘူး။ အထိပါးခံလို့ မရဘူး။ ကိုယ့်အမျိုးတော့ အပျက်ခံလို့ မဖြစ်ဘူး။ ဒီစကားပြောတဲ့အတွက် ဘာသာရေး လူမျိုးရေး သွေးထိုးတာ မဟုတ်”ဟု ပြောသည်။
ဦးသန်းဌေး ယခုလို မပြောဆိုမီ မတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်လည်း ပါတီ၏ ပြောခွင့်ရသူ တဦး ဖြစ်သူ ဦးလှသိန်းက (ကြံ့ခိုင်ရေး) ပါတီသည် အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက် နေသော်လည်း ဘာသာရေးကို ခုတုံး လုပ်စားနေ သည့် နိုင်ငံရေးပါတီတခု မဟုတ်ကြောင်း ထုတ်ဖော်ခဲ့သည်။

ထို့ပြင် ၄င်တို့ပါတီ၏ အလံမှာ ယခင်က နောက်ခံအရောင်သည် အစိမ်း၊ ထို့နောက် အနီရောင်နှင့် ကြယ်အဖြူရောင်တို့ရှိရာ အနီများ ဝန်းရံနေသည်ဟု စိတ်ထဲတွင် ခံစားရသဖြင့် အလံကိုလည်း ပုံစံပြောင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ခေါင်းဆောင်တချို့ ပါတီ ဗဟို ဦးဆောင်ကော်မတီမှ အနားယူ သွားခြင်းမှာလည်း ၎င်းတို့၏ သဘောဆန္ဒအလျောက် အနားယူသွားခြင်းသာ ဖြစ်ကြောင်း၊ ယင်းကော်မတီကို ၎င်းတို့ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့သော်လည်း ဖျက်သိမ်းရ သည့်အခါတွင် တော်တော်ခက်ခဲခဲ့ကြောင်း ဦးသန်းဌေးက ဆိုသည်။

၎င်းက “ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ တယောက်နဲ့တယောက် ပြဿနာလေးတွေ ဖြစ်ကြတယ်။ ဒါပေမယ့် အဲလို အနေ အထားမျိုး မဟုတ်ဘူး။ သမ္မတကြီး ဦးသိန်းစိန်လည်း သူ့စည်းနဲ့သူနေပါတယ်။ အဲဒီအဖွဲ့ ဖျက်သိမ်းပြီးတဲ့နောက် ပါတီကိုလည်း မလာတော့ပါဘူး။ ဒီအခမ်းအနားလုပ်ဖို့ သူ့အတွက် နေရာရှာနေတယ်လို့ သိတဲ့အခါ ကျနော်ကပဲ ဒီမှာပဲ လုပ်ပါလို့ ပေးခဲ့တာ”ဟု ရှင်းပြသည်။

၎င်း၏ နိုင်ငံရေး အခြေအနေကို ဥပမာပေးရပါက ဘောလုံးပွဲ ရှုံးပြီးမှ လူစားလဲခံရခြင်း ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး အသင်းဘဝကပင် အ သင်း တာဝန်၊ ဝန်ကြီးတာဝန်များနှင့် စစ်သားလည်း လုပ်ခဲ့ရကြောင်း၊ ပါတီ ဥက္ကဌတာဝန်ကို မည်သည့်မျှော်လင့်ချက်မှ မထားဘဲ လက်ခံ ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတာဝန်ယူသည့် ၂၀၁၆ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ပါတီကို ခိုင်မာတောင့်တင်းအောင်လုပ်ဆောင် နိုင်ခဲ့ပြီး ပါတီထဲကို အင်အားလည်း တိုးပွားအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောသည်။

တပ်မတော်ခေါင်းဆောင်များက စတင် တည်ထောင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံပိုင် အသင်းကြီး အဖြစ်မှ ပါတီ အသွင် ကူပြောင်း မှုနှင့် ပတ်သက်၍ လည်းကောင်း၊ ပါတီတွင် တပ်မတော်မှ အငြိမ်းစားများ ဆက်တိုက် ပါဝင်ပြီး လုပ်ဆောင်နေမှုတို့ကို ဝေဖန်မှုများ ရှိနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများက မေးခွန်ထုတ်ခဲ့ရာ ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ကာကွယ် ပြောဆိုခဲ့သည်။

လက်ရှိ ပါတီတွင် တပ်မတော် အငြိမ်းစား ပါဝင်မှုမှာ ၀ ဒဿမ ၀၂ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ဒီမိုကရေစီ ဆက်ရခဲ့ပါက တပ်မတော် အင်အားအချိုးသည် တဖြည်းဖြည်း နည်းပါးသွားနိုင်ပြီး မျိုးဆက်သစ်များက တိုင်းပြည်ကို ဆက်လက်ပြီး ပုခုံးပြောင်း၊ ပုခုံးလွဲတာဝန်ကို ထမ်းသွားမည် ဖြစ်ကြောင်း ဦးလှသိန်းက ပြောသည်။

ကြံခိုင်ရေးသည် လူမှုရေးအသင်းကြီး အဖြစ် ပီသစွာနှင့် ရပ်တည်ခဲ့ပြီး အထင်ရှားဆုံး ဥပမာပြရလျှင် ပုဂံငလျင်နှင့် နာဂစ်မုန့်တိုင်းတို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်က ၁၀ နှစ်ခန့် ပြီးရမည့် ကိစ္စရပ်ကြီးများသည် ၁ နှစ်၊ ၂ နှစ် အတွင်း မူလ အခြေ အနေအတိုင်း ပြန်ရောက်သွားသည်ဟု ၎င်းက သုံးသပ်ပြခဲ့သည်။

“တပ်မတော်ရဲ့ အခန်းကဏ္ဍကတော့ တပ်မတော်သည် ဒီပါတီရဲ့ သန္ဓေတည်ရာမှာ မူလစခဲ့တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် အသင်း ကြီးရဲ့ ဥသျှောင်လည်း ဖြစ်တယ်။ ဖခင်လည်းဖြစ်တဲ့ တပ်မတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆက်ဆံရေးကတော့ ဒီအတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

သို့သော် ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးဆောင်မှုကို ပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် ပါတီ CEC က ဦးဆောင်မည် ဖြစ်ကြောင်း၊ မည်သည့် ပါတီ အဖွဲ့အစည်းကမှ လမ်းညွှန်ချက် ပေး၍ မရကြောင်းလည်း ၎င်းက ပြောသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယ အင်အားအများကြီး အတိုက်အခံ ပါတီကြီးတရပ်အဖြစ် ဆက်လက် ရပ်တည်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading