သတင်း

NCA ထိုးနိုင်ရေး အစိုးရနှင့် KNPP သင်္ကြန်မတိုင်ခင် တရားဝင် ညှိနှိုင်းမည်

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား ယခုနှစ် ဧပြီလတွင် ကျရောက်မည့် အတာသင်္ကြန်မတိုင်မီ တရားဝင် ဆွေးနွေးပွဲ တရပ် ပြုလုပ်သွားရန် လျာထားကြောင်း သတင်းရရှိသည်။

KNPP နှင့် PC တို့၏ နှစ်ဘက် ကိုယ်စားလှယ်များအကြား တွေ့ဆုံညှိနှိုင်းမည့် တရားဝင် ဆွေးနွေးပွဲကို ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်တွင် ပြုလုပ်သွားရန် သဘောထား ချမှတ်ထားကြောင်း KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ဧရာဝတီသို့ ပြောသည်။

ခူညေးရယ် က “ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ကော်မတီမှာပါဝင်တဲ့ အဖွဲ့တွေ တွေ့ဆုံညှိနှိုင်းရမယ်။ ခန့်မှန်းချေကတော့ လကုန်ပြီး သင်္ကြန် မတိုင်ခင်မှာ ဖြစ်နိုင်မယ်။ အဲလိုယူဆတယ်။ ကျနော်တို့ ဆွေးနွေးမယ့် အချက်တွေနဲ့ပတ်သက်ပြီး တိုင်ပင် ညှိနှိုင်းပြီးမှ ရက်တွေကိုသတ်မှတ်မယ်။ အကြောင်းပြန်မယ်”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် KNPP ဘက်က ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲများတွင် သဘောတူညီထားသော အချက်များ ထဲက အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေသည့် တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် ဒေသဖွံ့ ဖြိုးရေး လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စနှင့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဆိုပြုချက် ၈ ချက် တို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNPP က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ က “သူတို့ အရင်တုန်းက Bilateral ထိုးတားတဲ့ ကိစ္စတွေအပေါ် နားလည်ပြီး ကူညီဆောင်ရွက်ပေးစေချင်တဲ့ ဆန္ဒရှိနေတာဖြစ်မယ်။ ဒါကိုလည်း အစိုးရဘက်က လုပ်ပေးသင့်ပါတယ်။ သင်္ကြန်မတိုင်ခင် တွေ့ဆုံမှုကတော့ ခန့်မှန်းထားကြတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုတွေ့ဆုံမှု၌ နှစ်ဘက် ညှိနှိုင်းမှုများ အဆင်ပြေပါက NCA လက်မှတ် ရေးထိုးနိုင်သည့် အခြေအနေတခုလည်း ဖြစ်လာနိုင်ကြောင်း KNPP ဘက်က ဆိုသည်။

ခူညေးရယ် က “အကယ်၍ ကျနော်တို့လိုချင်တဲ့ တောင်းဆိုမှုတွေကို သူတို့ လိုက်လျောမယ် ဆိုရင်တော့ ထိုးဖို့တော့ ရှိပါတယ်။ ဒါပေမယ့် လိုက်လျောတာတော့ မရှိဘူး။ အဲမျိုးဆိုတော့ ထိုးဖို့ မထိုးဖို့က ကျနော်တို့ ပြောလို့မရသေးဘူးပေါ့။ ဒါပေမယ့် ဒီတရားဝင် ဆွေးနွေးပွဲအပေါ်မှာလည်း အများကြီးမူတည်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) ဘက်ကမူ NCA လက်မှတ် ထိုးရေး၊ မထိုးရေးကိစ္စအပေါ်မှာသာ အဓိက ဦးစားပေး ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း PC နှင့် နီးစပ်သူတဦးက ပြောသည်။

KNPP က UNFC ၏ အဆိုပြုချက် ၈ ချက်ထဲမှ မကျေလည်သေးသော အချက် တချို့ကို ဆွေးနွေးလိုသော်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က NCA ကို ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က လက်မှတ်ထိုးသွားခြင်းကြောင့် အားလုံးအပြီးပြတ်သွား ပြီဟု PC ဘက်က နားလည်ထားကြောင်း သိရသည်။

ခူညေးရယ်က“အဲ (အချက် ၈ ချက်) ကိစ္စလည်း ပါမှာပါ ကျနော်တို့ ဆွေးနွေးတဲ့အခါ ဒါပေမယ့် သူတို့ကတော့ ဘယ်လို တုန့်ပြန်လာမလဲ မသိဘူး။ သူတို့ ပြောတာကတော့ ဥပမာ- စစ်တပ်ကိစ္စနဲ့ ပတ်သက်ပြီး JMC မှာဝင်ရောက် ဆွေးနွေးပါ။ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ရင် UPDJC မှာ ဝင်ရောက် ဆွေးနွေးပါလို့ အဲလိုပြောတယ်” ဟု ပြောသည်။

NCA လက်မှတ် ထိုးနိုင်ရေးအတွက် KNPP မှ ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် PC ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ယခုနှစ် မတ်လ လဆန်းပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို လွိုင်ကော်မြို့မှာကျင်းပသွားရန် ညှိနှိုင်းခဲ့ကြပြီးနောက် ဧပြီလ သင်္ကြန်မတိုင်ခင် တရားဝင် ဆွေးနွေးသွားရေး အကောင်အထည် ဖော်နေခြင်းဖြစ်သည်။

KNPP သည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၌ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ပဏာမ သဘောတူညီမှုများ ရရှိထားပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် NCA ထိုးနိုင်ရန် ညှိနှိုင်းနေခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading